လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် က အထည်ချုပ် လုပ်ငန်းရှင် ထွက်ပြေး

အထည်ချုပ်စက်ရုံက အလုပ်သမား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အထည်ချုပ်စက်ရုံက အလုပ်သမားအများစုဟာ အမျိုးသမီးတွေဖြစ်ပါတယ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် Su Xing အထည်ချုပ်စက်ရုံက လုပ်ငန်းရှင်ဟာ အလုပ်သမား ၃၂၀ နီးပါးကို လစာမပေးဘဲ မတ်လ ၅ ရက်နေ့က ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်ရဲ့ ယာယီတာဝန်ခံ မမိုးစန္ဒာမြင့် ကဘီဘီစီကိုပြောပါတယ်။

အဲ့ဒီစက်ရုံလုပ်ငန်းရှင်ဟာ တရုတ်နိုင်ငံသားဖြစ်ပြီးတော့ မြန်မာနိုင်ငံ ကနေ ထွက်ခွာသွားခြင်းရှိမရှိ စိစစ်ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအပါအဝင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သူကပြောပါတယ်။

"လစာထုတ်တဲ့ မတ်လ ၅ ရက်နေ့မှာ သူဌေးက ပြေးသွားတယ်ဆိုတာ သိရတယ်။ အလုပ်သမား အဖွဲ့အစည်းတွေ က လာရောက်ဖြေရှင်းပေး တာမျိုးလည်း ရှိပါတယ်။စက်ရုံကပစ္စည်းတွေ ချိတ်ပိတ်ထားပြီးတော့ အလုပ်သမား ဦးစီးဌာနမှာ သော့ကိုသိမ်းထားတယ် " လို့ စက်ရုံအလုပ်သမား တစ်ဦး ကပြောပါတယ်။

စက်ရုံက စက်ချုပ်ပစ္စည်းတွေနဲ့ အခြားဆက်စပ် ပစ္စည်းတွေကို လေလံတင်ရောင်းချပြီး အလုပ်သမား တွေကို လစာပေးဖို့လုပ်နေတယ်လို့ မမိုးစန္ဒာမြင့်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အလုပ်သမားတွေကို ကြိုတင်အသိမပေးဘဲ ထွက်ပြေးတာ တွေများလာပါတယ်

ဒုတိယမြောက်စက်ရုံ

အခုလို စက်ရုံပိုင်ရှင်ထွက်ပြေးတာ အခုရက်ပိုင်းအတွင်းဒုတိယမြောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ က လည်း Royal Myanmar Apollo စက်ရုံ ကပိုင်ရှင်တရုတ်နိုင်ငံ သားထွက်ပြေးသွားလို့ အလုပ်သမား၅၀၀ နီးပါးလစာမရခဲ့ပါဘူး။

Royal Myanmar Apollo စက်ရုံပိုင်ရှင် ဟာ လစာထုတ်မပေးခင် တစ်ရက် မတ်လ ၄ ရက်နေ့မှာ ထွက်ပြေးသွားတာဖြစ်သလို Su Xing အထည်ချုပ်စက်ရုံပိုင်ရှင် ကလည်းမတ်လ ၅ရက်နေ့မှာ ထွက်ပြေးသွားတာဖြစ်ပါတယ်။

Su Xing အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေကလစာ ပေးရမယ့်ပမာဏ ဟာ အခြေခံလစာ ဟာ သိန်း ခုနှစ်ရာ ဝန်းကျင်လောက်ရှိပြီး၊ အလုပ်ရပ်စဲရင် ကြိုတင်မပြောတဲ့ အတွက် ပေးရမယ့် ပမာဏ၊ နို့တစ်ကြေးပါ တွက်ရင်သိန်းထောင်ကျော်နိုင်တယ်လို့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်ရဲ့ ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

သူတို့တွေကိုမှီခိုနေရတဲ့ မိသားစုင်ဝင်တွေအများကြီးရှိပါတယ်။

အထည်ချုပ်စက်တွေကို လေလံ ပစ်မယ်

စက်ရုံမှာကျန်ခဲ့တဲ့ အထည်ချုပ်စက်တွေကို လေလံ ပစ်ဖို့ အတွက်မတ်လ ၉ ရက်နေ့ မှာ စတင်ပြင်ဆင်နေပြီးတော့ အလုပ်သမားတွေအတွက်ဘယ်လောက်ရနိုင်မယ်ဆိုတာ မသိရေသေးကြောင်းလည်း မမိုးစန္ဒာမြင့်ကပြောပါတယ်။

ဒီစက်ရုံဟာ တစ်ဆင့်ခံ စက်ရုံဖြစ်လို့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တာ မဟုတ်ဘဲ လုပ်ငန်းမလုပ်ကိုင်နိုင်တော့လို့ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဘီဘီစီကိုပြောပါတယ်။

စက်ရုံပိုင် ပစ္စည်းတွေကို ရောင်းချပြီးရင် လည်းအလုပ်သမားတွေရဲ့လစာ ကို အကုန်ပေးနိုင်မလာ ဆိုတာကို လည်းသူတို့အနေနဲ့ တိတိကျကျ မပြောနိုင်ဘူးလို့လည်းပြောပါတယ်။

ကုန်ကြမ်းရှားပါးပြီး မြေငှားရမ်းခစျေးကြီးတာအပါအဝင် အရှုံးပေါ်တာကြောင့် ရန်ကုန်အခြေစိုက် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင် တွေက မတ် ၅ ရက် နေ့ကပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ

လှုမှုဖူလုံရေး က ဘယ်လိုဆောင်ရွှက်ပေးမလဲ

အလုပ်သမားတွကို လစာမပေးဘဲ ထွက်ပြေးခဲ့မှုတွေအတွက် အလုပ်သမားဝန်ကြီးဌာန ကလှုမှုဖူလုံရေးဦးစီးဌာန ကိုလည်းတိုင်ထားပြီးတော့ အလုပ်သမားတွေနစ်နာမူအတွက် ဘယ်လိုဆောင်ရွှက်ပေးမလဲ ဆိုတာကို ဆွေးနွေးနေတယ်လို့လည်း အလုပ်သမားခေါင်းဆောင်တွကပြောပါတယ်။

အခုလိုမျိုးဥပဒေမဲ့ စက်ရုံပိတ်မှု တွေအပါအဝင် အစိုးရတရားဝင်သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံသူတွေလိုက်နာရမယ့်စည်းကမ်းတွေကို မလိုက်နာတဲ့ စက်ရုံတွေကိုတော့ စောင့်ကြည့်သွားမယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက မတ်လ ၈ ရက်နေ့ က ပြောပါတယ်။

မြန်မာနိုင်ငံက ကိုရီးယားစက်ရုံ ၅၀ လောက်လည်း ကုန်ကြမ်း ပြတ်လို့ စက်ရုံတွေ မကြာမီ ပိတ်ဖို ရှိနေတယ်လို့သတင်းရပြီးတော့ စက်ရုံတွေ ပိတ်တာကို ဥပဒေနဲ့အညီ ပိတ်ဖို့နဲ့ အလုပ်သမားတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စဉ်းစားဖို့ကိုလည်း အလုပ်သမားအရေး လူပ်ရှားတဲ့ အစုအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားတဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက တောင်းဆိုထားပါတယ်။