အစိုးရဝန်ထမ်းတွေ ၅၀ ရာခိုင်နှုန်းသာရုံးတက်ဖို့ သမ္မတရုံးထုတ်ပြန်အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Saw Kyaw San Oo
Image caption ပြည်တွင်းပြန်ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ မိုများပြားလာ

(၁ ထိုင်းမှာ သွားလာခွင့်ကန့်သတ်ချက်တွေထပ်တိုးလို့ ပြည်တွင်းပြန်ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ မိုများပြားလာ

မတ်လ ၂၆ရက်မှစတင်ပြီး ထိုင်းနိုင်ငံ အတွင်း ခရိုင်/မြို့နယ် /ရပ်ကျေးနယ်များ ကန့်သတ် သွားလာခွင့် အချိန်ပိုင်းခွင့်ပြုတဲ့ ဥပဒေနဲ့စတင်လုပ်ဆောင်တော့မှာဖြစ်တဲ့အတွက် မြဝတီ ချစ်ကြည်ရေး တံတား အမှတ် ၂ဂိတ်ကနေ နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ ရက်ပိုင်းအတွင်းပိုမိုများပြားလာပါတယ်။

ဒီလိုပြန်ဝင်လာသူတွေကို တိုင်းဒေသကြီး ပြည်နယ် အစိုးရကနေရန်ကုန် ၊မန္တလေး၊ ကျိုက်ထီးရိုး၊ မော်လမြိုင်၊ဘားအံ၊မြဝတီ ကုန်ကား၊ကားလေး၊ကားကြီး၊အမြန်ယာဉ်တွေကို တိုင်းဒေသကြီး/ပြည်နယ်တွေက အုပ်ချုပ်ရေး/ကျန်းမာရေးအဖွဲ့တွေ ကိုယ်တိုင် ချိတ်ဆက်ကြိုပို့သယ်ဆောင်ပြီး နေအိမ်အရောက်၁၄ ရက်စောင့်ကြည့်နေထိုင်ရမယ့် ကိစ္စတွေကို အသိပညာပေးဟောပြောကာ နေရပ်နေအိမ်အရောက်ပို့ ပေးနေတယ်လို့လည်းသိရပါတယ်။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေများပြားလွန်းတာကြောင့် ၁၄ ရက်စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေကို ကိုယ့်နေအိမ်မှာပဲ ပြုလုပ်ကြဖို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

(၂ အစိုးရဝန်ထမ်းတွေ ၅၀ ရာခိုင်နှုန်းသာရုံးတက်ဖို့ သမ္မတရုံးထုတ်ပြန်

မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာရှိလာပြီဖြစ်တဲ့ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ရောဂါကြိုတင်ကာကွယ်တားဆီးရေးနဲ့ ရုံးလုပ်ငန်းတွေအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက်ဆိုကာ အစိုးရရုံးဌာနတွေမှာ ဝန်ထမ်းရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ရုံးတက်တာဝန်ထမ်းဆောင်ခိုင်းဖို့ နိုင်ငံတော်သမ္မတရုံးကနေ မတ် ၂၅ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

နားရက်ရမယ့် ကျန်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းဟာ နေထိုင်ရာ ဝန်ထမ်းအဆောင် အိမ်ရာတွေမှာ တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး မပျက်မကွက်နေထိုင်ကြဖို့နဲ့ လိုအပ်လို့ခေါ်ယူပါက အချိန်နဲ့တပြေးညီရုံးကိုလာ တာဝန်ထမ်းနိုင်ရမယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။

မတ် ၂၆ရက်နေ့မနက်ပိုင်းထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၃ဦးရှိလာပြီဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Mar Naw/MPA
Image caption ဒေါက်တာအောင်ဇော်ပြန်လွတ်ရေးအတွက် ဝန်ထမ်းအများအပြားက ဆန္ဒထုတ်ဖော်တောင်းဆိုတာတွေလည်းရှိခဲ့

(၃ အဂတိမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာ့ဆေးဝါးစက်ရုံ (BPI)စက်ရုံမှူး ဒေါက်တာအောင်ဇော်ကိုအာမခံပေးဖို့ ထပ်လျှောက်ထား

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စွဲချက်ဖြင့် တရားစွဲဆိုထားသော မြန်မာ့ဆေးဝါး စက်ရုံ (BPI) မှ စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို အချုပ်လွတ်ထုချေနိုင်ဖို့အတွက် အာမခံပေးဖို့ သူ့ရဲ့ရှေ့နေကနေ မတ် ၂၅ ရက်နေ့မှာ တရားရုံးကို ထပ်မံလျှောက်ထားခဲ့ပါတယ်။

အာမခံသူတွေအဖြစ် ဒေါက်တာခင်မောင်လွင် (FAME ဆေးဝါးကုမ္ပဏီ )နဲ့ ဒေါက်တာခင်ခင်ဌေး( FAME) တို့က လျှောက်တင်ခဲ့ပြီး တရားရုံးက ခွင့်ပြုမပြုကို ဧပြီ ၃ ရက်နေ့ရုံးချိန်းမှာ အစိုးရရှေ့နေလျှောက်လဲပြီးမှ သာ သိရမှာဖြစ်ပါတယ်။

BPIဆေးဝါးစက်ရုံမှူးဒေါက်တာအောင်ဇော်ကို အရေးယူတာဟာ စက်ရုံမှူးနဲ့ ပတ်သက်လို့ တိုင်စာရတဲ့အတွက် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့ရာမှာ စက်ရုံမှူး ဒေါက်တာ အောင်ဇော်က ဆေးဝါး ထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့ ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဝယ်ခဲ့လို့ အရေးယူခဲ့တာလို့ ကော်မရှင်က အရေးယူတဲ့ အကြောင်းကို ၂၀၁၉ စက်တင်ဘာ ၇ ရက်မှာထုတ်ပြန်ထားခဲ့ပါတယ်။

ဒေါက်တာအောင်ဇော်ဟာ စက်ရုံဝန်ထမ်းတွေရဲ့ ချစ်ခင်လေးစားခြင်းခံရသော စက်ရုံမှူးတစ်ဦးဖြစ်ပြီး ဒေါက်တာအောင်ဇော်ပြန်လွတ်ရေးအတွက် ဝန်ထမ်းအများအပြားက ဆန္ဒထုတ်ဖော်တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် REC
Image caption ကိုဗစ် -၁၉ အသိပညာပေးရေးကို အရပ်ဘက်အဖွဲ့တွေ စတင်လုပ်ဆောင်

(၄အင်တာနက်ဖြတ်ခံထားရတဲ့ရခိုင်မှာ ကိုဗစ် -၁၉ အသိပညာပေးရေးကို အရပ်ဘက်အဖွဲ့တွေ စတင်လုပ်ဆောင်

တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အင်တာနက်ဖြတ်တောက် ခံထားရတဲ့အတွက် ကိုဗစ် -၁၉ နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ ကာကွယ်ရေးအသိပညာတွေကို ရခိုင်လူထုကြား လိုက်လံအသိပေးတာတွေကို မတ် ၂၅ ရက်နေ့ကစပြီး စတင်လုပ်ဆောင်နေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးကနေ သိရပါတယ်။

ကိုဗစ် -၁၉ အသိပညာပေး ဟောပြောသရုပ်ပြတာတွေ၊ လက်ကမ်းစာစောင်ပေးဝေတာ ၊နှာခေါင်းစည်းတွေ ပေးဝေတာကို စစ်တွေမြို့ပေါ်ရပ်ကွက်တွေနဲ့ ဒုက္ခသည်တွေခိုလှုံရာနေရာတွေမှာ လိုက်လံပြုလုပ်ခဲ့ပြီး အခြားသောမြို့တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ဒါအပြင် မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ် -၁၉ ပိုးတွေ့လူနာလည်း တွေ့ရှိလာပြီဖြစ်တဲ့အခြေအနေမှာ ကပ်ရောဂါ အကြောင်း ဗဟုသုတတွေကို မသိရှိထားပါက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ပိုးတွေ့လူနာရှိလာပါက ဆိုးရွားတဲ့အခြေအနေတွေရှိလာနိုင်တဲ့အတွက် အင်တာနက်ကွန်ရက်တွေကို ပြန်လည်ဖွင့်ပေးဖို့ကိုလည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေကနေ အစိုးရကို တောင်းဆိုထားကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ ၂သောင်းကျော်ရှိလာ

(၅ကိုဗစ်-၁၉ ကူးစက်မှုပေါင်း လေးသိန်းခုနှစ်သောင်းကျော်နဲ့ သေဆုံးသူ နှစ်သောင်းတစ်ထောင်ကျော်ရှိလာ

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်မှုပေါင်း လေးသိန်းခုနှစ်သောင်းကျော်နဲ့ သေဆုံးသူ နှစ်သောင်းတစ်ထောင်ကျော်ရှိလာပြီလို့ မတ် ၂၆ ရက်မနက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန် ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

ကိုဗစ် -၁၉ ကြောင့်သေဆုံးသူအရေအတွက်မှာ အီတလီနဲ့စပိန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ သေဆုံးသူနှုန်းထက်ပိုမိုများပြားခဲ့ပြီး အီတလီမှာ သေဆုံးသူ ၇၅၀၃ဦးအထိရှိလာပြီး ကူးစက်မှုအသစ် ၅၂၁၀ထပ်တိုးလာပါတယ်။

ဆက်စပ် အကြောင်းအရာများ