ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံတွေ မြန်မာ ဆေးရုံတွေမှာအလုံအလောက်ရှိ ရဲ့လား

ဓာတ်ပုံ မူပိုင် MPA
Image caption ရန်ကုန်ဝေဘာဂီဆေးရုံ

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားကူးစက်လာခဲ့ရင်၀တ်ဆင် ကုသဖို့ အတွက် မြန်မာနိုင်ငံ ကဆေးရုံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ PPE တွေအလုံအလောက်မရှိဘူးလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ကဘီဘီစီကိုပြောပါတယ်။

ဒါအပြင် အသက်ရှုစက်တွေဟာ ဆေးရုံကြီးတွေမှာရှိပေမယ့် covid 19 လူနာ ကိုကုသလိုက် ရင်နောက်လူကို ကုသမရနိုင်တဲ့ အတွက် အခက်အခဲရှိနိုင်တယ်လို့လည်း သူကပြောပါတယ်။

"ဒီအသက်ရှုစက် ကိုနောက်တစ်ယောက်သုံးရင် နောက်တစ်ယောက်ကူးသွားမှာကို၊ တို့ တိုင်းပြည်မှာတော့ ဆေးရုံတစ်ရုံ လုံးမှ တစ်လုံး ရှိတာတို့၊ နှစ်လုံးရှိတာတို့၊ ရှိတာကိုး အဲဒီ covid 19 လူနာတွေ ကိုပေးရပြီဆိုရင် ကျန်တဲ့ လူနာ အတွက်က မရှိတော့ဘူး "လို့ ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လူနာ တွေ တကယ်တန်းများလာခဲ့ ရင် အခြားနိုင်ငံ တွေမှာတော့ ဟိုတယ်တွေကို ဆေးရုံ အဖြစ် ပြောင်းထားပြီးကုတာရှိပေမယ့် မြန်မာနိုင်ငံ ဆေးရုံတွေမှာ လူနာများလာရင် ဘယ်လို ကုမလဲ ဆိုတဲ့ ကုသရေးအတွက် စဉ်းစားမှုတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ကိုရိုနာ စတင်ရာ ဝူဟန်ကပြန်လာသူတွေကိုစောင့်ကြည့်ခဲ့

"စာသင်ကျောင်းတွေအခုပိတ်ထားတော့ ပိုးသတ်ပြီး သုံးသင့်ရင် သုံးမယ်၊ဟိုတယ်တွေ သုံးသင့်ရင်သုံးမယ် ဆိုပြီး စဉ်းစားနေကြတယ်"လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး အပိုင်းတွေ အတွက် N95 နှာခေါင်းစည်းတွေ နဲ လိုအပ်သလို လူနာကိုစောင့်ကြည့်တဲ့စက် ၊ ဆေးထိုးတဲ့ စက် အကြောဆေးသွင်းတဲ့စက်နဲ့ အလွယ်တကူ သယ်လို့ရတဲ့ ဓာတ်မှန်စက်၊ ရင်ကျပ်ရင်ရှူတဲ့ စက်၊ အောက်စီဂျင်စက်၊ တွေလည်းလို တယ်လို့လည်း သူကပြောပါတယ် ။

covid 19 လူနာကို အပြင်ခေါ်ထုတ် ကုသလို့မရတာ ကြောင့် အခုလို စက်တွေထပ်လိုတာဖြစ်တယ်လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

"လိုအပ်တာတွေ ကတော့အများကြီးပဲ မနေ့ကတော့ ဝန်ကြီးက မကြာမီ ဘက်ဂျက် ချပေးဖို့ ရှိတယ်လို့ ပြောသွားတယ်" လို့လည်းသူကပြောပါတယ်။

မြန်မာနိုင်ငံ ဆရာဝန်များအသင်းကလည်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန နဲ့ပူးပေါင်းပြီးစေတနာ့ ဝန်ထမ်း လုပ်ကိုင်မယ့် ဆရာဝန်များအမည်စာရင်းစုဆောင်းနေတယ်လို့ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Yan Naing
Image caption မတ်လ ၁၇ ရက်နေ့ က စောင့်ကြည့်လူနာသေဆုံးခဲ့တဲ့ ကျိုင်းတုံဆေးရုံ

"ဒီရောဂါဖြစ်လာခဲ့ ရင်ထိပ်ဆုံး ကကူးခံရမှာ တို့ပဲ၊ အဲတော့ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံးက လည်းစိုးရိမ်ကြပါတယ်။ အဲတော့ ဘယ်ကလာမယ်မှန်းမသိတဲ ရန်သူကို စောင့်နေ ရတယ် အခုလည်းမနိုင်ဝန်ထမ်းနေ ရတာဆိုတော့ စိတ်ပူပန်မှုတွေရှိတယ်လို့လည်း "သူကပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ စိတ်ဖိစီးမှု တွေများလွန်းနေတာကြောင့် သူတို့ကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့အားပေးမှုတွေလုပ်ပေးသင့်တယ်လို့လည်းပြောပါတယ် ။

မတ်လ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့သေးပေမယ့် သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ က ၇ ဦး သေဆုံးခဲ့ပါတယ် ။ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေ ကို အရှိန်အဟုန်မြှင့် ပြီးဆောင် ရွက်လျက် ပေးတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီး ဌာန တရားဝင်ထုတ်ပြန်ချက်တွေအရ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၁၆) ဉီးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ကုသရေးဘက်က လည်းပြင်ဆင်မှုတွေလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ပြန့်ပွားမှု လျော့ပါးသက်သာရေးအထောက်အကူပြုစေရေးအတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ဒေါ်လာ ၁.၈ သန်း ငွေကြေးအကူအညီ ထောက်ပံ့ပေး ဖို့ USAID က ကြေညာ ထားပါတယ်။

မြန်မာ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ COVID-19 အတွက် ကြိုတင်ပြင်ဆင်မှုတွေကို အထောက်အကူဖြစ်စေဖို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က မြန်မာနိုင်ငံကို နှာခေါင်းစည်း ၃၁,၅၀၀၊ မျက်နှာအကာ ၁,၅၀၀၊ မျက်နှာစည်း ၁,၅၀၀၊ ဝတ်ရုံအစုံ ၁,၅၀၀၊ ဖိနပ်ဖုံး ၁,၅၀၀နှင့် မျက်ကာမျက်မှန် ၁,၀၀၀ ပါဝင်သော ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်ခဲ့ တယ်လို့ လည်းရန်ကုန်မြို့အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

"စက်ကိရိယာတွေ မစုံလင်ပေမယ့် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေဆဲပါ။တကယ်လို့ positive လူနာ တစ်ယောက် ပေါ်လာလို့ စမ်းသပ်တဲ့ ဆရာ၀န် ၀န်ထမ်းတွေ ကလည်း ဘာကြိုတင်ကာကွယ်မှုမှ လုပ်မထားမိသေးဘဲ စမ်းမိရင် လူနာကိုင်မိသူများ quarantine (၁၄)ရက်ထိပါ့မယ်။ ဆရာ၀န်၊ ဆရာမ၊ သန့်ရှင်းရေး အကုန် (၁၄)ရက် ထိပါ့မယ်။

အဲဒီလို အဖြစ်မျိုး positive လူနာ(၅)ယောက်လောက်မှာ ကြုံရရင် quarantine အလုပ်ခံရတဲ့ အရေအတွက် တစ်အားများပြီး ပုံမှန် ဆေးရုံ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်"လို့ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။