ကိုဗစ်-၁၉- ဝေဘာဂီဆေးရုံကြီးက စိန်ခေါ်မှုများ

ကျန်းမာရေးဝန်ထမ်းတွေကို အထူးထောက်ပံ့မှုတွေပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Aung San Suu Kyi Fb

ဓာတ်ပုံ ပုံစာ,

ကျန်းမာရေးဝန်ထမ်းတွေကို အထူးထောက်ပံ့မှုတွေပေးမယ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လွတ်လပ်ရေးနေ့မတိုင်ခင် ဇန်နဝါရီ လဆန်းပိုင်းကတည်းက ဝေဘာဂီဆေးရုံမှာ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဝေဘာဂီ ဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစပယ်ဖြူက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပါတယ်။

ဝေဘာဂီဆေးရုံကြီးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲဆုံးပြဿနာတွေက ဘာတွေလဲလို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အပေါ် ဒေါက်တာ စပယ်ဖြူက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၇ ရက်ကပြုလုပ်တဲ့ အတိုင်ပင်ခံနဲ့ ဝေဘာဂီဆေးရုံမှာ ကိုဗစ်၁၉ တိုက်ဖျက်ရေး ရှေ့တန်းက ပါဝင်ဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ မှာ ပထမဆုံး သံသယလူနာကို ဝေဘာဂီဆေးရုံကြီးမှာ စတင်လက်ခံရရှိခဲ့ပြီး လက်ရှိမှာ လူနာစုစုပေါင်း ၂၅၃ ဦးကို လက်ခံကုသပေး နေတယ်လို့ ဆိုပါတယ်။

ဆေးရုံမှာ ထားရှိကုသပေးနေတဲ့ ပိုးတွေ့အတည်ပြုလူနာက ၇၁ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ကတော့ နှစ်ဦး ရှိတဲ့အနက် သူတို့တွေရဲ့ လူနာရှင်တွေကလည်း နေအိမ်အသွားအလာ ကန့်သတ်ခံထားရတာကြောင့် မိသားစုတွေဟာ သေကွဲရော ရှင်ကွဲပါ ရင်ဆိုင်ကြရတယ်လို့ ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

အထူးကြပ်မတ်ကုသဆောင် ICU ကို လူနာတစ်ယောက် တက်ရောက်လာရင် အနည်းဆုံး ၈ ရက် ၉ ရက်လောက်ကြာပြီး အောက်ဆီဂျင်စက်၊ အသက်ရှူစက် Ventilator တွေ သုံးစွဲရတယ်လို့ ဆိုပါတယ်။

"မေ့ဆေး Team ရှိပါတယ်။ အဲဒီအဖွဲ့ဟာ အခုချိန်မှာ အိုင်စီယူထဲမှာ ထားရှိကုသပေးရတဲ့ လူနာ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိနေတဲ့အတွက်ကြောင့် ချောချောမောမော ဆောင်ရွက်နိုင်ပါတယ်။ ကျွန်မတို့ ၁၂ ယောက်စာ ပစ္စည်း အပြည့်အဝရှိပါတယ်။ လူအင်အားအနေနဲ့ကတော့ (လူနာ) ၁၂ ယောက် လုံးသာ ပြည့်ခဲ့မယ်ဆိုရင် လူအင်အား အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်လို့ မေ့ဆေးအဖွဲ့က စကားပါးလာပါတယ်"လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung San Suu Kyi fb

ဓာတ်ပုံ ပုံစာ,

လူနာတွေထဲမှာ ကိုယ်ဝန်ဆောင်တချို့လည်း ရှိနေတယ်လို့ ဒေါက်တာစပယ်ဖြူက တင်ပြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဝေဘာဂီမှာ အတည်ပြုလူနာ ၉၀ အထိ လက်ခံနိုင်ပြီး အခုအခါ အဆောင်သုံးဆောင်လုံးမှာ လူနာ ပြည့်သွားပြီဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"မတ် ၂၂ ရက်မှာ အတည်ပြုလူနာကို စပြီးလက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူနာတက်နှုန်းဟာ များများလာပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ အဆောင် ၁ ရော၊ ၂ ရော၊ ၃ ရော သုံးဆောင်လုံးမှာ ကျွန်မတို့ ကုတင် ၃ ခုလောက်ပဲကျန်တော့ပြီးတော့ ကုတင်အားလုံး လူနာနဲ့တော့ပြည့်နေပါပြီ။ လူနာသုံးပုံတစ်ပုံကတော့ အဆုတ်ရောင်တဲ့လက္ခဏာတွေ ခံစားနေရပြီးတော့ အိုင်စီယူထဲမှာတော့ တစ်ယောက်ပဲ ရှိပါတော့တယ်။ ၇ ယောက်လောက်ကတော့ နည်းနည်းလေး စိုးရိမ်နေရတဲ့အနေအထားမှာ ရှိနေပါတယ်။ ကျန်တာတွေအားလုံး ကောင်းမွန်ပါတယ်" လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

လူအင်အားတွေလိုအပ်နေ

ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုပိုင်းအတွက်လူအင်အားတွေလိုအပ်နေတာကိုလည်း ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

လက်ရှိမှာ ပါမောက္ခသမားတော်ကြီး ၂ ဦး၊ လက်ထောက်အထူးကုဆရာဝန် ၆ ဦး၊ ဆရာဝန် ၂၀ ဦး ၊ သူနာပြုဆရာမ ၃၃ ဦး၊ ဆေးရုံအလုပ်သမား ၃၀ ကနေ ၄၀ ဦးလောက်နဲ့ ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"တကယ်တမ်း ကျွန်မတို့အတွက်က သမားတော်ကြီးတွေက နောက်ထပ် ၃ ယောက်လိုပါတယ်။ အထူးကုဆရာဝန်တွေက ဆေး(၁) နဲ့ ဆေး(၂) က ကျွန်မတို့ကို ပံ့ပိုးထားတာ ၆ ယောက်ရှိပါတယ်။ ဒီအထူးကုတွေက ၇ ယောက်ကနေ ၉ ယောက်လောက်ဆို အဆင်ပြေနိုင်ပါတယ်။ နောက်ပြီး ဆရာဝန်က ၂၀ ကျော် ရထားပါတယ်။ ဒါပေမဲ့ ၃၀ ကျော်ဆို လက်ထောက်ဆရာဝန်လေးတွေအနေနဲ့ မနားတမ်း အဖွဲ့လိုက်အလှည့်ကျ ဆောင်ရွက်နိုင်ပါတယ်။ ဆရာမ အဆင့်လိုက် ၃၃ ယောက်ရှိထားတော့ အနည်းဆုံး ဆရာမ(သူနာပြု) တွေက ၁၇ ယောက်လောက် ထပ်လိုပါမယ်။ ဝန်ကြီးဌာနကတော့ ဗော်လန်တီယာ ဆရာဝန်တွေနဲ့ ဖြည့်ဆည်းပေးထားပါတယ်။ သူတို့ကို အရမ်းချီးကျူးပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ တကယ့် သန္ဓေအဖွဲ့ထဲ မပါဖူးတဲ့အတွက် လူနာတွေ ကို ကုသမှုပေးရာမှာ သူတို့လုံခြုံရေးအတွက် ပြန်ပြီး စိတ်ပူပါတယ်။ ဒီနေ့အထိတော့ ဘယ်သူမှ ကွာရန်တင်း မထိသေးပါဘူး" လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

ဒီကိစ္စတွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလှည့်ကျနားနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ညှိနှိုင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရောဂါကာကွယ်ရေးပစ္စည်းတွေအခြေအနေ

ကျန်းမာရေးဝန်ထမ်းတွေအတွက် စိတ်ပူပန်မှုကိုလျော့ပါးစေရေးအတွက် ရောဂါကာကွယ်နိုင်ဖို့အတွက် ပစ္စည်းတွေ ပြည့်စုံဖို့လိုအပ်နေတယ်လို့ ဒေါက်တာစပယ်ဖြူက တင်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

ဝေဘာဂီမှာ ပြင်သစ်နိုင်ငံသား လူနာ ၃ ဦးပါအဝင် လူနာ ၇၁ ဦးရှိနေပါတယ်။

လက်ရှိမှာ ရောဂါကာကွယ်ရေးတစ်ကိုယ်ရည်သုံးဝတ်စုံ PPE တွေဟာ နောက်တစ်လစာလောက် လုံလောက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ထပ်မံ ပံ့ပိုးမယ်လို့ သိရကြောင်း ဒေါက်တာစပယ်ဖြူကပြောပါတယ်။

"နည်းနေသေးတာက N95 ပါ။ တကယ့်အရည်အသွေးမီတဲ့ N95 နှာခေါင်းစည်းတွေဟာ တကယ့်ကိုကမ္ဘာမှာကို ရှားပါးနေတာပါ။ ဒီ Mask တွေဟာ တကယ် ပိုးတွေ့လူနာကို ကုသဖို့တော့ မလုံလောက်ပါဘူးအမေ။ တကယ့် N95 အစစ်ကျမှ လုံလောက်မှာ ဖြစ်ပါတယ်။ ရောဂါကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ N95 တွေဟာ နောက်သုံးပတ်စာဆို ကုန်နိုင်ပါတယ်။ PPE ဝတ်စုံက တစ်ရက်ကို အစုံ ၇၀ လောက်ကုန်ပါတယ်။ အဆောင် ၃ ဆောင်ဖြစ်လို့ပါ။ မေ့ဆေးပေးရတဲ့လူနာရှိလာရင် အဆိုင်း ၃ ဆိုင်း ဝင်ရတဲ့အတွက် နောက်ထပ် ဝတ်စုံ ၉ စုံထပ်ကုန်တဲ့အတွက် တွက်ချက်ထားပြီးတော့ မှာယူထားပါတယ်။ ဒီနေ့ဒီရက်အထိကတော့ ဒီတစ်လစာအတွက် PPE ဝတ်စုံတွေရှိပါတယ်။ N95 က နောက်နှစ်ပတ်သုံးပတ်စာရှိပါတယ်" လို့ ဒေါက်တာစပယ်ဖြူကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း PPE ဝတ်စုံ အစုံ ၅၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀ ကျော် ပံ့ပိုးပေးမယ်လို့လည်း သိရကြောင်း သူက ဆက်ပြောပါတယ်။

သန့်ရှင်းရေးဝန်ထမ်းက ၃၀ ကျော်ရှိပြီး လူအစား စက်တွေနဲ့ ပံ့ပိုးကူညီပေးဖို့လည်း ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

"လေယာဉ်ကွင်းတွေမှာ သန့်ရှင်းရေးလုပ်သလို စက်တွေနဲ ရေတွေ၊ ပေါင်ဒါမှုန့်တွေ တစ်ခါဆေးပြီးရင် အခြောက်စက်တွေနဲ့လိုက်သုတ်၊ ဒီလိုမျိုးဆိုရင် ကျွန်မတို့လူတွေလည်း လူနာနဲ့ ထိတွေ့မှုလည်း နည်းသွားမယ်။ ထိထိရောက်ရောက်စောင့်ရှောက်မှုလည်းပေးနိုင်မယ်လို့ ထင်ပါတယ်။ စက်တွေကလုံးဝမရှိပါဘူး" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင်လူနာတွေကို တစ်နေ့ ထမင်းသုံးခေါက်ကျွေးတဲ့အခါမှာ လူအစား စက်ရုပ်ထရော်လီလေးတွေနဲ့ ကျွေးပေးနိုင်ရင် ဝန်ထမ်းက တစ်နေ့ သုံးခေါက်သွားကျွေးရတဲ့အခြေအနေကိုလည်း လျှော့ချနိုင်မယ်လို့ သူက ပြောပါတယ်။

လူနာတွေနဲ့ အင်တာကွန်း၊ စီစီတီဗီတွေကတစ်ဆင့် ဆက်သွယ်ပြီး အသိပေးနိုင်ရင် ထမင်းလာပို့တဲ့အခါ အခန်းထဲကနေ လူနာထွက်ယူနိုင်ရင် အဆင်ပြေနိုင်မယ်လို့လည်း ဒေါက်တာစပယ်ဖြူကပြောပါတယ်။

လူနာတွေထဲမှာ ကိုယ်ဝန်ဆောင်တချို့ရှိ

လူနာတွေမှာ ကျောက်ကပ်၊နှလုံးလို ပင်ကိုယ်ရောဂါတွေလည်း ပါလာတဲ့လူနာတွေ ရှိတဲ့အတွက် ကုသမှုပေးနေရတယ်လို့ ဒေါက်တာ ကပြောပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တချို့လည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

"သူတို့မှာ ကျောက်ကပ်ဆေးဖို့ပါလာတယ်ဆို ကျောက်ကပ်ဆေးတဲ့စက်တွေကို ဝန်ကြီးဌာနကို တောင်းရပါတယ်။ ဒီရောဂါကြောင့် သူတို့ရဲ့အခံရောဂါကို ပြန်ပြီးတော့ စိတ်ပူကြပါတယ်။ ဒါကြောင့် ကျောက်ကပ်ဆေးစက်တစ်စက်လည်း ထားထားပြီးတော့ ကျွန်မတို့ဆီမှာ ကျောက်ကပ်ဆေးနေတဲ့သူလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကလည်း နှစ်ယောက်သုံးယောက်လောက် ရှိတဲ့အခါကျတော့ သူတို့လည်း သူတို့ကိုယ်ဝန်ကို သူတို့ စိတ်ပူပါတယ်။ ကျွန်မတို့ကလည်း အိုဂျီ(သားဖွားမီးယပ်အထူးကုဆရာဝန်) တွေနဲ့ ပြပေးပါတယ်။ ကလေးလေးသုံးယောက်ကတော့ ရောဂါပိုးဝေဒနာ ခံစားနေရပါတယ်။ ကလေးသုံးယောက်ကတော့ မအေကပူ၊ ကလေးက ပြန်ပူ၊ အဲဒီတော့ ကလေးဆရာဝန်တွေလည်း ကျွန်မတို့ ပြပေးပါတယ်" လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

နောက်ပိုင်း ရောက်ရှိလာတဲ့ လူနာတွေအားလုံးကို CT San (ဓာတ်မှန်) ရိုက်ဖို့အတွက် စက်လည်း ဧပြီ ၁ ရက်ကနေ စတင် ရရှိထားပြီးဖြစ်ပြီး နောက်တစ်ပတ်နှစ်ပတ်နေရင် စတင်ရိုက်ပေးနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကိုဗစ်-၁၉ လူနာတွေအတွက် ရွေ့လျားဓာတ်မှန်စက် လေးလုံးရှိပြီး လူနာတိုင်းကို ရိုက်ကူးပေးနေသလို အဖြေထွက်တိုင်းလည်း လူနာတွေကို ရှင်းလင်းအသိပေး ပြောပြတယ်လို့ ဆိုပါတယ်။

လူနာတွေကိုအတက်နိုင်ဆုံး ကုသစောင့်ရှောက်ပေးနေပေမယ့် လူနာတွေမှာလည်း ကိုယ့်အချင်းချင်း ပြန်စိတ်ပူပြီး တခြားလူနာတွေရဲ့ အခြေအနေတွေကို အမြဲမေးမြန်းနေသလို ကိုယ်တိုင်အတွက်လည်း စိတ်ပူစိုးရိမ်မှုတွေရှိနေတယ်လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။ ဒါ့အပြင် လူနာတွေကိုယ်တိုင်က သူတို့ကိုကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရမှာကို စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဆိုပါတယ်။

"အဲဒီလို သူတို့ စိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘာမှမဟုတ်တဲ့ ပိုးလေးတစ်ခုကနေ လူတွေအများကြီးကို ပျက်စီးသွားနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ Team(အဖွဲ့)ကနေ motivation (စိတ်အားတက်ကြွမှု)အပြည့်နဲ့ အလုပ်လုပ်နေပေမယ့်လို့ လူနာတွေကလည်း ကျွန်မတို့ကို အားကိုးမှုအပြည့်ရှိပါတယ်။ တချို့လူနာတွေကျတော့လည်း ဂျီကျတာတွေ ရှိပါတယ်။ ခုချိန်မှာတော့ လူနာနဲ့ အထိအတွေ့ အနည်းဆုံး ဖြစ်အောင် လုပ်နေပါတယ်" လို့ ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

ရေရှည်အတွက်ဆိုရင်တော့ နိုင်ငံမှာ ကူးစက်ရောဂါကုသမှုဌာနကြီးတစ်ခု ကောင်းကောင်းမွန်မွန်နဲ့ ပေါ်ပေါက်လာဖို့ လိုအပ်နေတယ်လို့ ဒေါက်တာစပယ်ဖြူက အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကြံပြုခဲ့ပါတယ်။

ရောဂါပိုးမွှားကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးတာကစလို့ သမားတော်ကြီးတွေက ကုသပေးဖို့ အဆင်သင့်ဖြစ်တဲ့အထိ ဒီဌာနတစ်ခုဖြစ်မြောက်လာဖို့ လိုအပ်နေတဲ့အတွက် ဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းပုံရေးဆွဲပြီးတင်ထားတယ်လို့ ဆိုပါတယ်။

ဝေဘာဂီဆေးရုံက ကိုဗစ်-၁၉ လူနာ သုံးပုံတစ်ပုံမှာ ဆီးချိုရောဂါရှိနေပြီး လူနာ တစ်ဝက်မှာ သွေးတိုးရောဂါရှိနေတယ်လို့ ဆိုပါတယ်။ အသက် ၇၀ ကျော် ၃ ဦး၊ အသက် ၆၀ ကျော်က ၁၂ ဦးနဲ့ အသက် ၅၀ ကျော်က ၃၀ ဦး နဲ့ လူလတ်ပိုင်းက သုံးဆယ်ကျော် လေးဆယ်လောက် ရှိကြောင်း ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို အထူးထောက်ပံ့မှုတွေပေးမယ်

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ ရှေ့တန်းကဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူး allowance (ထောက်ပံ့စရိတ်) တွေပေးဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

"ဒါကကျေးဇူးကို တကယ်ပဲအသိအမှတ်ပြုတာလည်းဖြစ်တယ်။ တကယ်လည်း အချို့နေရာတွေမှာ လိုအပ်ပါတယ်။ အသွားအလာအတွက်ပေါ့နော်။ အနေအထိုင်အတွက်။ ကျွန်မတို့ဝန်ထမ်းတွေကို တချို့က၊ ကိုယ့်မိသားစုတွေကတောင်မှ အိမ်ကိုပြန်မလာစေချင်တာတွေရှိတယ်ဆိုတော့ အဲဒီဟာတွေ အတွက်လည်း အဆင်ပြေအောင်လို့ အစီအစဉ်တွေလုပ်ပေးပါမယ်။ အဲဒီမှာ နှစ်သစ်ကူးမှာ အထူးအလေးထားပြီးတော့ ပံ့ပိုးရမှာကတော့ ကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေပေါ့။ စေတနာ့ဝန်ထမ်းတွေရယ်။ တကယ်ရှေ့တန်းကနေ လုပ်နေတဲ့အခါမှာ မညည်းမညူဘဲ လုပ်နေတာတွေ တွေ့ရတယ်။ ကျွန်မ သတိထားမိတယ်။ တကယ်လုပ်နေရသူတွေက ဘယ်တော့မှ မငြီးဘူး။ တကယ်လုပ်နေရတဲ့သူတွေက ညည်းညူတာလည်းမရှိဘူး။ ဒေါသထွက်တာလည်းမရှိဘူး။ ဘေးကကြည့်တဲ့သူတွေကသာ ညည်းညူတာတို့ ဒေါသထွက်တာတို့ ရှိနေတာဆိုတာကို သတိပြုမိတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဗီဒီယို ပုံစာ,

ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ယုံတမ်းစကားများ

ဧပြီ ၁၇ ရက်မနက်ပိုင်းက ဝေဘာဂီဆေးရုံကြီးမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးရာမှာ ခုလိုပြောကြားသွားတာ ဖြစ်ပါတယ်။