WHO ကား ပစ်ခတ်ခံရပြီး ယာဥ်မောင်း သေဆုံးမှု တပ်မတော်နဲ့ အေအေ အပြန်အလှန် စွပ်စွဲ

သေဆုံးသူအလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

သေဆုံးသူအလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အမှတ်တံဆိပ်ပါ မော်တော်ယာဉ် တစ်စီးတိုက်ခိုက်ခံရပြီး ကားပေါ်က WHO ဝန်ထမ်းနှစ်ဦးလုံးဒဏ်ရာရခဲ့တာမှာ ယာဉ်မောင်းဖြစ်သူကတော့ ဧပြီလ ၂၁ ရက်နေ့ မနက်မှာ မင်းပြားဆေးရုံမှာ သေဆုံးသွားတယ်လို့ ယာဉ်မောင်းရဲ့ ဖခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော့်သား တင်ပါးမှာ လက်နက်ငယ်မှန်တယ်၊ အပေါက်ကြီးတယ်၊ ကျောမှာလည်း မှန်တယ်၊ မင်းပြားဆေးရုံမှာ တစ်ညလုံး ဆေးသွင်းနေရတာတဲ့..သတိမရဘူး၊ သွေးလွန်သွားတယ်လို့ ထင်ပါတယ်၊ မနက်ကျတော့ အဲ့ဒီမင်းပြားဆေးရုံမှာပဲ ဆုံးသွားတယ်" လို့ ဒဏ်ရာတွေကြောင့် ယာဉ်မောင်းရဲ့ ဖခင် ဦးဌေးဝင်းမောင်က ပြောပါတယ်။

WHO ဝန်ထမ်း ၂ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစောင့်ကြည့်ခံလူနာတွေရဲ့ ဓာတ်ခွဲခန်းပစ္စည်းတွေ ရန်ကုန်ကို အချိန်မီပို့ဖို့ မင်းပြားကနေ သွားပြီး၊ မကွေးက တဆင့် နေပြည်တော်လမ်းကနေ ရန်ကုန်ကို တက်ဖို့ အသွားမှာ အခုလို ကြုံရတာဖြစ်ပါတယ်။

အစိုးရ ထုတ်ပြန်ချက်မှာတော့ သူတို့တွေဟာ ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာတွေကို ရန်ကုန်ကို ပို့ဆောင်ဖို့ WHO ပိုင် UN တံဆိပ်ကပ်ထားတဲ့ မော်တော်ယာဉ်နဲ့ ထွက်ခွာလာစဥ် မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးမှာ ဧပြီ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ,

ယာဥ်မောင်းကို ထိမှန်ခဲ့တဲ့ ကျည်ထိပ်ဖူးလို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြထား

ရက္ခိုင့်တပ်တော် အေအေ ရဲ့ ဝဘ်ဆိုက်က ထုတ်ပြန်ချက်မှာတော့ WHO မော်တော်ယာဉ်ဟာ ရာမောင် တံတားကို ကားနဲ့ ဖြတ်သန်းဖို့ တံတားထိပ်ရှိ မြန်မာ့တပ်မတော်ရဲ့ တပ်စခန်းမှာ ခွင့်ပြုချက်တောင်းခံခဲ့ပြီး ခွင့်ပြုချက် ရလို့ ဖြတ်သန်းချိန်မှာ ခွင့်ပြုခဲ့တဲ့ မြန်မာ့ တပ်မတော် တပ်စခန်းကပဲ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့တယ်လို့ တန်ပြန် စွပ်စွဲ ထားပါတယ်။

ပစ်ခတ်မှုကြောင့် ကား မှာ လမ်းဘေး ထိုးကျ သွားခဲ့ပြီး ဖြစ်စဉ် အပြီး ၁ နာရီ လောက် အကြာမှ အေအေဘက်က တွေ့ရှိလို့ WHO ဝန်ထမ်း ၂ ဦးကို ကယ်တင် ခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ယာဉ်မောင်းရဲ့ဖခင် ဦးဌေးဝင်းမောင်ကတော့ "လက်နက်ကြီးက ပထမ ကားကိုမှန်တယ်၊ ဒဏ်ရာရသူတဲ့ ၂ ဦးလုံးကို တိုက်ပွဲကြားကနေ ဆွဲထုတ်ရတယ်လို့လည်း ကြားတယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

"ကျွန်တော့်သားပဲ ဒဏ်ရာများပြီး သေတာ၊ နောက်တစ်ယောက် ကြီးကြပ်ရေးမှူးက လက်မှာပဲ ဒဏ်ရာရတာ" လို့ ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရာမောင်တံတားအနီးဟာ မင်းပြားမြိုနဲ့ဆို ၅ မိုင်လောက်ပဲ ကွာဝေးတာဖြစ်ပါတယ်။

ဒဏ်ရာ ရရှိသူ ကြီးကြပ်ရေးမှူးကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ပေးနေရတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မင်းပြားအနီးတဝိုက်မှာ တိုက်ပွဲတွေ ရှိနေသလို လုံခြုံရေးစောင့်ကြပ်ကြည့်ရှုနေတဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ တနေ့လုံးရှိခဲ့တယ်၊ ဒီနေ့လည်း ပစ်နေတုန်းပဲ၊ တပ်လုံခြုံရေး အပြည့်ရှိနေတဲ့ကြားက ခုလို တိုက်ခိုက်ခံရတာ" လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

"ကိုဗစ်ကြောင့်လည်း မင်းပြားမြို့ထဲမှာ တိတ်ဆိတ်မှုရှိတယ်၊ နေရာတကာ စောင့်ကြပ်စစ်ဆေးတာတွေ လုပ်နေတယ်" လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆက်ပြောပါတယ်။

ကိုဗစ်စောင့်ကြည့်လူနာတွေရဲ့ ဆေးစစ်ချက်တွေပါတဲ့ WHO ယာဉ်ဟာ ရခိုင်က စထွက်လာတုန်းကတော့ ယာဉ်မောင်းနဲ့အတူ လက်ထောက်ဆရာဝန်တစ်ယောက်နဲ့ ကြီးကြပ်ရေးမှူးတို့ လိုက်ပါလာတာဖြစ်ပြီး လက်ထောက်ဆရာဝန်ကတော့ မင်းပြားဆေးရုံမှာ ကျန်နေရစ်ခဲ့တာလို့ သေဆုံးခဲ့သူရဲ့ ဖခင်က ပြောပါတယ်။

"အခုထိ ကျွန်တော့်သား အလောင်းတောင် မတွေ့ရသေးဘူး၊ ကျွန်တော်က ကိုယ့်သားမျက်နှာလေးကြည့်ပြီး သင်္ဂြိုဟ်ချင်တာပေါ့နော်၊ အလောင်းက မင်းပြားဆေးရုံမှာပဲ ရှိနေသေးတယ်" လို့ ဖခင် ဦးဌေးဝင်းမောင်က ပြောပါတယ်။