၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းထဲကဘယ်နှခု အတည်ဖြစ်လာနိုင်သလဲ

အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း ဦးဆောင်တင်သူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့မှာ လျှို့ဝှက်မဲပေးစနစ်နဲ့ အတည်ပြုဆုံးဖြတ်ဖို့စတင်ဆောင်ရွှက်မယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။
လွတ်တော်မှာ ၆ ရက်ကြာဆွေးနွေးမှုတွေအပြီးမှာ ပြင်ဆင်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အဆုံးအဖြတ်ကို ရယူမယ့် အစီအစဉ်တွေကို ပြောလိုက်တာပါ။
ပြည်ထောင်စုလွှတ်တော် နာယက က"ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နဲ့ သက်ဆိုင်တဲ့ ပုဒ်မခွဲ ၅၅ ခုပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယားကို အပိုင်း လေးပိုင်း ဆန္ဒမဲလက်မှတ် ၄ စောင်ခွဲခြားပြီး လည်းကောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခုပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယားကို အပိုင်း ၅ ပိုင်း ဆန္ဒမဲလက်မှတ် ၅ စောင် ခွဲခြားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စုစုပေါင်း ဆန္ဒမဲလက်မှတ် ၉ စောင်အတွက် ပါဝင်မယ်လို့ပြောပါတယ်။
ဆန္ဒမဲလက်မှတ် ၉စောင်ဆိုပေမယ့် ပုဒ်မစုစုပေါင်း၁၄၀ ကျော်ပါပြီးတော့ ပုဒ်မတခုခြင်းစီအတွက် ဆန္ဒမဲပေးလို့ရတဲ့ အကွက်တွေထည့်ထားတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw
အခြေခံဥပဒေပြင်ရေး ဆွေးနွေးမှုတွေမှာ နာယကကို စွပ်စွဲပြောဆိုတာတွေရှိ
ပြင်ဆင်တဲ့ဥပဒေကြမ်းတွေကို အတည်ပြုဖို့ မဲပေးတာကိုးကြိမ်ဆိုပေမယ့် ပုဒ်မ ၁၄၀ ကျော် အတွက်ပုဒ်မတစ်ခုခြင်းစီမဲတွေကိုရေတွက်ဖို့ ရာမှာ တစ်ရက်တည်းပြီးဖို့အခက်အခဲရှိနိုင်တယ်လို့လွှတ်တော်ကိုယ်စားလှယ်အချို့ကယူဆနေကြပါတယ်။
ပြင်ဆင်တဲ့ဥပဒေကြမ်းတွေကို အဆုံးအဖြတ် ရယူရာမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ တွေ ရွေးချယ်တင်မြောက်ပွဲကျင်းပတဲ့ပုံစံကို အခြေခံပြီး ဆန္ဒမဲလက်မှတ်နဲ့ လျှို့ဝှက်ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လွှတ်တော်နာယက ဦးတီခွန်မြတ် က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွဆီက သတင်းအရဆိုရင် တော့စက်ခလုတ်နဲ့ မဲပေးရမှာမဟုတ်ဘဲ စက္ကူပေါ်ကနေပဲပေးရမယ်လို့သိရပါတယ်။မတ်လ နောက်ဆုံးပတ်လောက်အထိ လွှတ်တော်မှာမဲခွဲမှုတွရှိနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။
"ပုဒ်မ တစ်ခုခြင်းဆီအလိုက် ပေးထားတဲ့ အကွက် မှာ ထောက်ခံရင် အမှန် ၊ကန့်ကွက်ရင် အမှားပေးရမယ်။ပုဒ်မတွေကို မဲပေးရလွယ်ကူအောင် အပိုင်းလိုက်လုပ်တယ် ပုဒ်မ တစ်ခုခြင်းစီ မဲပေးလို့ရတယ်" လို့လည်းဦးစိုင်းသီဟကျော်ကပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw
တပ်နဲ့ အဓိကဆက်စပ်နေတဲ့ ပုဒ်မတွေကို မပြင်ဘဲ မူလအတိုင်းသာထားရှိဖို့ ဆွေးနွေးခဲ့ကြ
"လွှတ်တော်မှာမဲခွဲရင် အခြားအဆုံးအဖြတ်မဲပေးတဲ့ပုံစံနဲ့ တူမှာမဟုတ်ဘဲ အနည်းဆုံး၇၅ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမဲ ရမှာသာ ပြင်ဆင်ချက်ကို အတည်ပြုမှာဖြစ်ပါတယ်"လို့ ဦးစိုင်းသီဟကျော် ကပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက်ဆို ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၃၆ (ခ) ဆိုတဲ့ အဓိကကျတဲ့ပုဒ်မ နှစ်ခုရှိပါတယ်။ ပုဒ်မ ၄၃၆ (က) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင် နှုန်းကျော်က ထောက်ခံရင်တောင်မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရပါမယ်။
အဲဒီလို ဆန္ဒခံယူပွဲ လုပ်ရင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမဲပေးမှသာ ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။
အဲဒီနည်းနဲ့ပြင်မှာက ပုဒ်မ ၅၅ ခုဖြစ်ပြီးဆန္ဒမဲ လက်မှတ် ၄ စောင်ပေးရမှာပါ။
ဒီနည်းကအင်မတန်ခက်ခဲပါတယ် ၊အဲဒီလိုနည်းနဲ့ပြင်ရမယ့်အထဲမှာ နာမည်ကျော် ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ၅၉ တို့ ပုဒ်မ ၄၃၆ တို့ပါဝင်နေပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Pyihtaungsu hlutaww
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့အခြေခံဥပဒေပြင်ဆင်ရေးဟာ ဥပဒေမညီဘူးလို့တပ်ကပြောခဲ့
နောက်တစ်နည်း၊ ပုဒ်မ ၄၃၆ (ခ) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရင် ပြင်ဆင်နိုင်တဲ့ အကျုံးဝင်ပုဒ်မများပဲဖြစ်ပါတယ်။
ဒါကတော့တပ်ကထောက်ခံမှပဲပြင်လို့ရမှာပါ။
ဒီနေ့ လွတ်တော်ထဲက ဆွေးနွေးမှုတွေမှာ တပ်ကိုယ်စားလှယ်တွေနဲ့ အာဏာရပါတီ ဟာသဘောထားကွဲလွဲမှုတွေကိုထင်ထင်ရှားရှားတွေ့ရတဲ့ အတွက်ဖြစ်နိုင်ခြေနည်းတယ်လို့ လည်းဦးစိုင်းသီဟကျော်ကပြောပါတယ် ။
အဆုံးအဖြတ်ရယူတဲ့မဲပေးမှု အစီအစဉ်မှာ လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့ ၈ ဖွဲ့ရဲ့ ဆောင်ရွက်မှုအပေါ် တစ်ဖွဲ့ကို လေးဦးနှုန်းနဲ့ ကြီးကြပ်စောင့် ကြည့်နိုင်ဖို့ ကိုယ်စားလှယ် ၃၂ ဦးရဲ့ အမည်စာရင်းကို နိုင်ငံရေးပါတီ၊ အစုအဖွဲ့အလိုက် တောင်းခံထား ပြီး အန်အယ်လ်ဒီပါတီက ၁၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ ကြံ့ခိုင်ရေးပါတီက ၅ ဦး၊ ရခိုင်အမျိုးသားပါတီ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၂ ဦး၊ တအာင်းပလောင် အမျိုးသားပါတီ ၁ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီက ၁ ဦးတို့ ပါဝင်တယ်လို့လွှတ်တော်နာယက ဦးတီခွန်မြတ် က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ရခက်ခဲ့တဲ့ ဥပဒေဖြစ်သလို၊ လက်တွေ့မှာပြင်ဆင်ရေးမှာလည်း လွတ်တော်အတွင်းပွတ်တိုက်မှုတွေကြောင့် ဥပဒေကြမ်း တွေဟာ ပြင်ဆင်နိုင်ပြီး အတည်ဖြစ်လာဖို့ကအတော့်ကို မျှော့်လင်ချက်နည်းပါတယ်။
ကျွန်တော်တို့ကိုပေးထားတဲ့စာရင်းအချုပ်မှာတော့ သဘောထားတူတဲ့ပုဒ်မ က တစ်ခုနှစ်ခုလောက်ဘဲရှိတယ်လို့ ဦးစိုင်းသီဟကျော်ကပြောပါတယ်။
သူပြောတဲပုဒ်မ က ပုဒ်မ၂၆၁ က ပုဒ်မခွဲငယ် ၁ ဖြစ်ပါတယ်။ ပုဒ်မ၂၆၂ က ပုဒ်မခွဲငယ် ၁ ကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်အတွက် အရည်အချင်း သတ်မှတ်ချက်ဖြစ်ပါတယ်။
"ဗိုလ်မှုးချုပ်အောင်ဆန်းချစ်တင်ထားတာနဲ့ ဦးထွန်းအောင်တင်ထားတာသွားတူနေတယ် ၊ဒီတော့အဲဒီတစ်ခုက တော့ အတည်ဖြစ်သွားနိုင်တယ်"လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ပြောပါတယ်။