မြောက်ဦးအနီးတိုက်ပွဲကြောင့်အတန်းတင်စာမေးပွဲဖြေမယ့်ကျောင်းသားတွေထွက်ပြေး

ပန်းမြောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

တိုက်ပွဲဖြစ်တဲ့ ပိုးဖြူကျွန်းနဲ့ ပန်းမြောင်းကူးတို့ကူးတဲ့နေရာ

မြောက်ဦးမြို့အရှေ့ဘက် ၅ မိုင်ခန့် လေးမြို့မြစ်ကမ်းဘေး ပိုးဖြူကျွန်းကျေးရွာဆိပ်ကမ်းမှာ တပ်မတော် စစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အပြန်အလှန်တိုက်ပွဲကြောင့် အနီးမှာရှိတဲ့ ပန်းမြောင်းကျေးရွှာက အထကကျောင်းမှာ စာမေးပွဲဖြေဆိုဖို့ရောက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ ကြောက်ရွံ့ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၄ ရက်နေ့မနက်ပိုင်းမှာ မြောက်ဦးဘက်ကနေ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာဘက်ကို သွားတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုဟာ မနက် ၁၁ နာရီခန့်မှာ လေးမြို့မြစ်ကိုကူးတို့လှေနဲ့ဖြတ်ကူးစဉ် ရက္ခိုင့်တပ်တော် အေအေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ က ၁၅ မိနစ်လောက်သာကြာခဲ့ပေမယ့်၊ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပန်းမြောင်းကျေးရွာအတွင်းမှာရှိတဲ့ အောင်မင်္ဂလာဘုရားတောင်နဲ့ ၊ပန်းမြောင်းအရှေ့ဘက်မှာရှိတဲ့ တောင်ဖြူတောင် တပ်မတော်အမြောက်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပန်းမြောင်းကျေးရွက အထကကျောင်းမှာ စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသူကျောင်းသားတွေ ကြောက်ရွံ့ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

ဒီနေ့ဟာ ပန်းမြောင်းအထကမှာ အလယ်တန်းအဆင့်နဲ့ ကိုးတန်းကျောင်းသူ ကျောင်းသားတွေကို အတန်းတင်စာမေးပွဲ စတင်စစ်ဆေးတဲ့နေ့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့်စာစ်ဌာနအချို့ပိတ်

တိုက်ပွဲကြောင့် ကျောင်းသူကျောင်းသားတွေက ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ကြတဲ့အတွက် စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်ခဲ့ရတယ်လို့ ပန်းမြောင်းကျေးရွာက ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ ဦးမောင်ကျော်ဝင်းက ပြောပါတယ်။

"ကလေးတွေက စာမေးပွဲဖြေဆိုဖို့အတွက် အဆင်သင့်ဖြစ်နေကြပြီ။ လက်နက်ကြီးတွေနဲ့ ပစ်တော့ ကလေးတွေက ကြောက်ပြီး ထွက်ပြေးကြတာပေါ့။ "လို့ ကျောင်းသားမိဘဦးမောင်ကျော်ဝင်းက ပြောပါတယ်။

အခုလိုမျိုး ကလေးတွေ စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့အတွက် စာမေးပွဲမဖြေလိုက်ရတာကြောင့် နောက်ထပ် ဆက်လက်ဖြေဆိုခွင့်ရရှိမလားဆိုတာကို မသိရသေးသလို ၊ကလေးတွေရဲ့စာမေးပွဲတွေကို လွတ်လွတ်လပ်လပ် ဖြေဆိုခွင့်ရရှိစေချင်တယ်လို့ သူကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဓာတ်ပုံ ပုံစာ,

လေးမြို့မြစ်ဘေးက ပန်းမြောင်းကျေးရွှာ

မြောက်ဦး-ပိုးဖြူကျွန်းလမ်းဟာ တိုက်ပွဲကာလအတွင်း တပ်မတော်စစ်ကြောင်း တွေအသုံးပြုသွားလာနေတဲ့ လမ်းမတစ်ခုဖြစ်ပြီး ဒီနေ့ပိုးဖြူကျွန်းကူးတို့ဆိပ်အနီးတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် အနီးဝန်းကျင်က ကျေးရွာသားတွေက ဘေးလွှတ်ရာကိုထွက်ပြေးနေကြရတယ်လို့ ကျောက်တွင်းကုန်းကျေးရွာ ဆရာတော်က မိန့်ကြားပါတယ်။

ပိုးဖြူးကျွန်း၊ ကျောက်တွင်းကုန်းကျေးရွာတွေဘက်ကနေ ပန်းမြောင်းဘက်ကို သွာရောက်စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသားဦးရေ တစ်ရာကျော်လောက်ရှိနေပြီး ၊အဲ့ဒီကျောင်းသားတွေလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ထွက်ပြေးနေကြရတယ်လို့ ဆရာတော်ကမိန့်ပါတယ်။

အဲဒီနေရာမှာ ဒီနေ့တိုက်ပွဲဖြစ်ခဲ့တာကိုတော့ အေအေဘက် ကအတည်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

ပန်းမြောင်းအနီးတိုက်ပွဲတွေမကြာခဏဖြစ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

"တိုက်ပွဲတွေကိုတော့ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ မဖြစ်စေချင်ဘူး။ ဒေသခံတစ်ယေက်အနေနဲ့ ကျွန်တော်တို့ ခံစားနေရတာကတော့ မိမိနေရာမှာ ကျွန်တော်တို့ လုပ်စားနေတယ်။ ကလေးတွေပညာကောင်းကောင်းမသင်ရဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းမှုရစေချင်တာပေါ့။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး။ စီးပွားရေးတွေကို ကျွန်တော်တို့ပြည်သူတစ်ယောက်အေနနဲ့ လိုချင်ပါတယ်။"လို့ ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ နေ့လည် ၁၂ နာရီလောက်မှာ ပစ်ခတ်သံတွေရပ်နားသွားခဲ့ပြီး မွန်းလွဲပိုင်း ၃ နာရီ ကျော် လောက်ကစတင်ပြီး ပန်းမြောင်းရွာထဲမှာရှိတဲ့ အောင်မင်္ဂလာဘုရားတောင်ပေါ်ကနေ မြောက်ဦးဘက်ကမ်းကို ထပ်မံပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ပန်းမြောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် တောင်ပိုင်း မြောင်းဘွေကျေးရွာအနီးမှာ တပ်မတော်ကားတန်းတစ်ခု တိုက်ခိုက်ခံလိုက်ရပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတဲ့နောက်ပိုင်းမှာ အရပ်သားထိခိုက်မှုတွေရှိခဲ့သလို သေဆုံးသူအနည်းဆုံး ၁၀ ဦးခန့်ရှိခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၁၀၀ ကျော်ရှိလာနေပြီဖြစ်ကာ၊ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာလည်း ၁၂၀၀၀၀ ကျော်လာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတစ်လတည်းမှာ ရခိုင်တိုက်ပွဲအတွင်း သေဆုံးသူ အနည်းဆုံး ၁၉ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ပေါင်း ၅၃ ဦးထိရှိခဲ့တယ်လို့ အရပ်ဖက်စာရင်းဇယားတွေရသိရပါတယ်။