ကိုရိုနာအကြောင်းပြပြီး စက်ရုံပိတ်တာတွေ များလာလို့ အလုပ်သမားတွေစိုးရိမ်နေ

မန္တလေးမှာ အလုပ်သမားတွေ ချီတက်တောင်းဆိုမှု ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - Kaung Zaw Hein/ MPA

ဓာတ်ပုံ ပုံစာ,

လူအင်အား တစ်ထောင်ခန့် ချီတက်ခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြ စက်ရုံပိတ်တာတွေ စိစစ်ဖို့တောင်း

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စက်ရုံတွေပိတ်သိမ်းမှုအပေါ် အလုပ်သမားအရေး လူပ်ရှားတဲ့ အစုအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားတဲ့ ကော်မတီက အရေးပေါ် သတင်းစာရှင်းလင်းပွဲ ကို ရန်ကုန်မြို့မှာ မတ်လ ၈ ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မှာ စက်ရုံတွေ ပိတ်မယ့် အခြေအနေဟာ အစိုးရ ပြောထားတာထက် များလာနေပြီးတော့ စိုးရိမ်စရာ ရှိသလို ဥပဒေနဲ့အညီ စိစစ်ဖို့ နောက်ဆက်တွဲ အကျိုးဆက်တွေကို အစိုးရအနေနဲ့ စဉ်းစားဖို့ သူတို့က တောင်းဆိုတာပါ ။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တာကို အကြောင်းပြ ပိတ်တဲ့ စက်ရုံတွေရဲ့ အခြေအနေဟာ ရှုပ်ထွေးနေပြီးတော့ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်လို့ အပ်ထည်မရတဲ့ စက်ရုံတွေအပြင် မြန်မာ့တပ်မတော်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ပါဝင်နေတယ် လို့လည်း သူတို့က ပြောပါတယ်။

မြန်မာနိုင်ငံက ကိုရီးယားစက်ရုံ ၅၀ လောက်လည်း ကုန်ကြမ်း ပြတ်လို့ စက်ရုံတွေ မကြာမီ ပိတ်ဖို ရှိနေတယ်လို့သတင်းရပြီးတော့ စက်ရုံတွေ ပိတ်တာကို ဥပဒေနဲ့အညီ ပိတ်ဖို့ နဲ့ အလုပ်သမားတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စဉ်းစားဖို့ကိုလည်း အလုပ်သမားအရေး လူပ်ရှားတဲ့ အစုအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားတဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

လှိုင်သာယာ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေ ဖေဖော်ဝါရီ ၁၉ ရက် တိုင်းအစိုးရအဖွဲ့ရုံး ဝင်ပေါက် ၄ ရှေ့ ဆန္ဒ ပြ

အချို့စက်ရုံတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အပ်ထည်တွေ မရတာ ရှိပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်အရာရှိတွေပိုင် စက်ရုံတွေ၊ သူတို့ရှယ်ယာ ပါတဲ့ စက်ရုံတွေကလည်း အီးယူရဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးအတွက် ဈေးကွက်ကို ရွှေ့ပြောင်းလိုတာကြောင့် အခုလို ကုန်ကြမ်း ပြတ်လပ်တာကို အကြောင်းပြ ပိတ်ဖို့ ကြိုးစားလာတာ ဖြစ်တယ်လို့လည်း အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင် ဒေါ်ခခ က ပြောပါတယ်။

တချို့စက်ရုံတွေဟာ စက်ရုံကုန်ကြမ်း ပြတ်လို့ ပိတ်တယ် ဆိုပေမယ့် စက်ရုံကို အပြီးပိတ်တဲ့ လုပ်ငန်းစဉ် အတိုင်း လျော်ကြေးတွေ ပေးနေကြောင်းနဲ့ စက်ရုံက ဝန်ထမ်းကဒ်တွေ ယူနီဖောင်းတွေ ပြန်သိမ်းတာတွေ ရှိနေတာကြောင့် အစိုးရဘက်က ဥပဒေနဲ့အညီ စိစစ်မှုတွေ လုပ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ကလည်း တောင်းဆိုမှုတွေ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်း ပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်တဲ့ အထည်ချုပ်စက်ရုံတွေမှာ အမှန်တကယ် ကုန်ကြမ်း ပြတ်လပ်တာ ဟုတ်၊ မဟုတ် စောင့်ကြည်ဖို့ အလုပ်သမားအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းပြီး ကုန်ကြမ်းပြတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့ကို မတ်လ ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အထည်ချုပ် စက်ရုံ ၁၃ ရုံဟာ ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်လို့ အလုပ်သမား ငါးထောင်လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - Kaung Zaw Hein/ MPA

ဓာတ်ပုံ ပုံစာ,

မန္တလေးမြို့က မတ်လ ၈ ရက်နေ့ ဆန္ဒပြပွဲ

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ်တယ် ဆိုပြီး စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းနေတာတွေကို စိစစ်ပေးဖို့ မန္တလေးမြို့က အလုပ်သမား တစ်ထောင်လောက်ကလည်း မတ်လ ၈ ရက်နေ့ မနက်က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ပိတ်သွားတဲ့ စက်ရုံတွေထဲမှာ အများစုကတော့ အထည်ချုပ်တွေ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်း ပြတ်သွားတယ်ဆိုပြီး ပြောကြပါတယ်။

စက်ရုံ ပိတ်လိုက်တဲ့ အကြောင်းပြချက်ကို သံသယရှိသလို ဥပဒေနဲ့အညီ ဖြစ်ဖို့ စောင့်ကြည့် စစ်ဆေးသွားမယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင် ဒေါ်ခခ က ပြောပါတယ်။

လက်ရှိ ပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေ အများစုဟာ အလုပ်သမားသမဂ္ဂတွေ ရှိတဲ့ စက်ရုံတွေ ဖြစ်ပြီး အမှန်တကယ် ကုန်ကြမ်းပြတ်လို့ ပိတ်လိုက်တာလား၊ အလုပ်သမားသမဂ္ဂအဖွဲ့တွေကို ဖြိုခွဲချင်လို့ ပိတ်တာလား ဆိုတာကို အလုပ်သမားသမဂ္ဂအဖွဲ့တွေက သံသယ ရှိနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုန်ကြမ်း ပြတ်လပ်လို့ ဆိုပြီး စက်ရုံပိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အထည်ချုပ်စက်ရုံတွေလည်း အတော်များများ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YeMyo

ဓာတ်ပုံ ပုံစာ,

အလုပ်သမားသမဂ္ဂ ရှိတဲ့စက်ရုံတွေ ပိတ်တာဟာ သမဂ္ဂကို ဖြိုခွင်းဖို့ ကြိုးစားတာလို့ ယူဆနေကြ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးကတော့ မတ်လ ၂ ရက်နေ့ ကစပြီး တရုတ်မှာရှိတဲ့ ပိတ်စ စက်ရုံ အတော်များများ ပြန်လည်ပတ်နေကြပြီး အလုပ်သမားတွေ ၆၀ ရာခိုင်နှုန်းလောက် ပဲ အလုပ်ဆင်းကြပေမယ့် တရုတ်နှစ်ကူး မတိုင်မီ ထုတ်ထားတဲ့ ကုန်ကြမ်းတွေကို အခုသီတင်းပတ်တွင်း တင်ပေးနိုင်မယ်လို့ အကြောင်းကြားလာကြောင်း မတ်လ ၇ ရက်နေ့ က ဘီဘီစီကို ပြောပါတယ်။

ပိတ်စ စက်ရုံတွေ ပြန်လည်ပတ်နိုင်လို့ ကုန်ကြမ်းတွေကို မတ်လကုန်နဲ့ ဧပြီလဆန်းလောက်မှာ တရုတ်နိုင်ငံဘက်က ကွန်တိန်နာတွေ တင်မယ်ဆိုရင် သင်္ကြန် အပြီးမှာ ရောက်လာဖို့ရှိပြီး ကုန်ကြမ်းပြတ်နေတဲ့ စက်ရုံတွေဟာ မေလဆန်းလောက်မှပဲ လည်ပတ်နိုင်မယ်လို့လည်း ဦးမြင့်စိုးက ပြောပါတယ်။

အခုပိတ်သွားတဲ့ စက်ရုံတွေဟာ လာမယ့် ဧပြီလကုန်လောက်အထိ ကုန်ကြမ်း မရနိုင်တော့လို့ ပိတ်သွားတာ ဖြစ်ပြီးတော့ အလုပ်သမားတစ်ယောက်ရဲ့ ပျမ်းမျှလစာဟာ နှစ်သိန်းနဲ့ သုံးသိန်းကြားမှာ ရှိကြောင်း အလုပ်သမား တစ်ထောင် ရှိတဲ့ စက်ရုံဆိုရင် အလုပ်မရှိဘဲ သိန်းထောင်ချီ သုံးရမှာ ဖြစ်လို့ စက်ရုံပိုင်ရှင်တွေအနေနဲ့ မခံနိုင်လို့ ပိတ်တာဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည်

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာအပိုလိုနဲ့ စုရှင်း စက်ရုံပိုင်ရှင်တွေ ထွက်ပြေးသွားကြပြီး အလုပ်သမားတွေ လစာမရတာကြောင့် စက်ရုံပိုင်ပစ္စည်းတွေကို အစိုးရက လေလံတင်ထုခွဲ ပြီး လစာပေးဖို့ စီစဉ်နေပါတယ်။

အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက အလုပ်ပိတ်တဲ့ စက်ရုံတွေဟာ အမှန်တကယ် ကုန်ကြမ်းပြတ်တာ ဟုတ်မဟုတ်၊ ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံပိတ်သိမ်းခဲ့ရင်လည်း ဥပဒေနဲ့ ညီမညီ စတာတွေကို စောင့်ကြည့်ပေးဖို့နဲ့ အစိုးရဘက်က ကြိုတင်စီမံမှုတွေ လုပ်ပေးဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကုန်ကြမ်းနည်းလို့ လူလျှော့မယ်ဆိုရင်လည်း စံနှုန်းသတ်မှတ်ပြီး စနစ်တကျ လူလျှော့ဖို့ကိုလည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုရက်ပိုင်း ကုန်ကြမ်း ပြတ်လပ်လို့ စက်ရုံတွေ ပိတ်တာ ရှိသလို ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံဖွင့်ပြီး အလုပ်သမားအသစ်တွေ ခေါ်နေတာတွေ တွေ့ရလို့လည်းအလုပ်သမားအရေး လှုပ်ရှားသူတွေက စိုးရိမ်မှုတွေ ရှိနေတာလို့လည်း ဘီဘီစီကို ပြောပါတယ်။