လူနာနံပါတ် ၃၉ မှာ နိုင်ငံခြားပြန်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိပေမယ့် နေအိမ်လူဝင်လူထွက် အရမ်းများတယ်လို့ ဆို

အနီးကပ်ထိတွေ့သူတွေကို နေအိမ်မှာ နေခွင့်မပြုတော့ဘဲ အစိုးရစီစဉ်တဲ့ စင်တာတွေမှာပဲ ကန့်သတ်စောင့်ကြည့်တော့မှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

အနီးကပ်ထိတွေ့သူတွေကို နေအိမ်မှာ နေခွင့်မပြုတော့ဘဲ အစိုးရစီစဉ်တဲ့ စင်တာတွေမှာပဲ ကန့်သတ်စောင့်ကြည့်တော့မှာဖြစ်

ကိုဗစ်-၁၉ ကူးစက်ခံရပြီး တခြားရောဂါအခံတွေနဲ့အတူ ဧပြီ ၁၂ ရက်က သေဆုံးခဲ့တဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသားဟာ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားက ပြန်လာသူတွေနဲ့ တိုက်ရိုက် ထိတွေ့မှုမရှိခဲ့ပေမယ့် သူ့ရဲ့နေအိမ်မှာ အဝင်အထွက် သိပ်များတာတွေ့ခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဧပြီ ၁၃ ရက် မနက်က ရန်ကုန်တိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခန်းမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"အိမ်အဝင်အထွက် သိပ်များတာအန္တရာယ်ပါ။ ဒါကြောင့် ခပ်ခွာခွာနေပါလို့ ပြောတာပါ။ ဒီရောဂါ ကူးစက်ခံရတာ တွေ့ပြီဆိုလို့ရှိရင် ဘယ်သူတွေနဲ့တွေ့ခဲ့လဲ လိုက်စုံစမ်းတော့ ဒီလူနာဟာ တိုက်ရိုက်နိုင်ငံခြားသားနဲ့ ထိတွေ့မှု မရှိဘူး။ အိမ်မှာ နိုင်ငံခြားသွားထားတဲ့သူမရှိဘူး။ ဒါပေမဲ့ အိမ်က လူဝင်လူထွက် သိပ်များပါတယ်။ အဲဒီထဲမှာ အိမ်ကိုပင့်တဲ့ဆရာဝန်လည်း ပါပါတယ်။ ဒါကြောင့် သူများအိမ်ကို မသွားပါနဲ့။ ၃၉ ဟာ အိမ်မှာ လူလည်းများတယ်။ အဝင်အထွက်လည်း များတယ်။ သွားတဲ့နေရာတွေ စုံစမ်းကြည့်တော့ ဈေးလည်းသွားတယ်။ လူများတဲ့နေရာတွေ သွားတာလည်းတွေ့ရတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် အပြင်ကို ဈေးဝယ်ကိစ္စလို အပြင်ထွက်တဲ့အခါ တစ်ဦးတည်းကပဲ ပုံမှန်ထွက်တာမျိုး လုပ်စေချင်ပြီး လူလဲပြီး ထွက်ခွာတာမျိုး မလုပ်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

အခုအခါအစုလိုက်အပြုံလိုက် ကူးကုန်တာ မိသားစုလိုက်တွေဖြစ်နေတာကြောင့် ရောဂါဖြစ်ပွားသူနဲ့ နီးနီးကပ်ကပ်နေဖူးတဲ့ ရာဇဝင်ရှိရင် နေအိမ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာကို ခွင့်မပြုတော့ဘဲ အစိုးရ သတ်မှတ်ထားတဲ့ facility quarantine (အစိုးရထိန်းချုပ်အောက်မှုက အသွားအလာကန့်သတ်တဲ့နေရာ) မှာသာ ထားရှိတော့မယ်လို့လည်း အတိုင်ပင်ခံက ပြောပါတယ်။

နောက်နှစ်ပတ်သုံးပတ်အတွင်း ကွာရန်တင်း လုပ်ဖို့နေရာတွေ လိုအပ်လာမှာဖြစ်ပြီး ဌာနအသီးသီးကလည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လူနာ နံပါတ် ၃၉ ဟာ ပန်းဘဲတန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ဧပြီ ၉ ရက်မှာ ဖျားပြီးချောင်းဆိုးတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဧပြီ ၁၁ ရက်မှာ သွားရောက်ပြသခဲ့ပါတယ်။ အဲဒီနောက် သူ့ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဆေးစစ်ခဲ့တာဖြစ်ပါတယ်။ လူနာမှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ပြည်ပနိုင်ငံကို ခရီးသွားခဲ့တာမရှိဘဲ သူ့မှာ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိနေတယ်လို့ ဆိုပါတယ်။ လူနာဟာ ဆေးရုံစတက်ချိန်ကတည်းက အလွန်မောပန်းနေပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်တွေ ကျဆင်းနေလို့ လိုအပ်တဲ့ကုသမှုတွေပေးခဲ့ပေမယ့် ဧပြီ ၁၂ ရက် မနက် ၆ နာရီမှာ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သေဆုံးရတာဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူနာရဲ့ ဆေးစစ်ချက်အဖြေကို သူသေဆုံးပြီးနောက် ညပိုင်းကျမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာမှာ ဧပြီ ၁၃ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ ဦးရှိပြီး သေဆုံးသူ ၄ ဦး၊ ပိုးမတွေ့တော့သူ ၂ ဦး၊ အထူးကြပ်မတ်ကုသခန်းထဲ ကုသမှုပေးနေသူ ၁ ဦးတို့ရှိပါတယ်။ ကျန် ၃၄ ဦးကတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။