ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦးထပ်တွေ့၊ ကူးစက်ခံရသူ စုစုပေါင်း ၈၈ ဦးရှိလာ

နှစ်ကြိမ်စီ ထပ်မံစစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ရတော့သူ သုံးဦးကိုလည်း ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

နှစ်ကြိမ်စီ ထပ်မံစစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ရတော့သူ သုံးဦးကိုလည်း ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦး ဒီကနေ့ ထပ်တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ထုတ်ပြန်လို့ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၈၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒီကနေ့ ဧပြီ ၁၇ ရက် ပထမအသုတ် စစ်ဆေးခဲ့သူ ၉၃ ဦးအနက် ၃ ဦးမှာ ပိုးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပိုးတွေ့ရှိသူတွေက အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ဦး၊ ကလေးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ ၁ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုးတွေ့ ကုသမှု ခံယူနေရသူတွေထဲက လူနာနံပါတ် ၃၊ ၉ နဲ့ ၁၂ တို့ဟာ ရောဂါသက်သာ ကောင်းမွန်နေပြီး သူတို့ကို နှစ်ကြိမ်စီ ထပ်မံ စစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ရတော့ဘူးလို့လည်း ထုတ်ပြန်ပါတယ်။

အဲဒါကြောင့် တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကူးစက်ခံရသူ ၈၈ ဦး၊ သေဆုံးသူ ၄ ဦးနဲ့ ပိုးတွေ့ပြီး ပြန်ကောင်း သက်သာသွားသူ ၂ ဦး ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၇ ရက် အထိ လူ ၃၅၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးထားပြီး ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။