မိုးကုတ်က ပြိုကျကျောက်တွင်းထဲ ပိတ်မိသူနှစ်ဦး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းခရီးစဉ်အပါအဝင် မနက်ခင်းထိပ်တန်းသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်လကျော်အတွင်း တိုင်းရင်းသားဒေသ လေးခုထက်မနည်း သွားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Counselor

ဓာတ်ပုံ ပုံစာ,

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်လကျော်အတွင်း တိုင်းရင်းသားဒေသ လေးခုထက်မနည်း သွားထားပါတယ်။

(၁) ၁၇နှစ်ကြာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းခရီးစဉ် စီစဉ်နေ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ လာမယ့် မတ်လ ၁၁ ရက်မှာ လူထုတွေ့ဆုံပွဲပြုလုပ်ဖို့ စီစဉ်နေပါတယ်။

"စီစဉ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော်အမတ်တွေကတော့ ကိုယ့်နိုင်ငံခေါင်းဆောင်ကို ကြိုဆိုဖို့ ပူးပေါင်းတဲ့ဆောင်ရွက် ရှိပါတယ်။ လူထုဆီက မေးခွန်းတွေမေးဖို့ကတော့ မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကြိုတင်စုစည်းပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တွေ့ဆုံပွဲတွေမှာလုပ်တဲ့အတိုင်း မဲနှိုက်ပြီး မေးတာမျိုး တွေ့ဆုံပွဲလုပ်တဲ့နေ့မှာ လုပ်မယ်လို့ သိရပါတယ်" လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ဆိုပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကာကွယ်ဖို့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေမလုပ်ဖို့နဲ့ လူထူထပ်တဲ့နေရာတွေရှောင်ရှားဖို့၊ မဖြစ်မနေ ပွဲလမ်းသဘင်လုပ်မယ်ဆိုရင်လည်း အစိုးရက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ဆိုပြီး ညွှန်ကြားထားပါတယ်။

ဒါနဲ့ဆက်စပ်လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေ စီစဉ်နေတာနဲ့ပတ်သက်ပြီး ဝေဖန်တာတွေရှိနေတဲ့အပေါ်မှာတော့ ဘာမှ မှတ်ချက်ပြုစရာမရှိဘူးလို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက ကြည်ရွာက မြန်မာ့နိုင်ငံရေးမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း အဲဒီရွာအရောက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ၊ ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေဟာ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်ခဲ့ပေမယ့် နေအိမ်ပြန်ပို့ခံရပြီး အကျယ်ချုပ်ထပ်မံကျခံခဲ့ရပါတယ်။

အန်အယ်လ်ဒီရဲ့လက်ရှိနာယက ဦးတင်ဦးဆို ဒဏ်ရာတွေရအောင် ရိုက်နှက်ခံခဲ့ရပြီး သေဆုံးသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အကျယ်ချုပ်ကာလရှည်ကို အတူဖြတ်သန်းခဲ့သူ ဒေါ်ခင်ခင်ဝင်းရဲ့ "ရေဆန်လမ်းက အပြန်" စာအုပ်မှာ ရေးသားထားပါတယ်။

အဲဒီ ဒီပဲယင်းအရေးအခင်းဖြစ်ခဲ့တဲ့ မေ ၃၀ မှာ အောက်မေ့ဘွယ်နှစ်ပတ်လည်အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေကို အန်အယ်လ်ဒီက ဦးဆောင်ပြီး လုပ်လေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Counselor

ဓာတ်ပုံ ပုံစာ,

ဒီပဲယင်းအပြင် ရွှေဘိုမှာလည်း လူထုတွေ့ဆုံပွဲလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

အခုတော့ အဲဒီတိုက်ခိုက်ခံရမှုဖြစ်အပြီး ၁၇ နှစ်နီးပါး ရှိလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကို ပထမဆုံးအကြိမ် ပြန်ခြေချဖြစ်တော့မှာဖြစ် ပါတယ်။

ဒါကြောင့်လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီပဲယင်းမြို့ခံတစ်ဦးလည်းဖြစ်တဲ့ ဦးမိုးမင်းဝင်းကို မေးကြည့်တဲ့အခါ

"ဒါက ကျွန်တော်တို့မှတ်ချက်မပေးလိုပါဘူး။ ကျွန်တော်တို့ခေါင်းဆောင် စီစဉ်တဲ့ဟာကို ကျွန်တော်တို့က တာဝန်ရှိတဲ့ ၊ ကိုယ့်မြို့ကိုလာတဲ့ဟာကို အိမ်ရှင် ပီပီ ကျွန်တော်တို့ဘက်က စီစဉ်ပေးဖို့ပဲရှိပါတယ်" လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဆန်းပိုင်းနှစ်လအတွင်း ရှမ်း၊ ကယား၊ ကချင်၊ နာဂဒေသ၊ စစ်ကိုင်းတိုင်းထဲက ဒေသတချို့ကို သွားရောက် ထားပြီးဖြစ်ပါတယ်။

() မိုးကုတ်ကျောက်တွင်းမှာ ပိတ်မိသူနှစ်ဦးကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲ

ဓာတ်ပုံ ရင်းမြစ်, MFSD

ဓာတ်ပုံ ပုံစာ,

မိုးကုတ်ကျောက်တွင်းမှာ ပိတ်မိနေသူနှစ်ဦးကို ကယ်တင်ဖို့ ကြိုးစားတာ ၂၄ နာရီနီးပါးရှိနေပါပြီ။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မိုးကုတ်မြို့မှာ မနေ့က မနက်ပိုင်းက ကျောက်တွင်းပြိုကျလို့ အထဲမှာ ပိတ်မိနေသူ နှစ်ဦးကို ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက်ထိ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ကြိုးစားရှာဖွေနေတယ်လို့ ဒေသခံလွှတ်တော်အမတ်က ဘီဘီစီကို ပြောပါတယ်။

မနေ့က မနက်ပိုင်းက စစ်ကိုင်းတိုင်းထဲက သပိတ်ကျင်းမှာ ငလျင်လှုပ်ခတ်ခဲ့ပြီး အဲဒီငလျင်ဒဏ်ကို မိုးကုတ်မြို့မှာလည်း ခံစားခဲ့ကြရပါတယ်။ အဲဒီငလျင်ကြောင့် ဒီကျောက်တွင်းပြိုကျတယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။ ကျောက်တွင်းပြိုကျမှုကြောင့် လူငါးဦးအနက် သုံးဦး ကို ကယ်ထုတ်နိုင်ပြီး နှစ်ဦးကတော့ အထဲမှာ ပိတ်မိနေလို့ ဆက်လက်ရှာဖွေနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လှုပ်တဲ့ငလျင်က အင်အား ရစ်ချ်တာစကေး ၄ ကျော်ကျော်ရှိပေမယ့် အခုပြိုကျတဲ့တွင်းဟာ တွင်းဟောင်းဖြစ်သလို ကျောက်တောင်အမျိုးအစားနဲ့ ကျောက်လိုဏ်ဂူတွေဖြစ်တာကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ခက်ခဲတယ်လို့ မိုးကုတ်မြို့နယ် တိုင်းအမတ် ဦးစောသောင်းတင်က ပြောပါတယ်။

"ကြိုးစားနေကြတုန်းပါ။ တွင်းက ပေ ၄၀၀ လောက် နက်တယ်။ ကျောက်ကြိုကျောက်ကြားမှာ ကျောက်လိုက်ရှာတဲ့လုပ်ငန်းပေါ့။ အဲဒီတော့ အဲဒီတွင်း ကအနက်ကြီးပါ။ ပြီးတော့ ဒီတွင်းက ကတ္တရာလမ်းဖောက်ထားတဲ့အောက်မှာဖြစ်တယ်လို့ ခန့်မှန်းရတယ်။ ဒီတော့ အပေါ်က ကျောက်တွေပြိုတော့ အလောင်းထုတ်ဖို့တောင်တော်တော် ခက်ပြီးတော့ သူတို့နေရာကိုရောက်ဖို့တောင်တော်တော်ခက်နေပါတယ်" လို့ သူက မတ်လ ၈ ရက် နံနက် ၇ နာရီ ၁၀ မိနစ်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MSFD

ဓာတ်ပုံ ပုံစာ,

ပြိုကျတဲ့ကျောက်တွင်းဟာ တွင်းဟောင်းဖြစ်သလို အန္တရာယ်များတဲ့ တွင်းမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

အထဲမှာ ပိတ်မိနေတဲ့ နှစ်ဦးကို မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားရှာဖွေနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းငလျင်ကြောက အန္တရာယ်ရှိတဲ့ငလျင်ကြောတစ်ခုလို့ ပညာရှင်တွေက တစ်လျှောက်လုံးပြောကြားထားပြီး အဲဒီဒေသတွင်း ရွှေနဲ့ ကျောက် တူးဖော်တဲ့တွင်းတွေရှိတဲ့ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ဒါ့အပြင် မိုးကုတ်မှာ အခုပြိုကျတဲ့တွင်းလို တွင်းဟောင်းတွေများစွာရှိပြီး ဝမ်းရေးအတွက် အသက်အန္တရာယ်ကို အလေးမထားနိုင်ဘဲ ခုလို တွင်းဟောင်းတွေ ဝင်တူးနေကြတာတွေအများကြီးရှိတယ်လို့ ဦးစောသောင်းတင်ကပြောပါတယ်။

"ကျွန်တော်တို့ကတော့ ပညာပေးဟောပြောတိုက်တွန်းရုံလောက်ပဲ တက်နိုင်ပါတယ်။ မိုးကုတ်တစ်မြို့လုံးကလည်း ကျောက်တူးတဲ့အခါကျတော့ မြို့နဲ့ အလှမ်းဝေးတဲ့ တောထဲတောင်ထဲတွေမှာလည်း တစ်ဦးချင်း တူးနေတာတွေ ရှိပါတယ်။ အခုပြိုကျတဲ့တွင်းမျိုးဆို အလွန်အန္တရာယ်များတဲ့ တွင်းအမျိုးအစားပါ။ လေပြတ်ပြီး ဒုက္ခရောက်နိုင်တာပါ။ ခိုးတူးတဲ့တွင်းတွေဆိုလည်း ကျွန်တော်တို့သိတာနဲ့ ချက်ချင်း အာဏာပိုင်ကို အကြောင်းကြားပြီး လိုက်ပိတ်တာဆို့တာတွေလုပ်ပါတယ်။ အဓိကကတော့ အသက်ကို ဉာဏ်စောင့်ဖို့ ပြောချင်ပါတယ်" လို့ သူကဆိုပါတယ်။

(၃) ကိုရိုနာကြောင့် အီတလီမှာ လူ ၁၆ သန်းကျော်ကို အဝင်အထွက် ပိတ်၊ ဗြိတိန်မှာ ဗိုင်းရပ်စ် ကိုင်တွယ်ဖို့ အရေးပေါ်ဥပဒေပြဌာန်းဖို့ပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဥရောပမှာတော့ အီတလီဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုအဆိုးဆုံးအခြေအနေပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ အီတလီမှာ လွန်ဘာဒီပြည်နယ်နဲ့ နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ဒေသ ၁၁ ခုကို အာဏာပိုင်တွေက ဝင်ထွက်သွားလာခွင့်ပိတ်ထားလိုက်ပါပြီ။

အဲဒီဒေသတွင်းမှာ စုစုပေါင်း လူ ၁၆ သန်းကျော်ရှိနေပြီး သူတို့ကို ဗိုင်းရပ်စ် ကင်းစင်မှုရှိမရှိ စောင့်ကြပ်ကြည့်ရှုတဲ့ကာလက ဧပြီလအစောပိုင်းထိ ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်မှုကြောင့် အီတလီမှာ လူသေဆုံးမှုဟာ နေ့စဉ်နဲ့အမျှ ပိုပိုတိုးလာနေတာကြောင့် အခုအခါ အားကစားခန်းမတွေ ၊ ကလပ်တွေ၊ ပြတိုက်တွေ၊ ရေကူးကန်တွေနဲ့ နှင်းလျှောစီးအပန်းဖြေစခန်းတွေကို ပိတ်ဖို့ရှိနေပါပြီ။

အီတလီဟာ ဥရောပမှာ ဒီဗိုင်းရပ်စ်ကူးစက်မှုအဆိုးရွားဆုံးအဆင့်ရောက်နေပြီး မနေ့က မတ်လ ၇ ရက်တစ်ရက်တည်းမှာ ကူးစက်သူ အရေအတွက် ၁,၀၀၀ ကျော်ကနေ ၅,၀၀၀ ကျော်ထိ မြင့်တက်လာခဲ့ပြီး ၂၄ နာရီအတွင်း သေဆုံးသူ ၅၀ ကျော် ရှိလာတဲ့နောက် ခုလို ဒေသတွင်းနေရာတချို့ အဝင်အထွက်ပိတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကူးစက်ခံရသူပေါင်း တစ်သိန်းကျော်လာလို့ WHO ကလည်း အလွန်အမင်း စိုးရိမ်နေပါတယ်။

လက်ရှိမှာတော့ အီတလီမှာ မတ်လ ၈ ရက်မနက်ပိုင်းအထိ သေဆုံးသူ ၂၃၀ ရှိနေပါတယ်။

တခြားဥရောပနိုင်ငံတွေထဲမှာတော့ ပြင်သစ်မှာ ကူးစက်သူ ၉,၀၀ ကျော်၊ ဂျာမနီမှာ ၇,၀၀ ကျော်၊ စပိန်မှာ ၄,၀၀ ကျော်၊ ဗြိတိန်မှာ ၂,၀၀ ကျော်နဲ့ နယ်သာလန်မှာ ၂,၀၀ နီးပါး ရှိနေပါတယ်။

ဗြိတိန်မှာလည်း ကိုရိုနာအရေးကိုင်တွယ်နိုင်ဖို့ အရေးပေါ်ဥပဒေတစ်ရပ်ပြဌာန်းဖို့ပြင်နေပြီး ဒီဥပဒေက ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကို အကာ အကွယ်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုလန်ဘီယာ၊ ကိုစတာရီကာ၊ မော်လ်တာ၊ မော်လ်ဒိုက်နဲ့ ပါရာဂွေးတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်သူတွေ တွေ့လာရပြီ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃,၅၀၀ ကျော်လာပြီဖြစ်ပြီး အများစုက တရုတ်နိုင်ငံကဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းကူးစက်သူပေါင်း တစ်သိန်းကျော်သွားပြီဖြစ်လို့ ဒီဗိုင်းရပ်စ် အန္တရာယ်ကို အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ နိုင်ငံတွေအနေနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဦးစားပေးအစီအစဉ်တွေလုပ်ဆောင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မတွေ့သေးတဲ့ ကမ္ဘာ့နိုင်ငံက မတ်လ ၈ ရက်နေ့အထိတော့ မြန်မာအပါအဝင် နိုင်ငံတချို့ပဲ ကျန်ရှိပါတော့တယ်။

ဗီဒီယို ပုံစာ,

ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ အကောင်းဆုံး လက်ဆေးနည်း