ထိုင်းက အလိုရှိနေတဲ့ တရုတ်နိုင်ငံသား ၂ဦးကို မြန်မာရဲတပ်ဖွဲ့က ဖမ်းပြီး ထိုင်းနိုင်ငံကို ပြန်လွှဲပေး

တရုတ်နိုင်ငံသား ၂ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီ ၄ရက်နေ့မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပြောင်းပေး
ဓာတ်ပုံ ပုံစာ,

တရုတ်နိုင်ငံသား ၂ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီ ၄ရက်နေ့မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပြောင်းပေး

ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံတွင်း ထွက်ပြေးလာတယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၂ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဒီကနေ့ မတ်လ ၄ရက်နေ့မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

လူသတ်မှုအတွက် ထိုင်းကအလိုရှိသူ ၄ဦးထဲက ၂ဦးကို ဖမ်းမိထားပြီး ၂ဦးမှာ မြန်မာနိုင်ငံဘက်ကို မြဝတီ မြို့ကတဆင့် ဝင်ရောက်သွားခဲ့ကြောင်းသိရတဲ့အတွက် ထိုင်းဘက်ကနေ မြန်မာရဲတပ်ဖွဲ့ကို အကူအညီ တောင်းခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းက အလိုရှိနေသူဆိုသူ တရုတ်နိုင်ငံသား ၂ဦးကို ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မှာ ဖမ်းမိခဲ့ပြီးနောက် အခုလို ပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

'' သူတို့ကို ငွေဆောင်မှာတွေ့တာ ရခိုင်က ဂွမြို့ကို သွားဖို့ လှေငှားနေတာကိုတွေ့လို့ မသင်္ကာလို့ ဖမ်းပြီးထိန်းသိမ်းထားခဲ့တာ။မြန်မာပြည်မှာတော့ ပြစ်မှုကျုးလွန်ထားတာတော့မရှိဘူး။ ထိုင်းဘက်က အကူညီတောင်းထားလို့ ထိုင်းဘက်ကိုလွှဲပေးဖို့ မနေ့ကပဲ မြဝတီဘက်ကို သွားပို့ခဲ့တယ်။ ''လို့ ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။

အခုလွှဲပြောင်းပေးခဲ့သူတွေဟာ ထိုင်းနိုင်ငံ ပတ္တယားမှာ နေထိုင်တဲ့ လင်မယား ၂ဦးကို သတ်ပြီးနောက် အလောင်းတွေကို Kum phan phet ကမ်ဖင်န်ဖက်သ် ကို သယ်ဆောင်ပြီး ဖျောက်ဖျက်ခဲ့တဲ့အမှုမှာ ပါဝင်သူတွေအဖြစ် ထိုင်းနိုင်ငံဘက်က အလိုရှိနေသူတွေဟုတ်မဟုတ်ဆိုတာကိုတော့ ထိုင်းနိုင်ငံဘက်က စစ်ဆေးပြီးမှသာ သိရမှာဖြစ်တယ်လို့လည်း ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို လွှဲပြောင်းပေးခဲ့

'' ဒီနေ့ မြဝတီက တဆင့် မဲဆောက်ရဲစခန်းကို လွှဲလိုက်တာ။ ရဲစခန်းကနေ လူဝင်မှုကြီးကြပ်ရေးကိုပို့ပြီး စစ်တယ်။ တရားခံတွေကို မဲဆောက်လေဆိပ်ကနေ အလောင်းတွေရှိတဲ့နေရာကို ခေါ်သွားမယ်လို့ သိရ တယ်။ သရုပ်ပြတာတွေလုပ်ဖို့အတွက်။ အွန်လိုင်းက လောင်းကစားကိစ္စကြောင့် လင်မယား ၂ဦးလုံးကို သတ်လိုက်တာလို့ သိရတယ်'' လို့ မဲဆောက်မြို့မှာသတင်းသွားရောက်ရယူနေတဲ့ ဘီဘီစီသတင်းထောက် က ပြောပါတယ်။

အခုလို ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအကြား အလိုရှိနေတဲ့ တရားခံတွေကို နှစ်နိုင်ငံအကြား အပြန်အလှန် လွှဲပြောင်းပေးအပ်တာမျိုးတွေဟာ ယခင်ကလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၉ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံက အလိုရှိနေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာ လည်းရှိခဲ့ပါတယ်။