ဖွဲ့စည်းပုံအခြေခံဥပဒေ- မြန်မာလွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ရေး မှတ်မှတ်သားသား ဆွေးနွေးချက်များ

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးလုံးက အန်အယ်လ်ဒီပြင်တဲ့အချက်တွေကို ကန့်ကွက်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးလုံးက အန်အယ်လ်ဒီပြင်တဲ့အချက်တွေကို ကန့်ကွက်ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေပါပြီ။ ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၅ ရက်ထိ ရုံးဖွင့်ရက် စုစုပေါင်း ၇ ရက်မှာ ဆွေးနွေးသွားတာပါ။ ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမူကြမ်း ၇ ခု ကို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးဆွေးနွေးကြတဲ့အထဲ ငြင်းခုံတာ၊ အပြန်အလှန် ကန့်ကွက်တာတွေလည်း သောသောညံခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဖေ့စ်ဘုတ်စာမျက်နှာကနေ ဆွေးနွေးချက် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ချက်တွေမှာ ကြည့်ရှုနှုန်းမြင့်တက်ခဲ့ပြီး ဝင်ရောက် မှတ်ချက်ပြုရေးသားကြတဲ့ ကွန်းမန့်ပေါင်းလည်း ထောင်နဲ့ ချီရှိခဲ့တာပါ။ ဒါကို ကြည့်ရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စိတ်ဝင်တစားရှိကြတာ အထင်အရှားပါပဲ။

အဲဒီလို ဆွေးနွေးကြတဲ့အထဲက မှတ်မှတ်သားသား ရှိသွားတဲ့ ဆွေးနွေးချက်တချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

ဦးပူဂင့်ကမ်းလျန်(ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဦးပူဂင့်ကမ်းလျန်

ကျွန်တော်တောင်ပေါ်သားတစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်းတိုက်ရိုက်ပြောမယ်ဆိုရင် ၄၃၆ ပြင်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်များက အဓိက ဖြစ်ပါတယ်။ ၄၃၆ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုတာ တပ်မတော်သားများပြောခဲ့သလို တစ်ချိန်တုန်းက တိုင်းပြည်ကိုကယ်တင်ကြသလို အခုလည်း ဆက်လက်ကယ်တင်ကြပါလို့ ကျွန်တော် အနူးအညွတ်တောင်းပန်လိုပါတယ်။ အခု ကယ်တင်ရမယ့်အလုပ်ကတော့ သိပ်အပန်းမကြီးဘူး။ သေနတ်ဖောက်စရာလည်း မလိုဘူး။ အသက်ပေးစရာမလိုဘူး။ ဦးထွန်းထွန်းဟိန် တင်ပြတဲ့အချက်ကို ဘောပင်လေးနဲ့ အမှန်လေးခြစ်ပေးလိုက်ရင် ကျွန်တော်တို့ ခဏလေး ပြီးသွားမယ့်ကိစ္စ ဖြစ်ပါတယ်။

ဗိုလ်ကြီးအေးသဉ္ဇာကျော်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဗိုလ်ကြီးအေးသဉ္ဇာကျော်

ဘယ်လောက်ပဲ အသက်သွေးချွေးတွေနဲ့ ရင်းနှီးပေးဆပ်ပြီး စေတနာထား လုပ်ပေးပေး၊ Negative view(အဆိုးမြင်) နဲ့ ကြည့်နေရင်တော့ ဘယ်တော့မှ အကောင်းမြင်နိုင်မှာ မဟုတ်ပါဘူး။ အကူအညီပေးဖို့ ကမ်းတဲ့လက်ကို ဒုက္ခပေးဖို့ ကမ်းတဲ့လက်လို့ ထင်ခဲ့တဲ့သူဟာ မြန်မာ့သမိုင်းမှာ စောလူးမင်းအပြင် နောက်ထပ် မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံး လင်းပါစေတော့၊ အမြင်ရှင်းပါစေတော့၊ အမှောင်ခွင်းပါစေတော့ ဆိုပြီး ထွန်းလင်းပေးလိုက်တာပါ။ ဒါကို မီးစင်ကြည့်ကနေရပါတယ်၊ မလိုအပ်တော့ဘူး၊ မလွတ်လပ်ဘူး၊ မမျှတဘူး၊ မတရားဘူး လို့ ခံယူထားရင်တော့ မီးစင်ကို အထူးအခွင့်အရေးရနေတယ်လို့ ထင်နေ၊ ပြောနေကြဦးမှာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး ညီညီလွင်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဒုတိယဗိုလ်မှူးကြီး ညီညီလွင်

နာယကကြီးခင်ဗျား။ ဟောဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့တာပါလဲ။ နာယကကြီးခင်ဗျား။ ဟောဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့တာပါလဲ။ ခမ်းနားကြီးကျယ်ပါသလား။ ဒီအဆောက်အအုံကြီးထဲမှာ ပါတီပေါင်းစုံဆွေးနွေးနေကြတာဟာ ဒီမိုကရေစီအတိုင်း သွားနေကြတာပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ ဒီမိုကရေစီခရီး လျှောက်လှမ်းနိုင်အောင် တပ်မတော်က တည်ဆောက်ပေးခဲ့တာပါ။ ဒီမိုကရေစီကို သွားချင်လို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ အေးအေးချမ်းချမ်း၊ ခမ်းခမ်းနားနားဖြစ်အောင်လို့ တည်ဆောက်ပေးခဲ့တာ သက်သေပါပဲ။

မိကွန်ချမ်း(အန်အယ်လ်ဒီအမတ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

မိကွန်ချမ်း

တိုင်းတစ်ပါးမှ လွှမ်းမိုးခံရမှာ စိုးရိမ်လို့ ဒီဥပဒေ(ပုဒ်မ ၅၉-စ) ကို ထည့်သွင်းတယ်ဆိုတာလည်း မဖြစ်သင့်ပါဘူး။ မိမိတို့ညံ့လို့ တိုင်းတစ်ပါးရဲ့ လွှမ်းမိုးခံရတာ ဖြစ်ပါတယ်။ မိမိတို့သာ အရည်အချင်းရှိလျှင် တိုင်းတစ်ပါးကိုတောင် ခိုင်းစားလို့ ရပါတယ်။ သမ္မတစနစ် ကျင့်သုံးမယ့် ဒီမိုကရေစီ ခေတ်မှာတော့ သမ္မတသည် (၅) နှစ် တစ်ကြိမ်သာ ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် ဒီပုဒ်မကို ဆက်လက်ထားဖို့ မလိုတော့ပါဘူး။

ဦးတင်အေး (ပြည်ခိုင်ဖြိုးအမတ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဦးတင်အေး

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံ့အကြီးအကဲ မဖြစ်တာနဲ့ ဒီပုဒ်မ(၅၉-စ ကို ဆိုလို) ကြောင့်ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင်၊ ရမယ်ရှာ၊ လက်ညှိုးထိုး ဝေဖန်ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှ စိတ်မကောင်း ဖြစ်မိပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

နာယက ဦးတီခွန်မြတ်

"ဗိုလ်ချုပ်၊ ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအရာတွေ မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်။"

ဦးနေလင်းအောင်(အန်အယ်လ်ဒီအမတ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဦးနေလင်းအောင်

မွှေးသာမွှေးပါစေ ပန်ကြပါလိမ့်မယ်ဆိုတဲ့အတိုင်း ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့အခြေခံဥပဒေကိုသာ ရေးဆွဲလိုက်ပါ။ ပြည်သူကိုမျက်နှာမူတဲ့ အခြေခံ ဥပဒေကိုသာ ပြင်ဆင်ရေးဆွဲလိုက်ပါ။ ပြည်သူကိုမချစ်ပါနဲ့၊ မချစ်ပါနဲ့ ကြိုက်သလောက် တားနေရင်လည်း ပြည်သူက သူ့အလိုလို ပို၍ပို၍ ချစ်လာ ပါလိမ့်မယ်။

ဦးမောင်မြင့်(ပြည်ခိုင်ဖြိုးအမတ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဦးမောင်မြင့်

နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၏အရည်အချင်းတွေထဲမှာ အသက် (၇၀) ထက်မကျော်စေရန်ဟု ဖြည့်စွက်လိုပါတယ်။ သူငယ်ပြန်တတ်တဲ့ အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီး ကမောက်ကမ မဖြစ်စေရန်အတွက် ဖြစ်ပါတယ်။

ဒေါ်ယဉ်မင်းလှိုင် (အန်အယ်လ်ဒီအမတ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဒေါ်ယဉ်မင်းလှိုင်

ကျွန်မတို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတရဲ့ အရည်အချင်း သတ်မှတ်ချက်ဟာ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပြဋ္ဌာန်းထားချက်နဲ့ သဘောတရားရော အနှစ်သာရပါ လုံးဝကိုမတူပါဘူး။ ၁၉၄၇ မှာက နိုင်ငံတော်သမ္မတနဲ့ သူ့မိဘနှစ်ပါးကိုသာ အထက်မျိုးဆက်ကိုသာ အဓိကရည်ရွယ်ပြဋ္ဌာန်း ထားတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ မိဘတွေတင်မက သမ္မတလောင်းလျာရဲ့ ဇနီး မယားခင်ပွန်း လင်ယောက်ျားအပြင် သားသမီးများနဲ့ ၎င်းသားသမီးများရဲ့ ဇနီး မယားလင်ယောက်ျားတွေ အထိ အောက်မျိုးဆက်တွေအထိ အကျုံးဝင်သက်ဆိုင်နေတာတွေ့ရပါတယ်။ ဒီလိုသတ်မှတ်ချက်မျိုး ကမ္ဘာ့ ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ မတွေ့ရပါဘူး။

ဦးဝေစိန်အောင်(ရခိုင်အမတ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဦးဝေစိန်အောင်

ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း ထောက်ခံရင်တောင်မှ လိုအပ်တဲ့ ၇၅ ရာခိုင်နှုန်းကို ကျော်နိုင်ဖို့ အကြောင်းတရား မရှိပါဘူး။ တပ်မတော် သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကြောင့် တပ်မတော်နဲ့ ညှိုနှိုင်းမရခဲ့ရင် လုံးဝ ပြင်လို့မရနိုင်တဲ့အခြေအနေ ရှိပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် - လွှတ်တော်ထဲ Mask တွေ ဘာကြောင့်တပ်)

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

ဗိုလ်မှူးချုပ်မောင်မောင်

အခုလက်ရှိလည်း ရောဂါနဲ့ပတ်သက်ပြီးတော့ ဟိုနေရာတွေ့၊ ဒီနေရာတွေ့လို ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ကြိုတင်ကာကွယ်တာပေါ့။ လွှတ်တော်ကတော့ ဒါ လူအများကြီး ခန်းမထဲမှာရှိနေတာ။ ဒါကြောင့် ကျွန်တော်တို့က ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျွန်တော် တို့တပ်မတော်သားတွေက အကုန်လုံးက Mask (နှာခေါင်းစည်း) တွေ တပ်ထားတာဖြစ်ပါတယ်။ လူစုလူဝေးနဲ့ရှိနေတဲ့အချိန်မှာ ဖြစ်လာမှာစိုးလို့ တပ်ထားတာဖြစ်ပါတယ်။