ကိုဗစ်၁၉ ရှိမရှိ တစ်ရက် လူ ၁၄၀၀ လောက် စစ်နိုင်တဲ့စက်သုံးလုံး အသင့်ပြင်ထားကြောင်း တပ်မတော်ထုတ်ပြန်၊ ဂျပန်က ပိတ်မိမြန်မာတွေ ပြန်ခေါ်ဖို့သံရုံး ကြိုးပမ်း၊ အမေရိကန်မှာ ကိုဗစ်၁၉ နဲ့ သေသူ ငါးသောင်းကျော်ပြီ

ဒီစက်တွေမှာ ကိုဗစ်၁၉ ပိုး စပ်သပ်အတည်ပြုမှုတွေ လုပ်ပေးဖို့အသင့်ရှိနေပြီလို့ တပ်မတော်ဘက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ,

ဒီစက်တွေမှာ ကိုဗစ်၁၉ ပိုး စပ်သပ်အတည်ပြုမှုတွေ လုပ်ပေးဖို့အသင့်ရှိနေပြီလို့ တပ်မတော်ဘက်က ပြောပါတယ်။

(၁) ကိုဗစ်၁၉ ရှိမရှိ တစ်ရက် လူ ၁၄၀၀ လောက် စစ်နိုင်တဲ့စက်သုံးလုံး အသင့်ပြင်ထားကြောင်း တပ်မတော်ထုတ်ပြန်

ရောဂါရှာဖွေရေးစက် Cobas 6800 စက်နှစ်လုံးကို တပ်မတော်က ပိုင်ဆိုင်ထားပြီး ကိုဗစ်ရောဂါပိုးရှိမရှိ အစိုးရစစ်ဆေးမှုတွေမှာ လိုအပ်ပါက တပ်မတော်က ပူးပေါင်းကူညီစစ်ဆေးပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်က ဧပြီ ၂၄ မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီစက်အမျိုးအစားကို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ COVID-19 ရောဂါပိုးစစ်ဆေးရာမှာ လက်ရှိသုံးစွဲနေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီစက်ဟာ ရာနှုန်းပြည့်အလိုအလျောက်အလုပ်လုပ်တဲ့စက်ဖြစ်တဲ့အတွက် စက်ကိုင်တွယ်သူတွေကို ရောဂါပိုးကူးစက်နိုင်ခြေနည်းပြီး တစ်ရက်ကို လူ ၁၄၀၀ ခန့် စမ်းသပ်စစ်ဆေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cnicds

ဓာတ်ပုံ ပုံစာ,

ဒီစက်ကြီးတွေကို ရန်ကုန်နဲ့နေပြည်တော်က တပ်မတော်ဆေးရုံတွေမှာ ၂၀၁၉ တည်းက တပ်ဆင်ထားတာလို့ ဆိုပါတယ်။

တပ်မတော်က ဒီရောဂါရှာဖွေရေးစက်တစ်လုံးစီကို အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀၊ ရန်ကုန်နဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ နဲ့ နေပြည်တော်တို့မှာ ၂၀၁၉ ခုနှစ်က တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစက်မှာ ကိုဗစ်၁၉ ရှိမရှိ စစ်ဆေးဖို့ Reagent(ဆေးရည်၊ ဓာတ်စမ်းပစ္စည်း)တွေမှာယူထားတာ အခု ရရှိပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကိုဗစ်၁၉ စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့က ပညာရှင်တွေပူးပေါင်းပြီး စက်တပ်ဆင်တာနဲ့ ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့တာ ဧပြီ ၂၃ ရက်မှာ စမ်းသပ်စစ်ဆေးမှုအောင်မြင်ခဲ့တာကြောင့် ဒီစက်တွေမှာ ကိုဗစ်၁၉ ပိုး စပ်သပ်အတည်ပြုမှုတွေ လုပ်ပေးဖို့အသင့်ရှိနေပြီလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cnicds

ဓာတ်ပုံ ပုံစာ,

ကိုဗစ်၁၉ စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့က ပညာရှင်တွေပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ တပ်မတော်ကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာလည်း ဒီရောဂါရှာဖွေရေး Cobas 6800 စက်တစ်လုံးကို AA Medical Products က လှူဒါန်းထားပြီး ရန်ကုန်မှာ စက်တပ်ဆင်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။

အဲဒီလို တပ်ဆင်တာတွေမပြီးခင်နဲ့ ပြီးစီးပြီးနောက်ပိုင်း လိုအပ်ရင် ရန်ကုန်နဲ့ နေပြည်တော်တို့က တပ်မတော်ဆေးရုံတွေမှာ ကိုဗစ်၁၉ ရောဂါပိုး အတည်ပြုစမ်းသပ်မှုတွေလုပ်ဖို့အတွက် တပ်မတော်က ပူးပေါင်းကူညီ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

တပ်မတော်က ရောဂါရှာဖွေရေးစက်တွေနဲ့ ကိုဗစ်၁၉ စမ်းသပ်အတည်ပြုမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ချက်အပေါ် လက်ခံဖို့ရှိမရှိ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးက အသေးစိတ်အခြေအနေကို မသိရသေးကြောင်းနဲ့ စုံစမ်းပြီးမှ ပြန်လည်ဖြေကြားနိုင်မယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ,

WHO အသိအမှတ်ပြု ကိုဗစ်၁၉ ရောဂါပိုးစစ်ဆေးနိုင်တဲ့ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း

လောလောဆယ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ကိုဗစ်၁၉ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ ဓာတ်ခွဲခန်း ရန်ကုန်မှာ နှစ်ခုရှိပြီး နေ့စဉ် လူ သုံးရာနဲ့အထက် စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Saw Nay Nwe FB

ဓာတ်ပုံ ပုံစာ,

AA ဆေးကုမ္ပဏီက လှူဒါန်းထားတဲ့ ရောဂါရှာဖွေရေးစက်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

လက်ရှိ ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခုဟာ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန NHL နဲ့ ဆေးသုတေသနဦးစီးဌာန(ရန်ကုန်) က ဓာတ်ခွဲခန်းတို့ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု ဓာတ်ခွဲခန်းတွေဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ မော်လမြိုင်တို့မှာလည်း ကိုဗစ်၁၉ စစ်ဆေးဖို့ ဓာတ်ခွဲခန်းပြင်ဆင်နေတာ ပြီးစီးသလောက်ရှိနေပြီလို့ သိရပါတယ်။

() ဂျပန်မှာ ပိတ်မိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် ဂျပန်သံရုံး ထုတ်ပြန်

ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်နိုင်ရေးကန့်သတ်ချက်တွေကြောင့်မြန်မာနိုင်ငံကို မပြန်နိုင်ဘဲ အခက်အခဲဖြစ်နေတဲ့ မြနမာနိုင်ငံသားတွေကို လေယာဉ်နဲ့ ပြန်လည် ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ တိုကျိုအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဧပြီ ၂၅ ရက်မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာသံရုံးရဲ့ ညှိနှိုင်းချက်အရ All Nippon Airways က လူသားချင်းစာနာမှုအကူအညီ လေယာဉ်(Relief Flight) ကို မေလ ပထမပတ်အတွင်း တိုကျိုလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြေးဆွဲနိုင်ဖို့ဆောင်ရွက်နေတယ်လို့လည်း အဲဒီကြေညာချက်က ဖော်ပြထားပါတယ်။

ညှိနှိုင်းမှုတွေပြီးရင် ထွက်ခွာမယ့်နေ့ရက်ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PHILIP FONG

ဓာတ်ပုံ ပုံစာ,

အရေးပေါ်အခြေအနေကြေညာထားတဲ့ ဂျပန်မှာလေဆိပ်တွေကိုတော့ ဖွင့်ထားဆဲပါ။

ဒါ့အပြင် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေထဲက နေထိုင်စားသောက်ရေးအခကအခဲကြောင့် မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလိုသူတွေအနေနဲ့ မြန်မာသံရုံးရဲ့ အီးမေးလ် metokyo.myanmar@gmail.com ကို နာမည်၊ နိုင်ငံကူးလက်မှတ်အပါအဝင် လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ၊လေယာဉ်လက်မှတ်မိတ္တူနဲ့အတူ ဧပြီ ၂၈ ရက်မွန်းတည့် ၁၂ နာရီနောက်ဆုံးထား ပေးပို့ဖို့ နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လူထုအခြေပြုကုသစောင့်ရှောက်မှုပေးခြင်း(community-based Facility Quarantine)၂၁ ရက်နဲ့ နေအိမ်မှာ သီးခြားနေထိုင်ခြင်း (Home Quarantine) ၇ ရက် စုစုပေါင်း ၂၈ ရက်မပျက်မကွက်နေထိုင်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

ဂျပန်နိုင်ငံမှာ ကိုဗစ်၁၉ ကြောင့် သေဆုံးသူ ၃၅၀ ကျော်နဲ့ ကူးစက်ခံရသူ ၁၂,၀၀၀ ကျော်ရှိထားပါတယ်။

အစောပိုင်းက ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုတွေ ပြုလုပ်ဖို့နောက်ကျတဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး ဧပြီလဆန်းပိုင်းကစလို့ ကူးစက်မှုနှုန်းမြင့်တက်လာတဲ့နောက် သေဆုံးသူတွေလည်း ရှိလာခဲ့ပြီး ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ ဂျပန်မှာလေဆိပ်တွေကို ဖွင့်ထားဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်တွေပြေးဆွဲခွင့်ရပ်ဆိုင်းထားတာကို မေလ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ထားပါတယ်။

() အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်၁၉ နဲ့ သေသူ ငါးသောင်းကျော်ပြီ

အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်တည်း သေဆုံးသူ ၃,၀၀၀ ကျော်ရှိခဲ့တဲ့နောက် ကမ္ဘာပေါ်မှာ ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အမေရိကန်ပြည်ထောင်စုမှာ လူ သန်း ၃၃၀ ကျော် နေထိုင်ပါတယ်။

ကူးစက်သူပေါင်းက တစ်နိုင်ငံလုံးမှာ ရှစ်သိန်းခုနစ်သောင်းကျော် (၈၇၀,၀၀၀) ရှိနေပါတယ်။

ဒီလိုဆိုးဆိုးရွားရွား ဖြစ်နေပေမယ့် သမ္မတအိမ်ဖြူတော်တာဝန်ရှိသူတွေကတော့ အေမရိကန်မှာ လူသေနှုန်းဟာ ဥရောပနိုင်ငံတွေရဲ့ သေဆုံးနှုန်းထက်စာရင် နည်းနေသေးတယ်လို့ ပြောပါတယ်။

ရက်အတန်ကြာ ကန့်သတ်ပိတ်ပင်မှုတွေ ပြန်လည် ဖွင့်လှစ်လာတာနဲ့အမျှ အမေရိကန်မှာ ဒီသတင်းဆိုးတွေထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဂျော်ဂျီယာ၊ အလာစကာနဲ့ အိုကလာအိုးမား တို့မှာ ဆံပင်အလှပြုပြင်ရေးတွေ၊ ဘိုးလင်း အားကစားခန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေဟာ သောကြာနေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဂျော်ဂျီယာမှာ ပြန်ဖွင့်တဲ့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်

အမေရိကန်မှာ လူဦးရေ သန်း ၃၃၀ ကျော်ရှိပြီး ကူးစက်သေဆုံးနှုန်းက ကမ္ဘာပေါ်မှာ အမြင့်ဆုံးလည်း ဖြစ်နေသလို စပိန်နဲ့အီတလီလို ဒီဗိုင်းရပ်ဒဏ်ဆိုးဆိုးရွားရွားခံရတဲ့ နိုင်ငံတွေထက် ကူးစက်သေဆုံးနှုန်း ပိုမြင့်မားနေပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်က ကိုဗစ်၁၉ ထိန်းချုပ်ရေးအဖွဲ့က ကျွမ်းကျင်သူ ဒေါက်တာ ဒီဘောယာ့က တစ်ကမ္ဘာလုံးမှာ သေဆုံးနှုန်းနိမ့်တဲ့ တိုင်းပြည်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ထိပ်တန်းဆယ်နိုင်ငံစာရင်း

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သန့်ရှင်းရေး ပိုးသတ်ဆေးရည်တွေ ကို လူတွေဆီ ထိုးသွင်းပေးပြီး ကုသပေးဖို့ ကောင်းတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်၁၉ ထိန်းချုပ်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

သမ္မတပြောကြားချက်အပေါ် ပိုးသတ်ဆေးကုမ္ပဏီတွေဘက်ကလည်း အလျင်စလို တုံ့ပြန်လာကြပြီး ဒီပိုးသတ်ဆေးရည်တွေဟာ လူတွေအတွက် သုံးလို့မရကြောင်း ကုမ္ပဏီတွေဘက်က သတိပေးပြောကြားခဲ့ရပါတယ်။