ကိုဗစ်-၁၉ ပေါ့စတစ်လူနာ တည်ရှိရာမြို့နယ်တွေက လော့ခ်ဒေါင်းအချခံရသူတွေ ဘာတွေကြုံနေကြရပါလဲ

နှာခေါင်းစည်းတွေတပ်ဖို့ ကမ်ပိန်းတွေလည်းလုပ်ဆောင်လာကြ

ဓာတ်ပုံ ရင်းမြစ်, YeMyoKhant/MPA

ဓာတ်ပုံ ပုံစာ,

နှာခေါင်းစည်းတွေတပ်ဖို့ ကမ်ပိန်းတွေလည်းလုပ်ဆောင်လာကြ

မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၄၄ ဦးရှိလာပြီဖြစ်သလို ပိုးတွေ့လူနာတွေ နေထိုင်ရာတိုက်ခန်း၊ လမ်း တွေကို လော့ခ်ဒေါင်းချတာတွေရှိလာပြီး ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မိသားစုဝင်တွေအပြင် တိုက်ရိုက်ဆက်စပ်ခြင်းမရှိသူတွေလည်း ပြင်ပသွားလာခွင့်မရှိဘဲ နေအိမ်တွေမှာ၊ လော့ခ်ဒေါင်း(ပိတ်ဆို့ကန့်သတ်မှု)ချခံရတဲ့ ဟိုတယ်တွေမှာပဲ ကွာရန်တင်း( သီးခြားစောင့်ကြည့်ခံရမှု) ရက်ပြည့်အောင်နေထိုင် နေရသူတွေအများ အပြားရှိလာပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုးစတင်တွေ့ရှိတာဟာ ဧပြီ ၂၃ ရက်နေ့မှာ တစ်လပြည့်သွားပြီဖြစ်ပါတယ်။

လော့ခ်ဒေါင်းနဲ့အကျိုးကျေးဇူး

ဒီထဲမှာ ပထမဦးဆုံးအနေနဲ့ လူနာအမှတ် ၁ ရောက်ရှိရာ ချင်းပြည်နယ်က ကပ်တဲလ်ရွာကို သီတင်းပတ် ၃ပတ်ကျော် ကွန်မြူနတီ လော့ခ်ဒေါင်းအဖြစ် ချထားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ လူနာအမှတ် ၁ ရဲ့မိခင်မှာ ပိုးတွေ့ကြောင်း တွေ့ရှိခဲ့သလို လူနာအမှတ် ၁နဲ့ ထိစပ်မှုရှိခဲ့တဲ့ ကလေးမြို့က လူအချို့ကိုလည်း နေအိမ်မှာ စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နောက်ထပ်ကူးစက် ခံထားရသူတွေကို ဆက်စပ် စစ်ဆေးတာတွေ့ရှိခဲ့ပါတယ်။

ဒီလိုအကျိုးရလဒ်တွေ ရှိလာသလို လူနာအများစုရှိလာပြီးနောက် ပိုးတွေ့လူနာတွေ နေထိုင်ရာအိမ်၊ တိုက်နဲ့ လမ်းတွေကို လော့ခ်ဒေါင်း ချထားတာတွေလည်း အများအပြားရှိလာတဲ့အတွက် အခက်အခဲတွေနဲ့လည်း စတင်ကြုံလာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ko Naing'Facebook

ဓာတ်ပုံ ပုံစာ,

ပိုးတွေ့လူနာတစ်ဦးနဲ့ လေယာဉ်အတူစီးမိလို့ ည ၉နာရီမှာ ကွာရန်တင်းဝင်ဖို့ လူအုပ်နဲ့လာရောက်ခေါ်ဆောင်တာခံရ

ဘာတွေစကြုံနေကြသလဲ

''ဟေ့ဟေ့ မလာနဲ့ ဒီကို မလာနဲ့ဦး''

ဒါကတော့ လူနာအမှတ် ၈၂ နဲ့ လေယာဉ် တစ်စီးတည်းအတူစီးလာမိပြီးတဲ့နောက် ရုတ်တရက် ည ၉နာရီ ဝန်းကျင်မှာ ကွာရန်တင်းလုပ်ဖို့ ရဲပွိုင့်ကား ၂စီးနဲ့ တာဝန်ရှိသူအယောက် ၃၀ နီးပါးလောက်နဲ့ လာခေါ်ခံရတဲ့ အခါ အဝတ်ထုပ်ဆွဲပြီး လိုက်သွားဖို့ပြင်ရာက လာခေါ်သူတွေက သူတို့နားမကပ်ခင် အော်ဟစ်တားမြစ် တာကို ခံလိုက်ရတဲ့ ကိုနိုင်ဆိုသူက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် သူကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ပြန်လည် ပြောပြထားတာပါ။

' 'လေယာဉ် တစ်စီးထဲစီးမိတာ။ ပေါ့စတစ်လူနာမဟုတ်သေးဘူး။ အပြစ်ကျူးလွန်ထားတဲ့ တရားခံ တစ်ယောက်လို ဝရမ်းပြေးတစ်ယောက်လို ဓာတ်ပုံတွေ ရိုက်ကြတယ်။ လူသတ်ဝရမ်းပြေး တရားခံ တစ်ယောက်လိုဘဲ'' လို့ သူခံစားရတဲ့အခြေအနေကို ရင်ဖွင့်ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thel Hsu Wai

ဓာတ်ပုံ ပုံစာ,

လူနာအမှတ် ၈၅ နေအိမ်ရှိရာ လမ်းကို အဝင်အထွက်ပိတ်ထား

အလားတူကြုံနေရသူနောက်တစ်ဦးကတော့ တောင်ဒဂုံမြို့နယ်က လူနာအမှတ် ၈၅ နေထိုင်ရာ တောင်ဒဂုံမြို့နယ် ဇင်ယော်လမ်းမှာနေထိုင်တဲ့ မသဲစုဝေပါ။

''လူနာက ရောဂါဖြစ်လို့ ဆေးရုံတက်နေရတာလည်းကြာပြီ။ အိမ်မှာနေတာမဟုတ်ဘူး။ ဒါပေမယ့် ရုတ်တရက်အကြောင်းမကြားဘဲ ကျမတို့ လမ်းကအရှည်ကြီး တစ်လမ်းလုံးကို လော့ခ်ဒေါင်းချပစ်လိုက်တယ်။ နောက် သုံးလေးရက်နေတော့ တခြမ်းကို ပြန်ဖွင့်ပေးလိုက်တယ်။ ကျမတို့အိမ်က လူနာအိမ်နဲ့ (၇)အိမ် လောက်ခြားတယ်။ အခုဆို ၁၀ ရက်လောက်ရှိပြီ။ ဘယ်တော့ပြန်ဖွင့်ပေးမယ်လည်း မသိရသေးဘူ။''လို့ မသဲစုဝေက ဘီဘီစီကို ပြောပြပါတယ်။

ဒါအပြင် လော့ခ်ဒေါင်းချထားတဲ့အတွက် သူတို့မိသားစုတွေ အပြင်မထွက်ကြရသလို ခြံထဲရေလောင်းရင်တောင် လမ်းထိပ်မှာ အစောင့်ချထားသူတွေက ဝိုင်းကြည့်တာမျိုးတွေလည်းရှိလို့ စိတ်မလုံသလို ဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ပိုးတွေ့လူနာ ၁၄၄ ဦးအထိရှိလာ

' ' လော့ခ်ဒေါင်းချထားတယ်ဆိုပြီး တခြားအိမ်တွေက အလုပ်သွားတဲ့သူတွေကတော့ ထွက်လို့ရတယ်။ ကျွန်မတို့ကတော့ အလုပ်သွားစရာမလိုတော့ မထွက်ရဘူး။ ကျွန်မတို့သိသလောက် လော့ခ်ဒေါင်းဆို အကုန်လုံးအပြင်မထွက်ရမှာ မဟုတ်ဘူးလား''လို့လည်း သူက မေးခွန်းထုတ်ပါတယ်။

ပိုးတွေ့လူနာတွေနေထိုင်ရာနေရာတွေကို လော့ခ်ဒေါင်း ချတာတွေ လုပ်နေသလို မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၄၄ ဦးအနက် ရန်ကုန်တိုင်းက ပိုးတွေ့လူနာ အများဆုံးတွေ့ရှိထားတဲ့အတွက် မြို့နယ် ၁၀ ခုကို Semi Lockdown (တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ကန့်သတ်မှု) ချထားတဲ့ အခြေအနေဖြစ်ပါတယ်။

Semi lockdown ချထားတဲ့ မြို့နယ်ကလူတွေက နေအိမ်တွေမှာပဲ နေရမှာဖြစ်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပြင်ပထွက်ခွင့်မရှိပါဘူး။ ဒါပေမယ့် အလုပ်သွားဖို့ လိုအပ်သူတွေကိုတော့ အပြင်မထွက်ဖို့ မတားမြစ်ထားပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Tun Myint

ဓာတ်ပုံ ပုံစာ,

အဆိုတော်မျိုးကြီးတို့ နေထိုင်ရာ နေအိမ်ရှိရာ တိုက်ကို ပိတ်ဆို့ကန့်သတ်တာတွေချ

ရပ်ကွက်တွေ၊ လမ်းတွေမှာ လော့ခ်ဒေါင်း ချရာမှာ စံသတ်မှတ်ချက်တွေရှိသလား

' ' ပိုးတွေ့လူနာရှိလာပြီဆို လွှတ်တော်ကိုယ်စားလှယ်၊ ကျန်းမာရေး၊ ရဲ၊ ရပ်ကွက် စတဲ့ပူးပေါင်းအဖွဲ့တွေနဲ့ သွားကြတာပါ။ အဲဒီနေရာက ဘယ်လောက် ဆက်စပ်မှုရှိလဲ၊ ဘယ်နေရာအထိ လော့ခ်ဒေါင်းချဖို့လိုသလဲ ဆိုတာကို ကျန်းမာရေးကပဲ ဆုံးဖြတ်ပါတယ်။ ဒီကြားထဲမှာ ဒီလူတွေကို လော့ခ်ဒေါင်း ချပြီးရင် လိုအပ်တာ တွေကို ကူညီပေးဖို့ ကျန်းမာရေးအခြေအနေကို ဖုန်းနဲ့နေ့တိုင်းဆက်သွယ်မေးမြန်းရပါတယ်။ ဒါတွေက ဂိုက်လိုင်းတွေရှိပြီးသားပါ''လို့ ဗဟန်းမြို့နယ်အတွင်းက ပိုးတွေ့လူနာတည်ရှိရာနေရာတွေကို လော့ခ်ဒေါင်းချခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ကပြောပြပါတယ်။

ဒီလို သတ်မှတ်ချက်တွေရှိပေမယ့် အချို့သောမြို့နယ်တွေမှာတော့ လော့ခ်ဒေါင်း ချသွားပြီး တိုက်တံခါးတွေ သော့ခတ်သွားပေမယ့် ဘယ်သူ့ကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ နေ့ချင်းပြောမသွားတာ မျိုးတွေရှိတဲ့အတွက် အခက်ကြုံရတာမျိုးတွေလည်း ရှိနေတယ်လို့ ကာယကံရှင်အချို့ကပြောပါတယ်။

ဒီအခြေအနေတွေဟာ ပိုးတွေ့လူနာနဲ့ဆက်စပ်မှုရှိသူတွေကို ကွာရန်တင်းဝင်ဖို့ အသိပေးဖို့ အခက်တွေ့လာနိုင်စေလား

''ကျွန်မ မိသားစုဝင်တစ်ဦးက ပိုးတွေ့လူနာနဲ့ လေယာဉ်တူတူစီးမိလို့ ဆေးရုံမှာ စောင့်ကြည့်ဖို့ သွားနေရ တယ်။ လေးရက်လောက်ကြာမှ ရုတ်တရက် ကျွန်မတို့အိမ်ကို ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေလာပြီး အိမ်ကို အပြင်ကနေ သံကြိုးနဲ့သော့ခတ်ဖို့ လာလုပ်တယ်။''

ဒါကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကိုဗစ်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းတွေကို တက်ကြွ စွာဆောင်ရွက်နေတဲ့ လူငယ်အမျိုးသမီးတစ်ဦးလ ည်းဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က ဘီဘီစီကိုပြောပြတာပါ။

''ဒါဟာ ကျန်းမာရေးအတွက် အားလုံးအတွက်ကောင်းဖို့ဆိုတာနားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ပေါ့စတစ်တွေ့ထားတဲ့ လူနာမိသားစုလည်း မဟုတ်ဘူးလေ။ ကျွန်မအနေနဲ့ ရပ်ကွက်လူကြီးကို အတိုက်အခံပြောမှ နောက်ဆုံးသံကြိုးခတ်ဖို့ လက်လျှော့ပြီး အပြင်မထွက်ပါဘူးလို့ ခံဝန်ကတိထိုးပေးခဲ့ရတယ်''လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Myo Khant / MPA

ဓာတ်ပုံ ပုံစာ,

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်လာ

နေရာမတူပေမယ့်လည်း ကိုဗစ်နဲ့ဆက်စပ်တဲ့ အဖြစ်အပျက် နောက်တစ်ခုကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ နေထိုင်သူ တစ်ဦးကလည်း သူ့ရဲ့အဖြစ်အပျက်ကို ဧပြီ ၂၄ ရက်နေ့က ဆိုရှယ်မီဒီယာကတဆင့် အခုလို ရင်ဖွင့်ထားပါတယ်။

'' မနက်ကရောဂါပိုးတွေ့လို့ဆိုပြီး ကျွန်တော်တို့နေတဲ့တိုက်ကို ပိတ်လိုက်တယ်။ လမ်းသွားလမ်းလာကအစ ကျွန်တော်တို့တိုက်ကို အပြစ်ကျူးလွန်ထားတဲ့ နေရာတစ်ခုလို အကြည့်တွေနဲ့ကြည့်သွားကြတယ်။ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တိုက်ကလူတွေကလည်း ကျွန်တော်တို့တိုက်ကသူတွေကို အပြစ်ခံနေရ သူတွေလို ကြည့်ကြတယ်။''လို့ ဆိုပါတယ်။

'' အတော်ကိုဆိုးရွားလွန်းတယ်။ ဒီတော့ ခင်ဗျားတို့လည်း ကျွန်တော့်လိုမျိုး ကိုယ့်အနီးအနားက ရောဂါရှိ လူနာတစ်ယောက်မတွေ့ပါစေနဲ့ ဆုတောင်း ထားကြတော့။ တစ်ယောက်လောက်တွေ့ရင် မဆီမဆိုင် ကိုယ်တွေပါ ၂၁ ရက်လောက် ချိတ်ပိတ်ခံနေရမယ်'' လို့ ထပ်မံရေးသားထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီ ၂၄ ရက်နေ့မှာထုတ်ပြန်ထားတဲ့စာရင်းဇယားတွေအရ လက်ရှိမှာ Facility quarantine စောင့်ကြည့်ခံနေသူ လေးသောင်းကျော်ရှိပြီး သံသယလူနာက၂၄၄၀ ဦးအထိရှိတယ်လို့ သိရပါတယ်။

သံသယလူနာ၊ စောင့်ကြည့်လူနာတွေထဲကမှ ဓာတ်ခွဲစစ်ဆေးမှုအနေနဲ့ ၆၁၂၄ ဦးကို ဓာတ်ခွဲစစ်ဆေး နိုင်ခဲ့ပြီး ဒီထဲကမှ ပိုးတွေ့လူနာ ၁၄၄ ဦးတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

ပိုးတွေ့လူနာကို အပြစ်ရှိသူအဖြစ် မဆက်ဆံဖို့ နိုင်ငံအကြီးအကဲတွေကိုယ်တိုင် မေတ္တာရပ်ခံထားပေမယ့် လည်း လက်တွေ့မှာတော့ ရာနဲ့ချီလာတဲ့ ပိုးတွေ့လူနာတွေအပြင် လူနာနဲ့ဆက်စပ်သူတွေ၊ ယာဉ်တစ်စီးထဲ စီးနင်းမိသူတွေမှာတောင် ခွဲခြားဆက်ဆံခံရတာတွေရှိနေတယ်လို့ ကာယကံရှင်တွေကပြောပါတယ်။

အားလုံးမဟုတ်ပေမယ့်လည်း အချို့သော ခွဲခြားဆက်ဆံခံရသူတွေအနေနဲ့ ဒါဟာ စိတ်ပိုင်းဆိုင်ရာကို များစွာထိခိုက်မှုရှိလာတယ်လို့ ဖွင့်ဟပြောဆိုနေကြပါတယ်။