ကိုဗစ်၁၉-ကိုရိုနာကူးစက်မှုနှုန်းမြင့်နေတဲ့ ၇ နိုင်ငံခရီးသွားတွေ မြန်မာမှာ ၂ ပတ်ကြာစောင့်ကြည့်မှုခံယူရမယ်

မတ် ၁၅ ရက်က စတဲ့ဒီအစီအစဉ်ကြောင့် မန္တလေးလေဆိပ်ကနေ လှည့်ပြန်သွားတဲ့ခရီးသည်တွေရှိနေ
ဓာတ်ပုံ ပုံစာ,

မတ် ၁၅ ရက်က စတဲ့ဒီအစီအစဉ်ကြောင့် မန္တလေးလေဆိပ်ကနေ လှည့်ပြန်သွားတဲ့ခရီးသည်တွေရှိနေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်နေတဲ့ ၇ နိုင်ငံကလာတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားခရီးသွားတွေကို ၁၄ ရက်ကြာ ပြည်တွင်းမှာ သီးသန့်ခွဲခြားစောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပြုမယ့်အစီအစဉ်ကို ဒီကနေ့ စတင်လိုက်ပြီဖြစ်တယ်လို့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူက ဘီဘီစီကိုအတည်ပြုပါတယ်။

အဲဒီ ၇ နိုင်ငံက ကိုရီးယား၊ တရုတ်၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ ဖြစ်ပြီး အဲဒီက လာသူတွေထဲမှာ မြန်မာနိုင်ငံသားတွေပါရင် အဲဒီမြန်မာနိုင်ငံသားတွေလည်း သီးသန့်ခွဲထားစောင့်ကြည့်ပြီးမှ သွားလိုရာကို သွားခွင့်ပြုမှာဖြစ်ပါတယ်။

ဒီကနေ့ကစတဲ့အဲဒီအစီအစဉ်ကြောင့် မန္တလေးကို ဆိုက်လာတဲ့ ဘန်ကောက်အဲဝေးအပါအဝင်လေယာဉ်သုံးစင်းမှာပါလာတဲ့ အထက်ပါ နိုင်ငံတွေက ခရီးသွားတွေက မြန်မာနိုင်ငံထဲမဝင်တော့ဘဲ ပြန်လည်ထွက်ခွာသွားတယ်လို့ မန္တလေးလေဆိပ်တာဝန်ရှိသူကပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

မန္တလေးလေဆိပ်ကနေ လှည့်ပြန်သူတွေရှိခဲ့

"ကျွန်တော်တို့ဆီကို ညွှန်ကြားလာတာက ၇ နိုင်ငံပါ။ အဲဒီကလာတဲ့သူတွေကို မန္တလေး ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်ကြာ quarantine လုပ်ဖို့ ပြောပြပါတယ်။ ဒီကနေ့က စပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ဘန်ကောက်အဲဝေးရယ်၊ လေယာဉ်သုံးစင်းစိုက်ပါတယ်။ အဲဒီမှာပါလာတဲ့အထဲက ခရီးသည်တွေကတော့ သူတို့ အဲဒီလိုတော့မနေဘူးဆိုပြီး ပြန်သွားကြပါတယ်" လို့ သူက ပြောပါတယ်။

အဲဒီ ၇ နိုင်ငံက လူတွေ နှစ်ပတ်ကြာ စောင့်ကြည့်မှုခံယူမယ်ဆိုရင် ထားရှိဖို့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူတွေကိုထားရှိတဲ့ မန္တလေး ကန်တော်နဒီဆေးရုံမှာ အခန်းပေါင်း ၃၈ ခန်း ပြင်ဆင်ထားပြီး တစ်ခန်းကို လူနှစ်ဦးနှုန်းနဲ့ လူ ၇၆ ဦးစာ ပြင်ဆင်ထားတယ်လို့ ကန်တော်နဒီဆေးရုံအုပ် ဒေါက်တာခင်ကျော်က ဘီဘီစီကိုပြောပါတယ်။

တကယ်လို့ ခရီးသည်အရေအတွက် ဒီထက်ပိုများလာရင်ရော ဘယ်လိုပြင်ဆင်ထားပါသလဲလို့ မေးမြန်းတဲ့အခါ ဒေါက်တာခင်ကျော်က

"အဲဒီလိုဆိုရင် တိုင်းဒေသကြီးအစိုးရက စီစဉ်ထားတဲ့ နဒီမြန်မာ ဟိုတယ် မှာ ထားဖို့ တိုင်းဒေသကြီးအစိုးရကို တင်ပြရမှာပါ။ အဲဒီဟိုတယ်က တကယ်လို့ ဗိုင်းရပ်စ် postive တွေ့လာရင် ထားနိုင်ဖို့ ဆေးရုံလို ပြင်ဆင်ထားပြီးပါပြီ။ အဲဒီဟိုတယ်မှာ အထပ်က သုံးထပ်ဆိုတော့ ကျွန်တော်ထင်တယ်။ ရာနဲ့ချီတော့ လက်ခံနိုင်မယ့်အခြေအနေရှိပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ခရီးသည်တွေကို ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်စောင့်ကြည့်မှာဖြစ်ပါတယ်။

အဲဒီလိုနှစ်ပတ်ကြာစောင့်ကြည့်တဲ့ကုန်ကျစရိတ်တွေကို ခရီးသည်တွေကပဲ ကျခံရမှာဖြစ်ပြီး အစိုးရက ကျခံပေးဖို့တော့ ညွှန်ကြားချက်တစ်စုံတစ်ရာ ရမထားဘူးလို့ ဒေါက်တာခင်ကျော်က ပြောပါတယ်။

ရန်ကုန်မှာဆိုရင်တော့ ဝေဘာဂီ၊ တောင်ဥက္ကလာပ အမျိုးသမီးနဲ့ ကလေးဆေးရုံ၊ လှည်းကူးသင်တန်းကျောင်းနဲ့ သိမ်ဖြူအားကစားကွင်းမှာ အဆောင်တွေပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ထုတ်ပြန်တဲ့စာမှာတော့ အမေရိကန်ပြည်ထောင်စုပါ ပါဝင်နေပြီး စုစုပေါင်း ရှစ်နိုင်ငံပေမယ့် မန္တလေးလေဆိပ်ကတော့ သူတို့ကိုညွှန်ကြားလာတဲ့အထဲမှာ အမေရိကန် မပါဘူးလို့ လေဆိပ်တာဝန်ရှိသူကပြောပါတယ်။

အဲဒီနိုင်ငံကလာသူတွေကို မန္တလေး ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်ကြာ စောင့်ကြည့်မယ့်အစီအစဉ်အပေါ် လက်မခံတဲ့ ခရီးသည်တွေကတော့ ပြန်လည်ထွက်ခွာသွားလို့ အခုထိတော့စောင့်ကြည့်မယ့်ဆေးရုံကို တစ်ယောက်မှ မပို့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၅,၈၀၀ ကျော်နဲ့ ကူးစက်သူပေါင်း တစ်သိန်းခွဲကျော် ရှိသွားပါပြီ။

ဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်နေကောင်းလာသူက ခုနစ်သောင်းခွဲကျော် ရှိနေပါတယ်။

ဒီကနေ့ မတ်လ ၁၅ ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၃၉ ဦး ထပ်တွေ့ခဲ့ပြီး ၃ ဦးသေဆုံးခဲ့ပါတယ်။

တောင်ကိုရီးယားမှာတော့ ကူးစက်သူ ၇၆ ဦး ထပ်တွေ့ခဲ့ပြီး ၃ ဦးသေဆုံးခဲ့ပါတယ်။

တရုတ်မှာတော့ မနေ့ကအထိ ကူးစက်သူ ၂၀ ဦးထပ်တွေ့ခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဆေးကုသမှုခံယူနေတဲ့ သူ ၁,၀၀၀ ကျော်ကတော့ ဆေးရုံကနေ ပြန်နေကောင်းလာလို့ ဆေးရုံက ဆင်းသွားပြီလို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားထားပါတယ်။

အခုချိန်ထိ နိုင်ငံပေါင်း ၁၄၀ ကျော်မှာ ဒီဗိုင်းရပ် ကူးစက်ခံထားရပြီး တရုတ်က ကူးစက်သူ ရှစ်သောင်းကျော်၊ သေဆုံးသူ သုံးထောင်ကျော်နဲ့ အများဆုံး၊ အီတလီက ကူးစက်သူ နှစ်သောင်းကျော်၊ သေဆုံးသူ ၁၄၀၀ ကျော်နဲ့ ဒုတိယအများဆုံး၊ အီရန်က ကူးစက်သူ တစ်သောင်းကျော်၊ သေဆုံးသူ ၆၀၀ ကျော်နဲ့ တတိယအများဆုံး၊ တောင်ကိုရီးယားက ကူးစက်သူ ရှစ်ထောင်ကျော်၊ သေဆုံးသူ ၇၅ ဦးနဲ့ လေးခုမြောက်အများဆုံး အဖြစ် ရပ်တည်နေပါတယ်။

ဗီဒီယို ပုံစာ,

china economy

မြန်မာနိုင်ငံမှာတော့ မတ်လ ၁၄ ရက်အထိစောင့်ကြည့်လူနာနဲ့ သံသယလူနာ တစ်ရာကျော်ရှိပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိသေးဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။