မန္တလေးဆေးရုံကြီးက သေဆုံး ကိုဗစ်စောင့်ကြည့် လူနာ ၄ ဦးမှာ ပိုးမတွေ့

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

မန္တလေး ဆေးရုံကြီးမှာ ဧပြီ ၂၄ ရက်က ကိုဗစ်စောင့်ကြည့်လူနာ ခုနစ် ဦး တစ်ရက်တည်း သေဆုံးခဲ့တဲ့အနက် လေးဦးရဲ့ ပိုးစစ်အဖြေတွေမှာ ပိုးမတွေ့ရှိရဘဲ ကျန်သုံးဦးအဖြေကို စောင့်နေဆဲဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက က ပြောပါတယ်။

ကျန်သုံးဦးရဲ့ အဖြေကို ဒီကနေ့ သို့မဟုတ် မနက်ဖြန်သိရမယ်လို့ ဒေါက်တာ စုစုဒွေးက ပြောပါတယ်။

"အခုသေဆုံးသူတွေက နဂိုတည်းက အခံရောဂါတွေ ပြင်းထန်လို့ သူတို့ သေဆုံးတာ ဖြစ်ပါတယ်"လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

အခုအချိန်ထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ စောင့်ကြည့်လူနာတွေထဲက သေဆုံးသူ ၃၉ ယောက် ရှိခဲ့ပြီး အဲဒီလူနာတွေမှာ ပိုးတွေ့သူ တစ်ယောက်မှ မရှိသေးဘူးလို့လည်း ဒေါက်တာ စုစုဒွေးက ပြောပါတယ်။

အခု သေဆုံးခဲ့သူ ၇ ဦးဟာ နာတာရှည် ရောဂါရှိသူတွေ ဖြစ်ပြီး သူတို့ရောက်လာချိန်မှာ အဖျားရှိ၊ ခေျာင်းဆိုး၊ အသက်ရှူကျပ်၊ မောပန်း စတဲ့ အခြေအနေတွေနဲ့ ရောက်လာခဲ့ကြသူတွေ ဖြစ်လို့ သူတို့ကို ကိုဗစ်-၁၉ စောင့်ကြည့်/သံသယလူနာတွေ အဖြစ်ထားပြီး ကုသပေးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဒါ့အပြင် သူတို့က နာတာရှည်ရောဂါဝေဒနာရှင်တွေ ဖြစ်လို့ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးတွေက ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေထဲမှာ အသက်ရှူစက် Ventilator ပေါ်တင်ပြီး ကုသရတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ဆိုပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သံသယရှိလူနာကို Fever Clinic ကတဆင့် ရှာဖွေတာ ဖြစ်ပါတယ်။

မန္တလေးဆေးရုံကြီး Fever Clinic ကို ရောက်လာသူတွေကို အဖျားစစ်၊ အဆုတ်နဲ့ပတ်သက်တဲ့ လက္ခဏာရှိရင် စတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် သံသယ၊စောင့်ကြည့်လူနာလို့ သတ်မှတ်ပြီး စောင့်ကြပ်ကြည့်ရှုကုသဆောင် ( Isolation Ward) မှာ ထားရှိကုသပေးတယ်လို့ ဆိုပါတယ်။

အဲဒီလူနာတွေကို အသက်ရှူစက် Ventilator တင်ဖို့ လိုအပ်ရင် ကုသနိုင်ဖို့အတွက် Fever Clinic မှာ အရေးပေါ်တင်ဖို့ ကုတင်သုံးလုံးနဲ့ စောင့်ကြပ်ကြည့်ရှုကုသဆောင်မှာ ကုတင် ၁၀ လုံး စုစုပေါင်း ၁၃ လုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မန္တလေးကန်တော်နဒီဆေးရုံမှာတော့ ၁၀ လုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မန္တလေးဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုလူနာဆောင်မှာ ကုတင် ၁၂၀ ရှိပြီး အခုလက်ရှိမှာ စောင့်ကြည့် ကုသပေးနေသူ ၇၁ ဦးရှိတယ်လို့ ဆေးရုံအုပ်ကြီးထံက သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကိုဗစ်-၁၉ စောင့်ကြည့်လူနာအဖြစ် ကုသပေးခဲ့သူ ၃၀၀ ကျော်နဲ့ ဆေးရုံဆင်းသွားသူ ၁၇၀ ကျော် ရှိပြီလို့လည်း ပြောပါတယ်။