ကူးစက်သူသိန်းချီနေတဲ့ ကိုဗစ်၁၉၊ ပျက်ကျတဲ့တပ်မတော်ရဟတ်ယာဉ်၊ ၁၄၀၀ အောက်ထိ ကျသွားတဲ့ဒေါ်လာဈေး အပါအဝင် သတင်းကောက်နုတ်ချက်

ကျပ်ဘီလီယံချီတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ တပ်မတော်က ဖမ်းမိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

ကျပ်ဘီလီယံချီတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ တပ်မတော်က ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကနေ ၉ ရက်အထိ ထူးခြားဖြစ်စဉ်သတင်းတွေထဲမှာတော့ ကူးစက်သူသိန်းချီနေတဲ့ ကိုဗစ်၁၉၊ ပျက်ကျတဲ့တပ်မတော်ရဟတ် ယာဉ်၊ ၁၄၀၀ အောက်ထိကျသွားတဲ့ဒေါ်လာဈေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရာစုနှစ်ရဲ့သြဇာလွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးစာရင်းမှာ ပါဝင်လာတဲ့သတင်းတွေကို သုံးသပ်ချက်တွေနဲ့အတူ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

(၁) စစ်သံမှူးတွေလိုက်ပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ နိုင်ငံတကာစစ်သံမှူးတွေကို တပ်မတော်က ရဟတ်ယာဉ်လေးစီးနဲ့ ခေါ်ဆောင်

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျပ်ဘီလီယံချီတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ တပ်မတော်က ဖမ်းမိခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၈ ရက်ကနေ မတ်လ ၅ ရက်အထိ ကျပ် ၉၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာနဲ့ လွယ်ခမ်းကျေးရွာအနီးပတ်ဝန်းကျင်မှာ တပ်မတော်က သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ မူးယစ်ဆေးဝါးတွေကို ပြသဖို့နဲ့ သတင်းစာရှင်းလင်းပွဲကို တပ်မတော်က မတ် ၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲကို လားရှိုးမှာ ပြုလုပ်တာဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ နိုင်ငံတကာစစ်သံမှူးတွေကို တပ်မတော်က ရဟတ်ယာဉ်လေးစီးနဲ့ ခေါ်ဆောင်သွားတာပါ။

အဲဒီကအပြန်မှာ ကောင်းခါးကျေးရွာနားကနေ ရဟတ်ယာဉ်တွေ ပျံအတက်မှာ စစ်သံမှူးတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စီးက စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာပါ။

ရဟတ်ယာဉ်မောင်းအပါအဝင် သုံးဦးဒဏ်ရာရခဲ့ပြီး ရဟတ်ယာဉ်အမြီးပိုင်း ပျက်စီးသွားခဲ့ပါတယ်။

(၂) ဒေါ်လာဈေး ကျပ် ၁၄၀၀ အောက်ရောက်

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN

ဓာတ်ပုံ ပုံစာ,

အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၆၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး အကျဘက်ပြန်ရောက်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

၂၀၁၈ နှစ်လယ်ပိုင်းတည်းကနေ ဒီနှစ်ဆန်းထိ တစ်နှစ်ကျော်အကြာ အတက်ဈေးမှာရှိခဲ့တဲ့ ဒေါ်လာဈေးဟာ မတ်လဆန်းမှာ ကျပ် ၁၄၀၀ အောက် ပြန်ကျသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးမထိအောင် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေလျှော့ချလိုက်တာကြောင့် ခုလိုဈေးကျတာလို့ သုံးသပ်ကြပါတယ်။

အမေရိကန်ဒေါ်လာဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁၆၀၀ ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။

အဲဒီနောက် ၁၅၀၀ ကျော်ကို တဖြည်းဖြည်းပြန်ကျလာခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ၁၄၀၀ ကျော်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

အခုတော့ တစ်ဒေါ်လာကို ကျပ် ၁၄၀၀ အောက် ပထမဆုံးအကြိမ်ပြန်ရောက်လာတာဖြစ်ပါတယ်။ ဒေါ်လာဈေးနဲ့အတူ ပြည်တွင်းစက်သုံးဆီဈေးတွေလည်း လိုက်ကျလာခဲ့ပါတယ်။

အခုလိုဒေါ်လာဈေးကျတာက မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူထုပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်ဆိုတာကို ဗဟိုဘဏ်အငြိမ်းစားဒုက္ကဋ္ဌ ဦးသန်းလွင်က အခုလို သုံးသပ်ပါတယ်။

"ဒီရောဂါကြောင့်ပဲ တစ်ကမ္ဘာလုံးမှာ ရှယ်ယာဈေးတွေကျတယ်။ ကုန်သွယ်ရေးတွေ ကသောင်းကနင်းတွေဖြစ်နေတယ်။ ဒီကြားထဲမှာတော့ မြန်မာလည်း မလွတ်ပါဘူး။ ဒီအကျိုးဆက်တွေက။ မြန်မာရဲ့စီးပွားရေးကလည်း တရုတ်ပြည်ကိုတော်တော်လေးမှီခိုနေရတဲ့အနေအထားရှိတာကိုး။ တရုတ်ပြည်ကပစ္စည်းတွေလည်းမလာ ဒီမှာလည်း ကုန်ကြမ်းတွေပြတ်နဲ့ အထည်ချုပ်တွေဆို ပိတ်ရမယ့်ကိန်းဆိုက်နေပြီ" လို့ သူက ဆိုပါတယ်။

မြန်မာမှာတော့ခုထိ ဒီကိုရိုနာဗိုင်းရပ်စ်က ထူးထူးခြားခြား ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်းကတော့ စိတ်ပူစရာရှိတယ်လို့ ဦးသန်းလွင်ကဆိုပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေးကျသလို ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်း အနည်းငယ် ကျဆင်းနေပါတယ်။

(၃) ကိုရိုနာဗိုင်းရပ်စ် နှစ်လကျော်အတွင်း ကူးစက်သူသိန်းချီလာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

လူတွေရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို ထိခိုက်လာနေ

တရုတ်ကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်လကျော် အတွင်း ကူးစက်သူ တစ်သိန်းကျော်သွားပါပြီ။

ရောဂါပျံ့ပွားမှု ထိန်းချုပ်ဖို့ ကြိုးစားနေရင်းကပဲ သေဆုံးသူ ၃၅၀၀ ကျော်ခဲ့ပါပြီ။

သေသူအများစု တရုတ်နိုင်ငံက ဖြစ်ပြီး တရုတ်ပြင်ပသေဆုံးမှုအများဆုံးနိုင်ငံတွေကတော့ အီတလီ၊ အီရန်နဲ့ တောင်ကိုရီးယားတို့က ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့နိုင်ငံအများစုမှာ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ ရှားပါးတာ၊ ဝယ်ရခက်ခဲတာ၊ ရောဂါမပျံ့အောင် အသွားအလာတွေကို ထိန်းချုပ်ကန့်သတ်ခံရတာတွေကြောင့် လူတွေရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို ထိခိုက်လာနေပါတယ်။

မြန်မာနိုင်ငံမှာလည်း နှစ်စဉ်ကျင်းပနေကျ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအကယ်ဒမီပွဲရွှေ့တာ၊ တရားစခန်း၊ ရိပ်သာတွေ ခေတ္တပိတ်ထားတာတွေရှိနေပါတယ်။

(၄) ဒေါ်အောင်ဆန်းစုကြည် ရာစုနှစ်ရဲ့ သြဇာအရှိဆုံးအမျိုးသမီးစာရင်းမှာ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, EMMANUEL DUNAND

ဓာတ်ပုံ ပုံစာ,

တိုင်းမ်ရဲ့ တစ်နှစ်တာသြဇာအလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ၁၉၉၀ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက ဖော်ပြတဲ့ ရာစုနှစ် သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းမ်ရဲ့ တစ်နှစ်တာသြဇာအလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ၁၉၉၀ ပြည့်နှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

အခုတော့ တိုင်းမ်က သူတို့ ရွေးချယ်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းက သြဇာအရှိဆုံးအမျိုးသမီးတွေကို ပြန်လည်စုစည်းပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တာကြောင့် ဒီလိုရွေးချယ်ခဲ့တာဖြစ်ပေမယ့် အစိုးရခေါင်းဆောင် ဖြစ်လာပြီးတဲ့နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ထုတ်ဖော်ကန့်ကွက်ဖို့ ပျက်ကွယ်တာ၊ အိုင်စီဂျေမှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ကိုယ်တိုင် သွားရောက်ခုခံချေပခဲ့တာတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အပယ်ခံဖြစ်ခဲ့ရတယ်လို့ တိုင်းမ်က ဖော်ပြထားပါတယ်။

တစ်ချိန်တည်းလိုလိုမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ လန်ဒန်မြို့တော် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်တဲ့အမြင်တွေနဲ့ အဲဒီပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့၊ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်က သူ့အမြင်ကို ခုလိုပြောပါတယ်။

"အရင်တုန်းကတော့ တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ စံပြဒီမိုကရေစီသူရဲကောင်းအဖြစ် ယူဆခဲ့ကြတာပေါ့။ မြန်မာ နိုင်ငံရဲ့အခြေအနေက စစ်အာဏာရှင်စနစ်က အခုထိမကုန်သေးဘူးလေ။ အဲဒီအခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့လမ်းကြောင်းက အမျိုးသားရင်ကြားစေ့ရေးကို သွားနေတာ ။ အိုင်စီဂျေသွားနေတုန်းကတောင် ဒီမှာ အာဏာသိမ်းမယ် တကဲကဲပြောနေတာတွေလည်းရှိတယ်။ ဆိုလိုတာက မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြည့်အဝရနေတဲ့နိုင်ငံမဟုတ်ပါဘူး။ အပြည့်အဝရနေတဲ့နိုင်ငံတွေက စံနှုန်းတွေနဲ့ အကဲခတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အကဲဖြတ်ကြမှာပေါ့"

"ဒါပေမဲ့ လက်တွေ့မှာ နိုင်ငံရေးသမားတိုင်း ဒီအကြပ်အတည်းကို သိကြပါတယ်။ ခုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး တပ်က တစ်ခုမှ သဘောမတူတာ။ ဆိုလိုတာက အမျိုးသားရင်ကြားစေ့ရေး ဘယ်လောက်ခက်တယ်ဆိုတာ တွေ့ရတယ်။ ရခိုင်ကိစ္စတစ်ခုတည်းနဲ့ နိုင်ငံတကာက သူတို့အမြင်ကို ပြောကြတာပေါ့။ အဲဒီလို အကဲခတ်ရင် တော်ကြာ သူရဲကောင်း၊ တော်ကြာ လမ်းဘေးရောက်သွားတဲ့ပုံစံ ဖြစ်သွားမှာပေါ့။ အဲဒီလို မဟုတ်ပါဘူး။ ရင်ဆိုင်ရတဲ့အခြေအနေက အရမ်းခက်ခဲပါတယ်" လို့ သူက ပြောပါတယ်။

(၅) မဲခွဲဆုံးဖြတ်မယ့် အခြေခံဥပဒေမူကြမ်းများ

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Mg Win

ဓာတ်ပုံ ပုံစာ,

ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပြင်ဆင်ချက်တွေကို မဲခွဲကြတော့မှာပါ။

မတ်လ ၅ ရက်မှာ အပြီးသတ်ဆွေးနွေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းတွေကိုလွှတ်တော်အဆုံးအဖြတ်ရ ယူဖို့ မနက်ဖြန် မတ်လ ၁၀ ရက်မှာ မဲခွဲ ဆုံးဖြတ်တော့မှာပါ။

အန်အယ်လ်ဒီနဲ့ ၄၅ ဦးပူးပေါင်းကော်မတီက တင်တဲ့ ဥပဒေကြမ်းနှစ်ခုနဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကတင်တဲ့ ဥပဒေကြမ်းငါးခု စုစုပေါင်း ၇ ခုထဲက ပြင်ဆင်ချက်တွေကို စုစည်းပြီး ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၃၆ (ခ) ဆိုပြီး ပုဒ်မနှစ်ခုအောက်ကနေ မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

လွှတ်တော်အမတ်တစ်ဦးကို မဲကိုးကြိမ် ပေးရမှာဖြစ်ပြီး စက်ခလုတ်နှိပ်မဲခွဲမယ့်အစား ဆန္ဒမဲလက်မှတ်စက္ကူပေါ်မှာ လျှို့ဝှက်မဲပေးရမှာဖြစ်ပါတယ်။

မတ်လ ၁၀ ရက်မဲခွဲဆုံးဖြတ်မှုပြီးရင်တော့ ဖွဲ့စည်းပုံပြင်ရေး ဘယ်အထိခရီးရောက်မလဲ သိရတော့မှာဖြစ်ပါတယ်။