သံသယလူနာတစ်ဦးသေဆုံးခဲ့ပေမယ့် ဆေးစစ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူမဟုတ်လို့ဆို စတဲ့ မနက်ခင်းသတင်းများ

နယ်စပ်ဒေသတွေမှာလည်း အဝင်အထွက်ကို ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးတာတွေလုပ်ဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, Ministry of Health and Sports, Myanmar

ဓာတ်ပုံ ပုံစာ,

နယ်စပ်ဒေသတွေမှာလည်း အဝင်အထွက်ကို ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးတာတွေလုပ်ဆောင်နေ

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးသေဆုံးတာရှိပေမယ့် ဆေးစစ်ချက်အရ ရောဂါပိုး ကူးစက် ခံထားရသူမဟုတ်လို့ဆို

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်နေတဲ့ အသက် ၆၈ နှစ်အရွယ်အမျိုးသမီးကြီး တဦးဟာ မန္တလေးကန်တော်နဒီဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့စောင့်ကြည့်နေတုံးကွယ်လွန်သွားတာဖြစ်လို့ လူထုအကြား စိုးရိမ်ပူပန်မှု တွေမြင့်တက်နေစဉ်မှာပဲ ကျန်းမာရေးဝန်ကြီးဌာနကနေ အဆိုပါလူနာကို ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာမရှိဘူးလို့ မတ် ၆ ရက် ညပိုင်းမှာ ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တကမ္ဘာလုံးကူးစက်ခံရသူ တစ်သိန်းရှိသွားပြီဖြစ်သလို သေဆုံးသူဦးရေကလည်း ၃ထောင်ကျော်အထိရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REC

ဓာတ်ပုံ ပုံစာ,

ရခိုင်စစ်ရှောင်ပေါင်း ၁သိန်း၂သောင်းကျော်ရှိလာ

တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်တစ်လျှောက်က ရခိုင်ကျေးရွာပေါင်း ၂၀ ကျော် ရိက္ခာပြတ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မြောက်ပိုင်းက ကုလားတန်မြစ် တလျှောက်မှာရှိတဲ့ ရခိုင်ကျေးရွာပေါင်း ၂၀ လောက်ဟာ တိုက်ပွဲကြားထဲမှာ ဘယ်ကိုမှ သွားလာလို့ မရဖြစ်နေပြီး ရိက္ခာတွေ ပြတ်လပ်ကာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျေးရွာ ၂၀ လောက်ဟာ တိုက်ပွဲကြားပိတ်မိနေပြီး ကုန်လမ်းရော၊ ရေလမ်းပါ ကျောက်တော်မြို့နဲ့ အဆက် အသွယ်ပြတ်တောက်နေတဲ့ ရိက္ခာတွေပြတ်လပ်ကာ အထူး ဒုက္ခရောက်နေကြရတယ်လို့ ပြောပါတယ်။

တပ်မတော်သားတွေက သူတို့ နေရာယူထားတဲ တောင်ကုန်းကနေ လူတွေကို မြင်ရင် သေနတ်နဲ့ လှမ်းပစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ အပြင်မထွက်ရဲဘဲ အခက်အခဲ ဖြစ်နေတယ်လို့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ လောင်းရှည်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးက ဘီဘီစီကိုပြောပြပါတယ်။

အဲဒီအနီးမှာ တည်ရှိတဲ့ ပြိုင်းတိုင်းရွာကို ဆက်သွယ်ကြည့်တော့ သူတို့ ကြုံတွေ့နေရတာကို ရွာခံ အမျိုးသမီးတစ်ဦးပြောတာက

'' မရှိဆင်းရဲသားတွေ ထမင်းငတ်နေပြီ။ ဘယ်ကိုမသွားရဘူး၊ တောင်ကျော်သွားရင်လည်း လက်နက်ကြီးနဲ့ ပစ်သလို လေယာဉ်တွေနဲ့လည်း အားကြီးချတယ်၊ ရွာသားတွေ ထွက်ပေါက်မရ ဖြစ်နေပြီး မြေကြီးမှာ ကျင်းတူးပြီးနေရတယ်'' လို့ သူတို့ကြုံတွေ့နေရတဲ့အခြေအနေကိုပြောပြပါတယ်။

ပြိုင်းတိုင်း၊ လောင်းရှည်၊ ကွမ်းစွဲ၊ တင်းမ၊ မီးဝ၊ ပြိုင်းတိုင်း၊ မွန်ထောင့်၊ ကျော်ရွှီပင်၊ မုန့်သန်းပြင်၊ ကျောက်တန်းစတဲ့ ကျေးရွာတွေက နေထိုင်သူတွေအနေနဲ့ အခက်ကြုံနေကြရတာဖြစ်ပါတယ်။

အဲဒီကျေးရွာတွေ အနီးက တောင်တန်းတွေကိုဒီရက်ပိုင်းထဲမှာ တပ်မတော်က ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လေးကြိမ်လောက်ထိ ဝဲပျံတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေတွေကြောင့် အထောက်အပံ့ပေးနေတဲ့ အန်ဂျီအိုတွေလည်း အဲဒီဒေသကို သွားရောက်ဖို့ ခက်ခဲသလို ရွာသားတွေလည်း ရွာထဲကနေ ရွာပြင်ကို မထွက်နိုင်တာကြောင့် များမကြာမီ အခြေအနေက ဒီထက် ပိုဆိုးရွာလာနိုင်ပြီး လူထုတွေ မလွဲမသွေ အငတ်ဘေး ကျရောက်နိုင်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BUDA MENDES

ဓာတ်ပုံ ပုံစာ,

ပတ်စပို့အတုကို အသုံးပြုပြီး ဝင်ရောက်ဖို့ကြိုးစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထိန်းသိမ်းခံထားရ

ဘရာဇီး ဘောလုံးကစားသမားဟောင်း ရိုနယ်ဒင်ဟို ပါရာဂွေးနိုင်ငံမှာ ထိန်းသိမ်းခံထားရ

ဘရာဇီး ဘောလုံးကစားသမားဟောင်းတစ်ဦးဖြစ်သူ ရော်နယ်ဒင်ဟိုနဲ့ သူ့ရဲ့အကိုဖြစ်သူတို့ဟာ ပတ်စပို့အတုကို အသုံးပြုပြီး ဝင်ရောက်ဖို့ကြိုးစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပါရာဂွေးနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က အဖမ်းခံခဲ့ရပါတယ်။

အစိုးရရှေ့နေကတော့ သူတို့ဟာ ဗုဒ္ဓဟူးနေ့က ပါရာဂွေးနိုင်ငံရဲ့ Asuncion မြို့တော်ကို ရောက်တဲ့အခါမှာ စာရွက်စာတမ်းအမှားတွေကိုပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ကို စုံစမ်းမေးမြန်းဖို့ ခေါ်ယူထိန်းသိမ်းထးာပြီး သူတို့တည်းတဲ့ဟိုတယ်ကိုလည်း ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

ရိုနယ်ဒင်ဟိုကတော့ သူတို့အမှားလုပ်ထားတာမျိုးမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရိုနယ်ဒင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဇူလိုင်လတုံးကလည်း အခွန်မဆောင်မှု၊ ဘရာဇီးနိုင်ငံတွင်းမှာ တရား မဝင် ဝယ်ယူခဲ့တဲ့ အဆောက်အဆောက်အဦအတွက် သတ်မှတ်ဒဏ်ကြေးငွေပေးဆောင်ဖို့ ပျက်ကွက် မှုတွေကြောင့် သူ့ရဲ့ ဘရာဇီးနဲ့ စပိန်နိုင်ငံကူးလက်မှတ်တွေကို သိမ်းယူခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ကိုဗစ် -၁၉ ကြောင့်သေဆုံးသူအရေအတွက် ၁၉၇ဦးထိရှိလာ

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀နီးပါးထိရှိလာ

အီတလီနိုင်ငံမှာ ကိုဗစ် -၁၉ ကြောင့်သေဆုံးသူအရေအတွက် ၁၉၇ဦးထိရှိလာပြီး သေဆုံးနှုန်းကလည်း နေ့စဉ်မြှင့်တက်နေပါတယ်။

အာဏာပိုင်တွေကတော့ ၂၄နာရီအတွင်းမှာပဲ သေဆုံးသူ ၄၉ ဦးရှိခဲ့ပြီး ကူးစက်ခံထားရသူပေါင်း ၄၆၀၀ ကျော်ရှိလာပြီလို့လည်း ဆိုပါတယ်။

အီတလီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဒီအခြေအနေဟာ ဒီဇင်ဘာလကနေ ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ဖြစ်ပွား ခဲ့ရာကနေ အခုထိဆိုရင် တရုတ်နိုင်ငံပြင်ပမှာ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း တစ်သိန်းရှိသွားပြီလို့ ပြောပါတယ်။

သေဆုံးသူ ၃၀၀၀ ကျော်အထိရှိနေပြီး အများစုကတော့တရုတ်နိုင်ငံတွင်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။