နာဂစ်မုန်တိုင်းက ရင်နင့်စရာအဖြစ်ကို ပြန်ပြောတဲ့ အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး မီမီဝင်းဘတ်

ဒေါ်မီမီဝင်းဘတ်ဟာ မြန်မာပြည်ဖွားအမျိုးသမီးပါ။ ဓာတ်ပုံ မူပိုင် MMWB facebook
Image caption ဒေါ်မီမီဝင်းဘတ်ဟာ မြန်မာပြည်ဖွားအမျိုးသမီးပါ။

ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်ဖွဲ့မှာ ဒုတိယ ဗိုလ်မှူးကြီးရာထူးနဲ့ ၂၈ နှစ်ကြာတဲ့အထိ တာဝန် ထမ်းဆောင်ခဲ့သူပါ။

လက်ရှိမှာ ဟာဝိုင်ယီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာနမှာ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေပြီး အဲဒီမှာ မြန်မာ စစ်ဘက်အရာရှိတွေ အပါအဝင် မြန်မာအစိုးရအရာရှိကြီးတွေ ရဲတပ်ဖွဲ့ဝင်တွေ အတွက် သင်တန်းတွေ ပို့ချပေးနေတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းကစလို့ မြန်မာ့တပ်မတော်၊ မြန်မာအစိုးရ အရာရှိတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအကြား စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့ မြန်မာနိုင်ငံကိုလည်း မကြာခဏ လာရောက်ပြီး သင်တန်းတွေ ပို့ချပေးနေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံကို သူ ခေတ္တလာရောက်ချိန်မှာ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခဲ့ချက်ကို ပြန်လည် စုစည်းရေးသားပြီး ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဖော်ပြလိုက်ပါတယ်။

ဘီဘီစီ-ကမ္ဘာ့အင်အားကြီး စစ်တပ်တစ်ခုဖြစ်တဲ့ အမေရိကန်စစ်တပ်ထဲမှာ မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာတာက ဘယ်လိုကြောင့်ပါလဲ။

မီမီဝင်းဘတ်-ကျွန်မတို့က မိသားစုလိုက် ကျွန်မ ရှစ်တန်းလောက်မှာ အမေရိကကို ပြောင်းရွှေ့ခဲ့တာပါ။ ကျွန်မရဲ့ ပညာရေးအတွက် မိဘတွေက ပိုက်ဆံမရှိတော့ တက္ကသိုလ်ပညာရေးအတွက် ပညာတော်သင်ဆုတွေ လိုက်ရှာပြီး လျှောက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်စစ်တပ်က ပေးတဲ့ ပညာတော်သင်ဆုကို ရတာကနေ ကျောင်းအပြီးမှာ တပ်ထဲဝင်ဖို့ ဖြစ်လာတာပါ။

ကျွန်မ စစ်တပ်ထဲမှာ စစချင်း လက်နက်ခဲယမ်းနဲ့ ကျည်ဆန်တွေ ထိန်းသိမ်းတဲ့ တပ်မှာ တာဝန်ထမ်းဆောင်ပါ တယ်။ ပထမ ပင်လယ်ကွေ့စစ်ပွဲ ၁၉၉၀ ပြည့်နှစ် ပြီးသွားတဲ့အခါမှာ အထူးတပ်ဖွဲ့က တပ်သားသစ် စုဆောင်းတဲ့အထဲ ပါသွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက အာရှတိုက်နဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တယ်၊ သိတဲ့သူ ဆိုတော့လေ ကျွန်မ ပါသွားတယ်။ နောက်တော့ ကျွန်မက မြန်မာစကားပြောတတ်တယ်လေ။ သူတို့က ဘာသာစကားအများကြီး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့သူတွေကို လူသစ်စုတာဆိုတော့ အဲဒီကနေ စပြီးတော့ ကျွန်မက အထူးတပ်ဖွဲ့ထဲမှာ Civil affair officer အနေနဲ့ ထမ်းဆောင်ပါတယ်။

စစ်ဆင်ရေး သွားရတယ်။ ထိုင်းတောင်ပိုင်း(အကြမ်းဖက်မှုနှိမ်နင်းရေး) မှာ စစ်ဆင်ရေးတွေလုပ်ရင် ကျွန်မက တပ်ဖွဲ့ရဲ့ ရှေ့ပြေးအနေနဲ့ သွားရတာရှိတယ်။ ရွာတွေထဲဝင်ပြီး ဒေသခံတွေအကြောင်း နည်းနည်း ပါးပါး နားလည်အောင် ပြောဆိုရတယ်။ ပြီးရင် ပြန်လာပြီးတော့ ကိုယ့်တပ်ကို အစီရင်ခံရတယ်။ ရွာတွေ ဒေသခံတွေအကြောင်း သိရတော့ စစ်တပ်ကလည်း ရှောင်ကွင်းသွားတာတွေ ဘာတွေရှိတယ်။ အဲဒါက ကျွန်မရဲ့ အဓိက role ပေါ့နော်။ အဲဒီမှာ ကျွန်မ captain ဖြစ်တဲ့အထိ လုပ်တယ်။

နိုင်းအလဲဗင်း ဖြစ်စဉ်အပြီးမှာ ကျွန်မကို ဟာဝိုင်အီက ပစိဖိတ် စစ်ဒေသဌာနချုပ်ကို ပို့လိုက်တယ်။ အဲဒီမှာ ကျွန်မက အကြမ်းဖက် တန်ပြန်ထောက်လှမ်းရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ရတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ကျွန်မတို့ လိုက်ပြီးချတဲ့အခါမှာ ကျွန်မက စီမံချက်တွေ ဆွဲရတဲ့ Planning officer လုပ်ရတယ်။

ဓာတ်ပုံ မူပိုင် MMWB facebook
Image caption အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေသွားခဲ့တာပါ။

အဲဒီမှာ လုပ်နေရင်းနဲ့ ကျွန်မက ဘာတွေ့လာသလဲ ဆိုတော့ ဒီမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို စစ်ဆင်ရေး လုပ်တာနဲ့တင် မပြီးဘူး။ စီးပွားရေး(ဒေသခံတွေ ဝင်ငွေရအောင်ဖန်တီးပေးရန်)ပါ လိုက်မှရမယ်ဆိုတာပေါ့။ အဲဒီလိုမှ ငြိမ်းချမ်းရေးက အဓွန့်ရှည်မှာပေါ့။ စစ်ဆင်ရေးကတော့ လုပ်လိုက်ရင် ခဏလေးပဲ ဖြစ်မယ်လို့ (အထက်အရာရှိတွေကို) ပြောတဲ့အခါကျတော့ တပ်ဖွဲ့ထဲက စီးပွားရေးအကြံပေး ဒေါက်တာ ရိုဇင်ဘာကာက အရမ်း သဘောကျသွားတယ်။ ကျွန်မကို သူ့ဆီ လာပြီး တာဝန်ထမ်းဆောင်ဖို့ ပြောတယ်။ သူက အရပ်သား။ စစ်သားမဟုတ်ဘူး။ သူ့အတွက်ကလည်း ပစိဖိတ်စစ်ဌာနချုပ်မှာ အခက် တွေ့နေတဲ့အချိန်ပေါ့။ သူက စစ်ဘက်က လာတာ မဟုတ်တော့ တချို့ စီးပွားရေးဆိုင်ရာ ယူဆချက်တွေကို စစ်သားတွေ နားလည်အောင် နည်းနည်း မပြောတတ်ဘူး။ ကျွန်မရောက်လာတော့ ကျွန်မက နှစ်ဘက်လုံးသိတဲ့ အခါကျတော့ ဒီဟာတွေကို operation term (စစ်ရေးဆိုင်ရာအသုံးအနှုန်း) တွေနဲ့ ပြန်ဘာသာပြန် ပေးလို့ရတယ်။ အဲဒါကြောင့် သူ့ရဲ့ လက်ထောက် စီးပွားရေး အကြံပေးအရာရှိ ဖြစ်သွားတယ်။

ဘီဘီစီ-အခုလို တပ်ထဲမှာ ကိုယ့်အောက်က တပ်သားတွေကို ထိန်းနိုင်ဖို့ ၊တာဝန်ယူနိုင်ဖို့ ၊စစ်မှုထမ်းကာလ ထူးချွန်မှုရှိဖို့ ဘယ်လိုကြိုးစားခဲ့ရသလဲ။

မီမီဝင်းဘတ်-ကျွန်မ စစ်တပ်ထဲမှာ အောင်မြင်တာက ကျွန်မမှာ Mentor (ကြီးကြပ်ပေးသူ) တွေ အများကြီး ရတယ်။ ပထမဆုံး mentor ဆိုရင် ဗိုလ်မှူးကြီး ရှောင်ကယ်လီ။ ကျွန်မက သူ့ရဲ့ လက်ထောက်အရာရှိ - ၃။ ကျွန်မ စစ်ထဲဝင်ခါစ ကပေါ့။ သူက ကျွန်မကို အရမ်းခိုင်းတယ်။ အရမ်းခိုင်းတော့ နေရာတိုင်း ကျွန်မ တတ်လာတယ်။

ဓာတ်ပုံ မူပိုင် MMWB facebook
Image caption စစ်မှုထမ်းသက် ၂၈ နှစ် အပြီးမှာ လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဒေသမှာ ပါမောက္ခတာဝန် ထမ်းဆောင်နေပါတယ်။

နောက် ပစိဖိတ် စစ်ဒေသချုပ်ကို ရောက်တော့ ဗိုလ်မှူးကြီး ဒွန်မာဖီ။ သူကလည်း ခိုင်းတာမှလေ။ အရမ်း အလုပ်လုပ်ရတယ်။ မလုပ်နိုင်ဘူး ဆိုတာမျိုး သူ့မှာ ဘယ်တော့မှ မရှိဘူး။ လုပ်ရမယ်။ ယောက်ျား၊ မိန်းမ ခွဲခြားမှု မရှိဘူး။ အားလုံးလုပ်ခိုင်းတယ်။ ဆိုတော့ အဲဒါနဲ့ ကျွန်မ တတ်လာတယ်။

နောက်တော့ ဒေါက်တာ ရိုဇင်ဘာကာ ပေါ့။ ဒေါက်တာရိုဇင်ဘာကာ က ကျွန်မကို ဒေါက်တာဘွဲ့ ယူရမယ်လို့ စပြောတာ။ နောက်တော့ APCSS (အာရှပဖိတ်ဆိုင်ရာလုံခြုံရေးသင်တန်းကျောင်း) ကို ရောက်တဲ့အခါကျတော့ ဒေါက်တာ ဇီဇီယံ။ ကျွန်မ ခုလို အောင်မြင်တယ်ဆိုတာကလည်း ကျွန်မရဲ့ မန်တာတွေက လုပ်ပေးလို့ အောင်မြင်လာတာ။

ဘီဘီစီ-အမျိုးသမီးချင်းချင်း Mentor က ပိုပြီးတော့ တိုးတက်မှုနှုန်း မြန်တယ်လို့ ပြောကြတာလည်း ရှိတယ်။ ဒါကိုရော ဒေါ်မီမီဝင်းဘတ် လက်ခံပါသလား။

မီမီဝင်းဘတ်-အမျိုးသမီးအချင်းချင်း ဆိုရင်တော့ culture barrier (ဓလေ့ထုံးတမ်းဆိုင်ရာ အတားအဆီး) တွေ နည်းနည်းပါးပါးတော့ နည်းတာပေါ့။ ဥပမာ- ဗိုလ်မှူးကြီး ဒွန်မာဖီနဲ့ ကျွန်မ တပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ဆင်းရင် အတူတူအိပ်ရတယ်။ ဘာလို့ဆို ကျွန်မတို့မှာ ဘယ်နေရာမှ မရှိဘူးလေ။ တစ်ညလုံး ညပိုင်း စစ်ဆင်ရေးဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အတူတူ လုပ်နေရတာပဲ။ ဘာမှတော့ မဖြစ်ဘူးလေ။ ဒါပေမဲ့ တချို့ကျတော့ တစ်မျိုး ထင်တာမျိုးတွေ ရှိတတ်တယ်။ ဒါကြောင့် တစ်ခါတလေကျတော့ အမျိုးသားနဲ့ အမျိုးသမီး Mentor လုပ်ရတာက တော်တော်ခက်တယ်။ ကျွန်မကကျတော့ ဒီလိုပြောမယ့်သူမျိုးနဲ့ မကြုံရတော့ အရမ်း ကံကောင်းတယ်လို့ ခေါ်မှာပေါ့။

ဓာတ်ပုံ မူပိုင် MMWB Facebook
Image caption မြန်မာပြည်က စေလွှတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရအရာရှိကြီးတွေကို သင်တန်းပို့ချပေးသူဖြစ်ပါတယ်။

ဒါကြောင့်မို့ အမျိုးသမီးတွေ အပေါ်ရောက်လာလို့ ရှိရင် သူတို့ အနောက်လှည့်ပြီးတော့ ပြန်ပြီးတော့ Mentor လုပ်ဖို့ အရမ်းအရေးကြီးတယ်။ Lifted you climb ပေါ့နော်။ ကိုယ်က အပေါ်တက်နေရင်းနဲ့ သူတို့ကိုလည်း ဆွဲသွားရမယ်။ ကိုယ်က သူတို့ကို အခွင့်အရေး ပေးရမယ်။ သင်ပေးရမယ်။ အဲဒီလိုမျိုးက ခေါင်းဆောင် အမျိုးသမီးတိုင်းမှာ တာဝန်ရှိတယ်။ အမျိုးသားတွေက Mentor လုပ်ပေးရတာ အရမ်းခက်ခဲတယ်။

ဘီဘီစီ-စစ်မှုထမ်းသက်တမ်းတစ်လျှောက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ကြီးကြီးမားမား အမှတ်တရဖြစ်နေတဲ့အဖြစ်အပျက်ရှိရင် မျှဝေပါဦး။

မီမီဝင်းဘတ်- နာဂစ်ဖြစ်တော့ ကျွန်မတို့တပ်ဖွဲ့က ထိုင်းမှာပါ။ ထိုင်းကနေ မြန်မာဘက်ကို လာလာပြီး ညှိနှိုင်းမှုတွေလုပ်နေရချိန်ပေါ့။ (ထိုစဉ်က မြန်မာကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ အရေးယူထားပြီး နှစ်နိုင်ငံ သံတမန်အဆင့် ဆက်ဆံရေး လျှော့ချထားသည်) ကျွန်မတို့မှာ ကူညီရေးပစ္စည်းတွေမှ အပြည့်ပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ စစ်အစိုးရ လက်မခံလိုက်ဘူး။ လက်မခံတဲ့အခါကျတော့ ကျွန်မတို့ နေ့တိုင်း (မြန်မာအာဏာ ပိုင်တွေ) နဲ့ တွေ့တယ်။ သတင်းတွေမှာလည်း တွေ့ရတယ်လေ။ ပြည်သူတွေက အရမ်းဒုက္ခရောက်နေတယ်။ ကျွန်မတို့ကလည်း C-113 (တိုက်လေယာဉ်) နဲ့ အပေါ်ကနေ ဖြတ်ပျံကြည့်လိုက်ချိန်မှာ အောက်က မြစ်ဝကျွန်းပေါ်ကြီးတစ်ခုလုံးက အားလုံး ရေမြုပ်နေတယ်။ လူတွေကလည်း အမေရိကန် ဘယ်တော့လာမလဲ၊ အမေရိကန် ဘယ်တော့လာမလဲ ပြောနေတယ်။ ကျွန်မတို့ကလည်း သုံးပတ်လောက် တောင်းဆိုတယ်။ ဝင်ခွင့်ပေးဖို့။ ကျွန်မတို့က ဟယ်လီကော်ပတာတွေ တန်းစီပြီး နေတာပဲ။ ဘင်္ဂလားပင်လယ်အော်မှာ အသင့်စောင့်နေတာ။

ဓာတ်ပုံ မူပိုင် MMWB facebook
Image caption နာဂစ်ကာလတုန်းက အမေရိကန်အကူအညီလက်ခံကို စစ်အစိုးရကို လာရောက်ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ စစ်အစိုးရက လက်မခံတဲ့နောက်ဆုံး သမ္မတ ဘုရှ်က မသွားနဲ့ ပြန်ဆုတ်တော့ ဆိုပြီး ပြောတယ်။ အဲဒါလည်း ကြားရော ကျွန်မ ရင်ကွဲတာပဲ။ ကျွန်မ အိမ်သာခန်းထဲ ပြေးဝင်ပြီး ငိုကြီးချက်မ ဖြစ်တော့တာပဲ။ ဘာလို့ဆို မြန်မာနိုင်ငံမှာ အရမ်း အကူအညီလိုနေတယ်။ ကျွန်မတို့ကလည်း ပေးနိုင်တယ်။ ဒါပေမဲ့ အခြေအနေက ဖြစ်မလာဘူးဆိုတော့ အရမ်းပဲ ဝမ်းနည်းစရာပဲ။

ဘီဘီစီ-ဟုတ်ကဲ့။ ခုတော့ မိသားစုအကြောင်းလေး ဆက်ရအောင်ပါ။ ဒေါ်မီမီဝင်းဘတ်ရဲ့ ခင်ပွန်းနဲ့ သားသမီးတွေအကြောင်း ပြောပြပါဦး။

မီမီဝင်းဘတ်-ကျွန်မခင်ပွန်းက ဒေါက်တာ ဂျွန်အက်ဒ်ဝပ်ဘတ်ပါ။ သူက အမေရိကန်စစ်တပ်ထဲမှာ အရပ်သားဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ သက်ရှိတွေရဲ့ ရုပ်ကြွင်းသုတေသနပြုခြင်း ဆိုင်ရာ သိပ္ပံပညာရှင်ပါ။ သူ ဦးဆောင်တဲ့ အဖွဲ့ဟာ နိုင်ငံပေါင်းများစွာကို သွားပြီးတော့ အရင်တုန်းက ဆုံးသွားတဲ့ အမေရိကန်တွေရဲ့အရိုးတွေ လိုက်ရှာပြီး နေရပ်ပြန်ယူလာပြီးတော့ စစ်ဆေးပြီး ဘယ်သူဘယ်ဝါ အတည်ပြုရတာပါ။ လူ ၁၅၀ လောက် ရှိတဲ့အဖွဲ့ကို သူဦးဆောင်ရပါတယ်။ သားသမီးက လေးယောက်ရှိပါတယ်။ သမီးသုံးယောက် သားတစ်ယောက်ပါ။

ဘီဘီစီ-စစ်မှုထမ်းဘဝဆိုတော့ ကိုယ့်အချိန်က ကိုယ်မပိုင်သလို ဒေါ်မီမီဝင်းဘတ်က လူမှုရေးလုပ်ငန်းတွေလည်း တက်တက်ကြွကြွလုပ်တော့ မိသားစုကို အချိန်ပေးနိုင်ဖို့ ခင်ပွန်းသည်နဲ့ ပဋိပက္ခဖြစ်ရတာမျိုးရှိလား။

မီမီဝင်းဘတ်-ညှိနှိုင်းရတာတော့ အများကြီးရှိတယ်။ သူကလည်း ကမ္ဘာအနှံ့ အရိုးလိုက်ကောက်ရတဲ့ အလုပ် ဆိုတော့ မြောက်ကိုရီးယားတို့ ဘာတို့ထိတောင် သွားရတယ်။ ကျွန်မကလည်း အမြဲလိုလို စစ်ဆင်ရေး ထွက်နေရတော့ နှစ်ယောက်က ညှိနေရတာပေါ့။ ဒါပေမဲ့ ကျွန်မအမေက ကျွန်မတို့နဲ့ အတူနေတယ်။ သူနဲ့ ကျွန်မ တစ်ယောက်မဟုတ် တစ်ယောက် အိမ်မှာမရှိရင်တောင် အမေကတော့ ရှိနေတယ်။ အမေ့ကျေးဇူးပေါ့နော်။ ကျွန်မ ပါရဂူဘွဲ့အတွက် စာဖတ်ရတော့ အလုပ်ကတစ်ဖက် ဒါကတစ်ဖက်နဲ့ သုံးလေးလုပ်လောက်ဆိုတော့ မိသားစုကို လှည့်မကြည့်နိုင်ဘူး။ သူပဲ အကုန်ထမ်းတယ်။ သူကလည်း ကျွန်မကို ဒေါက်တာဘွဲ့ ရစေချင်တယ်။ ကျွန်မရဲ့ စစ်မှုထမ်းပင်စင် အပြီး အသက်မွေးဝမ်းကျောင်းအတွက် ပါရဂူဘွဲ့ဟာ အမျိုးသားက ကူညီမှုတွေကြောင့်ပါ။ အဲဒါကလည်း သူ့မှာအချက် ၂ ချက်ရှိတယ်။ ၁ ချက်က ကျွန်မကိုချစ်တော့ ကျွန်မလုပ်ချင်တာကို သူမတားဘူး။ နောက်တစ်ချက်က သူတစ်ခုခု ဖြစ်သွားရင် ကျွန်မမှာ အလုပ်တစ်ခုခု ရှိထားရင် မိသားစု မနာဘူးပေါ့။ ရပ်တည်နိုင်တယ်ပေါ့။

ဓာတ်ပုံ မူပိုင် MMWB Facebook
Image caption ခင်ပွန်းသည်က သိပ္ပံပညာရှင်တစ်ဦးပါ။

နောက်ပြီး သူက ကောလိပ်မှာ ပါမောက္ခ လုပ်လာတာ ဆိုတော့ ကျွန်မရဲ့ ပါရဂူဘွဲ့စာတမ်းတွေဆို သူ့အကြံတွေ ယူရတယ်။ သူ့အတွက် ကျတော့လည်း သူ့မှာ အုပ်ချုပ်ရေး အတွေ့အကြုံမရှိတော့ သူ့အဖွဲ့ကို အုပ်ချုပ်ဖို့ ကျွန်မက ခေါင်းဆောင်မှုပိုင်း ဆိုင်ရာ အကြံတွေ ပေးတယ်။ သူက ကျွန်မရဲ့ ခင်ပွန်းလည်းဖြစ်တယ်။ သူငယ်ချင်းကောင်းလည်း ဖြစ်တယ်။

ဘီဘီစီ-ဒါဆို အမျိုးသမီးတစ်ယောက်အောင်မြင်ဖို့၊ ရှေ့တန်းရောက်လာဖို့ဆိုရင် သူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က ဘယ်လိုဆက်ဆံပံ့ပိုးမှု ပေးသင့်လဲ။

မီမီဝင်းဘတ်-အမျိုးသား အမျိုးသမီး မခွဲခြားဘူး။ အရည်အချင်းရှိရင် ရှိသလို နေရာပေးမယ် ပြောတာတွေရှိတယ်။ ဒါပေမဲ့ ဒါကို ပြန်ပြီး သုံးသပ်လိုက်ရင် အမျိုးသမီးတွေအတွက် ရှေ့တန်းရောက်ဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သိပ်မရှိရှာဘူး။ ကျွန်မကို အရင်က ကာနယ်မာဖီတို့ ကာနယ်ကယ်လီတို့ကသာ အခွင့်အရေးမပေးထားခဲ့ရင် ကိုယ့်အရည်အချင်းကို ပြသဖို့ အခြေအနေ ခွင့်မပြုခဲ့ရင် ကျွန်မ ထူးချွန်လာမှာ မဟုတ်ဘူး။

နောက်တစ်မျိုးကကျတော့ အမျိုးသမီးတွေကိုယ်တိုင်ကိုက ခြေလှမ်းဆုတ်လိုက်တာ။ ဘာကြောင့်လဲဆိုတော့ မိသားစုက ပြောလို့။ မိသားစုဝင်တွေက ဒီဥစ္စာ မိန်းကလေးအလုပ် မဟုတ်ဘူး။ ဒါမှမဟုတ် မိန်းကလေးဆိုတာ မိသားစုကို ပြုစုစောင့်ရှောက်ဖို့ အာရုံစိုက်ရမယ် ဆိုတာပေါ့။ ဒီတော့ သူတို့ နောက်တစ်ဆင့်ကို မသွားနိုင် တော့ဘူး။

တစ်ခါတလေကျတော့လည်း အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်ဘာသာကိုယ် ပြန်ချည်နှောင် ထားကြတယ်။ တော်တော်များများ အမျိုးသမီးတွေက ကျွန်မကိုပြောကြတယ်။ သူတို့ ကယ်ရီရာကို လိုက်လိုက်ရင် မိသားစုပေါ် တာဝန်မကျေဘူး ဆိုပြီး အပြစ်မကင်းသလို ခံစားရတယ်တဲ့။ အဲဒီတော့ ကျွန်မကပြောတယ်။ ယောက်ျားတွေရော အဲဒီလိုအပြစ်မကင်းသလို သူတို့ကိုယ်သူတို့ ထင်တတ်သလား။ တော်ရုံတန်ရုံ မရှိဘူးနော်။ ဒီဥစ္စာ ကိုယ့်နှောင်ကြိုးနဲ့ ကိုယ်ပြန်ချည်ထားတာ။

ကျွန်မက သူတို့ကို ပြောတယ်။ ပတ်ဝန်းကျင်ကိုမပြင်နိုင်ပေမယ့် ကိုယ်က ကိုယ့်စိတ်ကို ကိုယ်ပြင်နိုင်တယ်လေ။ အဲဒီအချိန်မှာ ဘာမှ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို အပြစ်ရှိတယ်လို့ ခံစားနေစရာ မလိုဘူးလို့ စိတ်ထား ရမယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က နည်းနည်းပါးပါး ကူညီပေးရင် အခွင့်အလမ်း ရှိလာတဲ့အခါမှာ ယူနိုင်တာပေါ့။

ဘီဘီစီ-ကျေးဇူးတင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
NASA ရဲ့ ၂၀၂၀ အင်္ဂါဂြိုဟ် စီမံကိန်းမှာ ဦးဆောင်သူ မြန်မာ အမျိုးသမီး မမီမီအောင်

ဒီသတင်းနဲ့ပတ်သက်သမျှ