ရှမ်းမြောက်မှာ ငွေကျပ် ၁၀၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မိခဲ့၊ တရားမဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိနိုင်

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ,

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ ကောင်းခါးနဲ့ လွယ်ခမ် ဒေသတွေမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ ၉ ရက်တာ အတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ ငွေကျပ် ၁၀၃.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၆ သန်းနီးပါး) ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ရှမ်းမြောက်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ သဘောရှိပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်နေ့မှာလည်း လွယ်ခမ်ဘက်မှာ သတင်းထပ်ရလို့ ရှာဖွေမှုတွေ လုပ်နေပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ စိတ်ကြွရူးသွပ်ဆေးပြား ၄၃ သန်း ၉ သိန်းကျော်၊ ဘိန်းဖြူ အလေးချိန် ၁ သိန်း ၇ သောင်း ဂရမ်၊ ဘိန်းညို အလေးချိန် ၉၄၈၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁.၆ ကီလိုဂရမ်၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ICE ၃၂၇.၅ ကီလိုဂရမ် နဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၀၈ မျိုး ဖမ်းမိခဲ့ပြီး ကာလတန်ဖိုးတွက်ချက်မယ်ဆိုရင် ကျပ်ငွေ ၁၀၃ ဘီလီယံ (အမေရိကန် ဒေါ်လာအနေနဲ့ ၇၆ သန်းနီးပါး) ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ,

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း လက်နက်ခဲယမ်းအမြောက်အများနဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့

"မတ်လ ၈ ရက်နေ့ လွယ်ခမ်မှာ ကျပ်ငွေ ၁၀.၆ ဘီလီယံကျော်ဖိုး ထပ်မိတယ်၊ ၉ ရက်တာ ဆက်တိုက်ဖမ်းမိတဲ့ ပမာဏက ၁၀၃.၉ ဘီလီယံကျော်ဖိုး ဖြစ်သွားပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာမှာရှိတဲ့ ဦးကျင်ဖူး ပိုင်ဆိုင်တဲ့ တစ်ထပ်တိုက် ၂ လုံးနဲ့ ကားဂိုဒေါင်တွေထဲက စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၉၃၀၀၀ ဘိန်းဖြူမှုန့်၊ ဘိန်းညိုမှုန့်တွေ အပြင် M-16 သေနတ်၊ ပစ္စတိုသေနတ်၊ ကာဘိုင်သေနတ်၊ လေသနတ်၊ ဝင်ချက်စတာ သေနတ်၊ Submachine Gun သေနတ်၊ M-22 သေနတ်တွေ၊ RPG ဒုံးသီးတွေ၊ လက်ပစ်ဗုံးတွေ ကျည်ဆံတွေအပါအဝင် မော်တော်ဆိုင်ကယ်နဲ့ ယာဉ်ကြီးတွေကိုလည်း ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ပိုင်ရှင် ဦးကျင်ဖူးကတော့ ထွက်ပြေးတိမ်းရှောင်သွားလို့ မဖမ်းမိခဲ့ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ,

မတ်လ ၈ ရက်နေ့ လွယ်ခမ်မှာ ကျပ်ငွေ ၁၀.၆ ဘီလီယံကျော်ဖိုး ထပ်မိခဲ့

ရှမ်းမြောက်မှာ အခုလို မူးယစ်ဆေးဝါးတွေ အလုံးအရင်းနဲ့ ဆက်တိုက်ဖမ်းမိတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "မိတဲ့သူတွေကို စစ်ဆေးကြည့်တဲ့အခါ သူတို့က ၁ လခွဲ ၂ လောက်ပဲ နေတာများတယ်၊ ရွှေ့ပြောင်းပြီး လုပ်ကိုင်နေကြတာ ဖြစ်တယ်၊ သတင်းရရချင်း လျှပ်တပြတ် ဖမ်းနိုင်တာကြောင့်ပါ" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cncds

ဓာတ်ပုံ ပုံစာ,

မတ်လ ၂ ရက်နေ့ကောင်းခါးရွာ အနီးမှာ မိတဲ့ မူးယစ်ဆေး ထုတ်လုပ်ရေးစခန်း

ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါး အများအပြားကတော့ ပိုင်ရှင်မဲ့တွေ ဖြစ်ကြပြီး အဓိက တရားခံတွေနဲ့ ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးနိုင်ဖို့ကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်တွေပါ ဖမ်းမိနေတာမျိုးဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ရှိနေသလားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "အဲ့ဒီမှာ လှုပ်ရှားနေတဲ့ တရားမဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိပါလိမ့်မယ်၊ သို့သော် ပိုင်ရှင်တွေနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေပါတယ်၊ ရုပ်လုံးပေါ်လာရင်တော့ အဖြေတခုတော့ ရမယ်လို့ မျှော်လင့်လို့ ရပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေပါတယ်။