ရိုက်တာသတင်းဌာနနဲ့ ရခိုင်အမတ်ကို ၆၆ ဃ နဲ့ တပ်က တရားစွဲ

ဘူးသီးတောင်က ရွာတရွာမှာ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, RICHARD SARGENT/AFP via Getty Images

ဓာတ်ပုံ ပုံစာ,

ဘူးသီးတောင်က ရွာတရွာမှာ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ဖွဲ့ဝင်များ

ဘူးသီးတောင်မှာ လက်နက်ကြီးကျည် ကျခဲ့ပြီး သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့တဲ့အကြောင်း ဖြေကြားခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံနဲ့ သတင်းရေးသားဖော်ပြခဲ့တဲ့ ရိုက်တာသတင်းဌာနကို ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ တပ်မတော်က တရားစွဲလိုက်တာ ဖြစ်ပါတယ်။

"အမှု ၂ ခုလုံးကို ဒုဗိုလ်မှူးကြီး ပြည့်စုံအောင်က တရားလိုလုပ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘူးသီးတောင်ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ" လို့ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ဦးမောင်ကျော်ဇံဟာ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ရွာမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည် ကျခဲ့လို့ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ ဘူးသီးတောင်ဆေးရုံကို တက်ရတယ်လို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းကိုလည်း ရိုက်တာက ရေးသားဖော်ပြခဲ့ပါတယ်။

"ဒီသတင်းနဲ့ ပတ်သက်လို့ တရားစွဲတာဆိုပြီး ရဲစခန်းက အကြောင်းကြားခဲ့တယ်" လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကလည်း ပြောပါတယ်။

လက်နည်ကြီးကျည် ကျခဲ့တဲ့ သတင်းမှာ အချက်အလက်လွဲတာမျိုး ရှိနေလို့လားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဦးမောင်ကျော်ဇံက "အဲ့ဒါဘယ်လိုဖြစ်လဲဆိုတာ သူတို့ပဲ သိမယ်၊ ကျွန်တော့်ဘက်ကတော့ အမှုရင်ဆိုင်သွားမယ်၊ တရားရုံးမှာ ခုခံချေပသွားမယ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နာခံသွားမယ်" လို့ ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AMYOTHAR HLUTAW

ဓာတ်ပုံ ပုံစာ,

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ

ရိုက်တာကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ ဒီအမှုနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး ဥပဒေအရ ရိုက်တာအပေါ် ရာဇဝတ်မှုအဖြစ် တိုင်ချက်လို့ မရှုမြင်ကြောင်းနဲ့ ဒီအပေါ် မှတ်ချက်မပေးနိုင်သေးပါဘူးလို့ အကြောင်းပြန်လာပါတယ်။

ဒါပေမဲ့တော့ ဦးမောင်ကျော်ဇံဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်တာမို့ သူ့ကို တရားစွဲဖို့အတွက် သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ဥက္ကဌဆီကို ခွင့်တောင်းရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှ စွဲခွင့်ရှိတာလည်း ဖြစ်ပါတယ်။

"လွှတ်တော်ကလည်း သူတို့ခွင့်ပြုချက်တင်ရင် ခွင့်ပြုမှာပါပဲ" ဆိုပြီး ဦးမောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။

တပ်ကတရားစွဲထားတဲ့ ပုဒ်မ ၆၆ (ဃ) ဟာ "ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ဦးဦးကို ခြောက်လှန့်တောင်းယူတာ၊ အနိုင်အထက် ပြုတာ၊ မတရား တားဆီးကန့်ကွက်တာ၊ အသရေ ဖျက်တာ၊ နှောင့်ယှက်တာ၊ မလျော်ဩဇာသုံးတာ သို့မဟုတ် ခြိမ်းခြောက်တာ" တွေ အတွက် ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မတစ်ခု ဖြစ်ပါတယ်။