မြန်မာနိုင်ငံက ပထမဆုံးပိုးတွေ့လူနာ၂ဦးနဲ့ဆက်စပ်ခဲ့တဲ့ တီးတိန်ကရွာနဲ့ အရှင်ဆေကိန္ဒကျောင်းတိုက်ကို Lock Down ချ

ညဘက်ကြီး လူအုပ်စုလိုက် ဈေးတွေဝယ်ကြ ဓာတ်ပုံ မူပိုင် Phyo Hein Kyaw
Image caption ညဘက်ကြီး လူအုပ်စုလိုက် ဈေးတွေဝယ်ကြ

မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ် - ၁၉ ပိုးတွေ့လူနာတွေဖြစ်တဲ့ အမေရိကန်နိုင်ငံကလာသူ နေထိုင်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန် မြို့က ရွာတစ်ရွာနဲ့ ဗြိတိန်ကပြန်လာသူကို ၁၄ ရက်စောင့်ကြည့်ရာနေရာအဖြစ်နေ ထိုင်ခဲ့တဲ့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တို့ကို အဝင်အထွက်သွားလာခွင့်မပြုဘဲ ပိတ်ချ( Lock Down) လိုက်ပြီဖြစ်တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ ၂ဦးကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့မှာ စတင်ကြေညာခဲ့ပါတယ်။

' ' အမျိုးသား ၂ဦးနဲ့ထိတွေ့ခဲ့တဲ့ သွားလာခဲ့တဲ့နေရာက လူအားလုံးကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်တာ၊ စောင့်ကြပ်ကြည့်ရှုတာတွေကို လုပ်နေပါပြီ။ ညကထဲက စလုပ်နေပါပြီ။'လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒရဲ့ကျောင်းတိုက်မှာ ပြည်ပက ပြန်လာသူ ၁၀၇ ဦးကို လက်ခံထား ရှိခဲ့ရာက ၆ယောက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

' ' အခုစိတ်မပူကြဖို့၊ လုပ်ငန်းဆက်စပ်လို့ ဘုန်းဘုန်းရယ် ကပ္ပိယတို့ဆရာဝန်တို့ပဲ လုပ်ငန်းပဲဆက်စပ်မှု ရှိတာပါ။ ဟိုလိုထိတွေ့မှုတော့မရှိပါဘူး။ ကျောင်းတိုက်ကို အခုအဝင်အထွက်အားလုံး ပိတ်ထားလိုက် ပါပြီ။အားလုံးနဲ့တိုင်ပင်ပြီးမှာ ဘုန်းဘုန်းတို့ဆန္ဒအတိုင်းပဲ လိုက်လျောလိုက်တာပါ။ စိတ်မပူကြပါနဲ့။ ပုံမှန်ပဲအားလုံးဆက်လုပ်နေပါတယ်။''လို့ ဆရာတော်က မတ် ၂၄ ရက်နေ့မှာ တပည့် ဒါယိကာတွေ ကိုမိန့်ကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Okkar Thein'Facebook
Image caption ဆရာတော်အရှင်ဆေကိန္ဒအပါအဝင် ကျောင်းတိုက်တွင်းနေထိုင်သူအားလုံးရဲ့ အဝင်အထွက်အားလုံးကို ပိတ်ချထား

ပိုးတွေ့လူနာတွေ သွားခဲ့တဲ့နေရာတွေကို ဘာလုပ်ထားပြီလဲ

ဗြိတိန်နိုင်ငံက ပြန်လာသူမှာ လေဆိပ်ကနေ စောင့်ကြည့်ရာနေရာကို တန်းရောက်သွားသူဖြစ်ပေမဲ့ အမေရိကန်နိုင်ငံကလာသူအမျိုးသားမှာ တီးတိန်မြို့အပြင် ကလေးမြို့ကိုလည်း Pre wedding အတွက် ဓာတ်ပုံသွားရောက်ရိုက်ကူးတာတွေကိုပါရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့်အဆိုပါ အမျိုးသားသွားခဲ့တဲ့နေရာတွေထဲက ရွာကြီးကို Lock Down (သို့မဟုတ်) Community Quarantine လုပ်ခဲ့တဲ့အပြင် ကလေး-တီးတိန် အဝင်အထွက်ကန့်သတ် နေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေး က တရားဝင်ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် အဆိုပါ အမျိုးသား ဓါတ်ပုံရိုက်သွားတဲ့ ဓာတ်ပုံဆိုင် အပါအဝင် သွားခဲ့တဲ့ နေရာတွေက မိသားစုဝင် တွေကို Home Quarantine လုပ်နေသလို ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင်နေပြီလို့ဆိုပါတယ်။

' ' ကျွန်မတို့ ကျန်းမာရေးဌာနအနေနဲ့ သူလာခဲ့တဲ့ လေယာဉ်အမှတ်တွေကနေတဆင့် သူနဲ့ ဘယ်သူ ထိတွေ့ခဲ့တယ် ၊သူသွားခဲ့တဲ့နေရာတွေလိုက်ပြီး ထိတွေ့ခဲ့သူတွေကို စုံစမ်းထောက်လှမ်းတဲ့ဟာကို သေသေချာချာကို စုံစမ်းထောက်လှမ်းနေပါတယ်။ ဒီအပိုင်းမှာ အခက်အခဲမရှိပါဘူး''လို့ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ စစ်ကိုင်းတိုင်းအဝင် တံတားကြီးတွေမှာ ကျန်းမာရေးစစ်ဆေးကာ ထူးခြားမှု တွေ့ပါက စောင့်ကြပ်ကြည့်ရှုတာ(Quarantine )လုပ်ပါမယ်။ ပြည်တော်ပြန်တွေကို Home Quarantine ၁၄ ရက် ထားပါမယ်လို့လည်း ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Hein Kyaw
Image caption စူပါမားကတ်ကြီးအချို့ မတ် ၂၃ ရက် ညပိုင်းက ယာယီပိတ်ထားခဲ့ရတဲ့အထိဖြစ်ခဲ့

ကိုဗစ် -၁၉ လူနာတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ ကောလာဟလတွေ

မတ် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့ပထမဆုံး ပိုးတွေ့လူနာတွေလို့ဆိုရမယ့် အဆိုပါအမျိုးသား ၂ဦးဟာ ရောဂါကြောင့် သေဆုံးသွားပြီလို့လည်း မတ် ၂၄ ရက်မနက်ပိုင်းမှာ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါတယ်။

' ' ၂ ယောက်စလုံး ကျန်းမာရေးကောင်းတယ်။ ကောလာဟလတွေတင်တဲ့အကောင့်တွေကိုဖြုတ်ချဖို့ Facebook Team နဲ့ဆောင်ရွက်တာတွေလုပ်နေတယ်။ ပေ့ချ်တွေကတင်တာဆိုရင်လည်း မီဒီယာကောင်စီကတဆင့် တိုင်ကြားတာတို့လုပ်ပါတယ်။ အရေးယူတာ တရားစွဲတဲ့အပိုင်းကတော့ ကျန်တဲ့သက်ဆိုင်ရာဌာနတွေက လုပ်ရမှာပါ။''လို့ ကိုဗစ် -၁၉ လူနာတွေနဲ့ပတ်သက်တဲ့ ကောလာဟလ တွေအပေါ် ဒေါက်တာခင်ခင်ကြီးက အခုလိုတုံ့ပြန်ပြောဆိုပါတယ်။

ကိုဗစ် -၁၉ လူနာတွေသေဆုံးပြီဆိုတဲ့ကောလာဟလတွေအပြင် မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာရှိလာတဲ့ အတွက် စူပါမားကတ်၊ ၂၄ နာရီ မီနီမားကတ်တွေနဲ့ ရပ်ကွက်ဈေးဆိုင် ၊ဆေးဆိုင်တွေမှာ အစားအသောက်နဲ့ ဆေးဝါးတွေကို အလုအယက်ဝယ်ယူကြတာတွေလည်းရှိနေပါတယ်။

ကိုဗစ် -၁၉ ပိုးတွေ့လူနာတွေကို ထပ်မံစစ်ဆေးမယ်

ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း ထုတ်ပြန်ကြေညာခဲ့သူ ၂ဦးစလုံးကို မြန်မာနိုင်ငံ ဓာတ်ခွဲခန်းမှာ စစ်ဆေးပုံစစ်ဆေးနည်း protocol ၄နည်းနဲ့စစ်ဆေးခဲ့တာဖြစ်ပြီး WHO ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းကို ဒီကနေ့ မတ် ၂၄ ရက်နေ့မှာထပ်မံပေးပို့စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

ကိုဗစ် -၁၉ ကမ္ဘာ့အခြေအနေ

မတ် ၂၄ ရက်နေ့မနက်အစောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၃၇၈၇၄၁ နဲ့ သေဆုံးသူ ၁၆၄၉၆ ဦး ရှိလာ ပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHOကလည်း ကိုဗစ် - ၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ဆက်အရှိန်မြင့် နေဦးမယ်လို့ ပြောထားသလို ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။

သေဆုံးသူ ၁၆၀၀၀ ကျော်ထဲမှာ အီတလီနိုင်ငံက သေဆုံးမှုပေါင်း ၆၀၇၇ ဦးရှိသွားပြီဖြစ်ပါတယ်။