ကိုရိုနာ သံသယနဲ့ စောင့်ကြည့် လူနာ ၃ ဦး သေဆုံးတဲ့အထဲ တစ်ဦးမှာ ရောဂါပိုး မတွေ့၊ ကျန် ၂ ဦးအဖြေ စစ်ဆေးနေဆဲ

ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ မတ် ၇ ရက်နေ့အထိ မရှိသေး

ဓာတ်ပုံ ရင်းမြစ်, Ministry of Health and Sports, Myanmar

ဓာတ်ပုံ ပုံစာ,

ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ မတ် ၇ ရက်နေ့အထိ မရှိသေး

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ တစ်ဦးနဲ့ စောင့်ကြည့်လူနာ ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးထားပြီး ၂ ဦးရဲ့ အဖြေကို စောင့်နေဆဲ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူ ၃ ဦးဟာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် ရပ်စောက် မြို့နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ် သတ်မှတ် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံက စောင့်ကြည့်လူနာ ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်က အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။

"စောင့်ကြည့်လူနာ ဖြစ်တဲ့ မန္တလေးက သေဆုံးသွားတဲ့ အမျိုးသမီးမှာတော့ ပိုးမတွေ့ဘူး ဆိုတာ မနေ့ညက အဖြေထွက်ပါတယ်။ ကျန်တဲ့နှစ်ဦးကတော့ အဖြေမသိရသေးပါဘူး။ NHLမှာ စစ်နေတုံးပါ" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

သံသယလူနာကို အများအားဖြင့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာရယူပြီးစစ်ဆေးတာကို လုပ်ဆောင်လေ့ ရှိပေမယ့်လည်း တခါတရံမှာတော့ ဓာတ်ခွဲနမူနာရယူဖို့ အဆင်မပြေတဲ့အခြေအနေတွေလည်းရှိတဲ့အတွက် ကြန့်ကြာတာမျိုးတွေလည်းရှိတယ်လို့ သူမက ထပ်မံဖြည့်စွက် ပြောပြပါတယ်။

" ပုံမှန်အားဖြင့်တော့ သံသယလူနာကို ဓာတ်ခွဲခန်းပို့ရင် ၂၄ နာရီအတွင်း အဖြေသိရလေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ ၂ ခါ စစ်တာမျိုးရှိပါတယ်။ ဥပမာ - စင်ကာပူက ရောဂါပိုး ကူးခံထားရသူနဲ့ close contact ရှိသူ ဖြစ်တဲ့ ကျောက်ပန်းတောင်းက ဆေးရုံမှာ စောင့်ကြည့်လူနာဆိုရင် ပထမတစ်ခါ နဂ္ဂတစ် ဖြစ်ပြီးပါပြီ။ ၃ ရက်အကြာမှာ နောက်ထပ် ပြန်စစ်ပါတယ်။ အဲ့လို ၂ ခါ ပြန်စစ်တာရှိပါတယ်။ တချို့တွေကိုလည်း ၂ ခါ ပြန် စစ်တာတွေရှိပါတယ်" လို့ လည်း ဒေါက်တာခင်ခင်ကြီးက မြန်မာနိုင်ငံမှာ စစ်ဆေးဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း ရှိမရှိကို အရင်က ထိုင်းနိုင်ငံက ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးခဲ့ ရပေမယ့်လည်း ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး မြန်မာနိုင်ငံမှာပဲ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကိုဗစ် - ၁၉ အမည်ရ ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် တစ်ကမ္ဘာလုံးမှာ ကူးစက်ခံထားရသူ တစ်သိန်း ကျော်ရှိလာပြီဖြစ်သလို သေဆုံးသူ သုံးထောင်ကျော်အထိ ရှိပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံထိ ရှိလာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မတ် ၇ ရက်နေ့အထိ ဓတ်ခွဲအတည်ပြု စစ်ဆေးချက်တွေအရ ပိုးတွေ့ရှိသူ မရှိသေးပါဘူး။