ကိုရိုနာဗိုင်းရပ်စ်-အမေရိကန်မှာ ကိုဗစ်ကူးစက်သူ တစ်ရက်တည်း တစ်ထောင်ကျော်ရှိ

နိုင်ငံတွင်းကူးစက်ဖြစ်ပွားမှုနှုန်းများလာတဲ့အတွက် ဗိုင်းရပ်စ်နောက်ထပ်ဗဟိုချက်မတစ်ခုဖြစ်လာနိုင်တယ် ဓာတ်ပုံ မူပိုင် Newsday LLC
Image caption နိုင်ငံတွင်းကူးစက်ဖြစ်ပွားမှုနှုန်းများလာတဲ့အတွက် ဗိုင်းရပ်စ်နောက်ထပ်ဗဟိုချက်မတစ်ခုဖြစ်လာနိုင်တယ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်၁၉ ရောဂါ ကူးစက်သူစုစုပေါင်းရဲ့ သုံးပုံတစ်ပုံဟာ အမေရိကန်က ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။

WHO ရဲ့ ပြောခွင့်ရ မစ္စမာဂရက်ဟားရစ်စ်က အမေရိကန်မှာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများလာတဲ့အတွက် ကပ်ရောဂါရဲ့ နောက်ထပ် ဗဟိုချက်မ ဖြစ်လာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂၅ ရက်တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်ထောင်ကျော် ရှိခဲ့ပါတယ်။

အခု မတ် ၂၆ ရက်မနက်ထိ အမေရိကန်ဟာ ကူးစက်သူပေါင်း ၆၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူက တစ်ထောင်ကျော်သွားပါပြီ။

ဗိုင်းရပ်စ် စပြန်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်မှာတော့ ကိုဗစ်ကူးစက်သူအသစ် ထပ်မရှိတော့တာ တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ဟာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် လေးလခန့်အကြာမှာ သေဆုံးကူးစက်မှုနှုန်းလျော့ကျခဲ့သလို အခုဆို ဟူပေပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပြန်လည်ပတ်နေပါပြီ။

အဲဒီနောက် ဗိုင်းရပ်စ် ဗဟိုချက်မအဖြစ် ဥရောပက အီတလီနိုင်ငံဖြစ်လာခဲ့ပြီး သေဆုံးနှုန်းက တရုတ်ကို ကျော်လွန်သွားခဲ့ပါတယ်။

အခုဆို ဒီဗိုင်းရပ်စ်နဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး သူ့နောက်မှာ စပိန်နိုင်ငံ ရှိနေပါတယ်။

အမေရိကန်မှာလည်း နိုင်ငံတွင်း ကူးစက်ဖြစ်ပွားမှုနှုန်းများလာတဲ့အတွက် ဗိုင်းရပ်စ် နောက်ထပ်ဗဟိုချက်မတစ်ခု ဖြစ်လာနိုင်တယ်လို့ WHO က သတိပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Joe Raedle
Image caption ဗိုင်းရပ်စ်မဖြန့်ဖို့ သတိပေးဆိုင်းဘုတ်တွေလည်း အမေရိကန်တစ်လွှား မြင်တွေ့နေရပါပြီ။

အဲဒီလိုသတိပေးမှုမတိုင်ခင်မှာလည်း နယူးယောက်မှာ ဒီဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဆေးနဲ့ဆေးပစ္စည်းတွေ ကိရိယာတွေ မလုံလောက်တော့ဘူးလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဗြိတိန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၆၃ ဦး ရှိသွားပါပြီ။

အမေရိကန်ပြည်ထောင်စု ဂျွန်စ်ဟော့ပ်စ်ကင်းတက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ

ကိုဗစ်၁၉ ဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံနေရတဲ့ နိုင်ငံတွေရဲ့ သေဆုံးကူးစက်မှုနှုန်းကို အောက်ပါအတိုင်း တွေ့ရပါတယ်။

တရုတ်က ကူးစက်သူပေါင်း ၈၁,၀၀၀ ကျော်၊ သေသူ ၃,၂၀၀ ကျော်နဲ့ ပြန်ကောင်းလာသူက ၇၃,၀၀၀ ကျော်ဖြစ်ပါတယ်။

အီတလီက ကူးစက်သူပေါင်း ၇၄,၀၀၀ ကျော်၊ သေဆုံးသူ ၇,၅၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူက ၉,၃၆၂ ဦးပါ။

အမေရိကန်ကတော့ ကူးစက်သူပေါင်း ၆၆,၀၀၀ ကျော်၊ သေဆုံးသူ ၁,၀၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူ ၆၀၀ ကျော်ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Mario Tama
Image caption တစ်ယောက်နဲ့တစ်ယောက် သုံးပေခွာ တန်းစီပြီး ဈေးဝယ်ဖို့ စောင့်ဆိုင်းနေကြတာပါ

စပိန်က ကူးစက်သူပေါင်း ငါးသောင်းနီးပါး၊ သေဆုံးသူ ၃,၆၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူ ၅,၃၀၀ ကျော်ရှိပါတယ်။

ဂျာမနီမှာ ကူးစက်သူပေါင်း ၃၇,၀၀၀ ကျော်၊ သေဆုံးသူ ၂၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူက ၃,၅၀၀ ကျော်ရှိနေပါတယ်။

အီရန်မှာတော့ ကူးစက်သူပေါင်း ၂၇,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူ တစ်သောင်းနီးပါးရှိနေပါတယ်။

ပြင်သစ်မှာ ကူးစက်သူပေါင်း ၂၅,၀၀၀ ကျော်၊ သေဆုံးသူ ၁,၃၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူက လေးထောင်နီးပါးဖြစ်ပါတယ်။

ဆွစ်ဇာလန်ကတော့ ကူးစက်သူပေါင်း ၁၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၅၀ ကျော်နဲ့ ပြန်နေကောင်းလာသူက ၁၃၁ ဦးပါ။

ဗြိတိန်မှာတော့ ကူးစက်သူပေါင်း ၉,၆၀၀ ကျော်၊ သေဆုံးသူ ၄၀၀ ကျော်နဲ့ ပြန်ကောင်းလာသူ ၁၀၀ ကျော်ရှိနေပါတယ်။

အဲဒီအထက်ပါနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးက လာသူတွေအားလုံးကို မြန်မာက မတ်လ ၂၅ ရက်ကစလို့ ပြည်ဝင်ခွင့်ကန့်သတ်လိုက်ပါတယ်။ ခရီးသွားအားလုံး မြန်မာမှာ ၂ပတ်ကြာ သီးသန့်စောင့်ကြည့်မှုခံယူရမှာဖြစ်ပြီး နိုင်ငံခြားသားတွေဟာ ပြီးဲ့တဲ့ ၇၂ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာကိုပါ ပြဖို့လိုအပ်ပါတယ်။

မြန်မာမှာ ကိုဗစ်၁၉ ကူးစက်ခံရသူ မတ်လ ၂၆ ရက်မနက်ပိုင်းထိ သုံးဦးရှိထားပြီး သုံးဦးလုံးရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ အစိုးရက ပြောကြားထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာနဲ့ ကမ္ဘာတလွှားက ကိုရိုနာဗိုင်းရစ် ကူးစက်မှုများ

ဒီသတင်းနဲ့ပတ်သက်သမျှ