ကိုရိုနာဗိုင်းရပ်စ် - လူ ၅ ဦးထက် ပိုမစုဖို့ ကျန်းမာရေး ဝန်ကြီးဌာန အမိန့်ထုတ်

လသာမြို့နယ် ၁၈ လမ်းထိပ်မှာ ဈေးရောင်းဈေးဝယ်သွားလာသူတွေကို ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တစ်နေ့တည်း ဆယ်ဂဏန်းချီတွေ့ရတဲ့ ရက်တွေ ရှိလာပြီးနောက်မှာ ခွင့်ပြုချက်ရထားတဲ့ ကိစ္စတွေက လွဲပြီး လူငါးဦးနဲ့ ငါးဦးအထက် ပိုမစုဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဧပြီ ၁၆ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီအမိန့်ကို ထုတ်ပြန်တယ်လို့ နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စရပ် ကိုးခု ကိုလည်း ဖော်ပြခဲ့ပါတယ်။

အဲဒီကိစ္စတွေက (၁) အစိုးရ ရုံးနဲ့ အစိုးရ အဖွဲ့အစည်း လုပ်ငန်းခွင်ဝင်ဖို့ အသွားအပြန်လုပ်တာ၊ (၂) ကုမ္ပဏီတွေ၊ စက်ရုံတွေမှာ လုပ်ငန်းခွင်ဝင်ဖို့ အသွားအပြန်လုပ်တာ၊(၃) ခွင့်ပြုချက်ရ စျေးနဲ့ ကုန်တိုက်တွေမှာ စျေးအရောင်းအဝယ် လုပ်တာ (၄) ခွင့်ပြုချက်ရ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်တာ (၅) တရားစီရင်ရေးကိစ္စရပ်တွေ (၆) ခွင့်ပြုချက်နဲ့ အညီ ကိုဗစ်-၁၉ ကာကွယ်၊ နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်တာ (၇) အရေးပေါ်ကယ်ဆယ်ရေးနဲ့ အရေးပေါ် ကိစ္စရပ်တွေ ဆောင်ရွက်တာ (၈) ကျန်းမာရေးကိစ္စ ဆေးရုံဆေးခန်း သွားတာ (၉) နာရေးကိစ္စ ဆောင်ရွက်တာ တို့ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ အရေးယူမယ်လို့လည်း ဒီအမိန့်ကြေညာချက်မှာ ပါရှိပါတယ်။

ဒီအမိန့်မထုတ်ပြန်ခင် နာရီပိုင်းအလိုကပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာ Aung San Suu Kyi ကနေ "COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီညထုတ်ပြန် ပါမယ်။ အားလုံး အတွက် တစ်ပြေးညီ၊ မှန်ကန် မျှတစေဖို့ ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒီနေ့ အထိ မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅ ဦး ရှိပြီး သေဆုံးသူ ၄ ဦးနဲ့ ပိုးတွေ့ပြီး ပြန်သက်သာလာသူ ၂ ဦး ရှိပြီ ဖြစ်ပါတယ်။