မင်းပြားတိုက်ပွဲအတွင်း ရန်ကုန်-စစ်တွေလမ်းမပိတ်၊ ကုန်ကားအများစု ပိတ်မိနေ

မင်းပြား

ဓာတ်ပုံ ရင်းမြစ်, Khine Min Nyo

ရခိုင် မြောက်ပိုင်း မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းအနီးမှာ ဧပြီလ ၂၀ က စတင်ပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်း သွားလာမှုတွေ ရပ်စဲလိုက်ရပြီး တစ်ပတ်နီးပါး ကားအသွားအလာ ရပ်သွားတယ်လို့ ဒေသခံတွေနဲ့ မော်တော်ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မင်းပြားမြို့နဲ့ မြောက်ဘက် ၄ မိုင်ခန့်အကွာ ရာမောင်မြစ်ကူးတံတားအရှေ့ဘက်ခြမ်း ငစရိုင်းချောင်းကျွန်း အနီးတောင်တန်းတွေမှာ ဖြစ်ပွားခဲ့တာပါ။

ဧပြီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး၂၄ ရက်နေ့အထိ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေကို ကြားနေရတဲ့အတွက် ကားအသွားအလာ ဆက်လက်ရပ်ဆိုင်းနေရတာဖြစ်တယ်လို့ မင်းထက်သာ ခရီးသည်နဲ့ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်-စစ်တွေ ခရီးသည်ယာဥ်လိုင်းတွေက သင်္ကြန်ကာလအတွင်းကနေ ရပ်နားထားခဲ့တာ ဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်လို့ ရေလမ်း၊ ကုန်းလမ်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားတဲ့အတွက် ပိတ်မိနေတဲ့ကားတွေထဲမှာ ခရီးပို့ဆောင်ရေး အမြန်ယာဉ်တွေ မပါဝင်ဘူးလို့ မင်းထက်သာ ယာဉ်လိုင်းက ပြောဆိုပါတယ်။

ပိတ်မိနေတဲ့ကားတွေထဲမှာ ကုန်ကားတွေ အများအပြားပါဝင်ပြီး ဆီဘောက်ဆာတွေနဲ့ ဒေသတွင်းပြေးဆွဲနေတဲ့ကားတွေ ဖြစ်တယ်လို့ မင်းပြားဒေသခံ ကိုအမ်းသားကြီးက ပြောပါတယ်။

"ဒီဘက်မှာလည်း အစီး ၁၀၀ ကျော်လောက်ရှိတယ်။ ငစရိုင်းချောင်းဘက်မှာလည်း အစီး ၃၀၀ လောက်ရှိတယ်လို့ပြောတယ်။ ဟိုဘက်ဒီဘက်ကူးခွင့် မရဘူး။ အဲ့ဒါကြောင့် ကားတွေက ၅-၆ ရက်တိုင်တိုင် ပိတ်မိနေတာပေါ့။ ပထမနေ့က ခရီးသည်ကားတွေပါတယ်။ အဲ့ဒီကားတွေက ပြန်သွားတယ်နဲ့တူတယ်"လို့ ကိုအမ်းသားကြီးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

WHO ယာဥ်မောင်းအလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်

တိုက်ပွဲစဖြစ်တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ ကားတစ်စီး ပစ်ခတ်ခံလိုက်ရပြီး ယာဉ်မောင်းသေဆုံးသွားခဲ့တယ်။ ၂၁ ရက်နေ့မှာတော့ အမ်းဘက်ကနေ မင်းပြားကိုလာတဲ့ ဆေးကုမ္ပဏီတစ်ခုက ကားတစ်စီးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

လက်ရှိမှာ ဒေသအခြေအနေတွေ တည်ငြိမ်မှုရှိလာနေပြီ ဖြစ်ပေမယ့် ခိုင်ခံ့မှုအားနည်းနေတဲ့ ရာမောင်တံတား ပေါ်ကနေ ကားတွေဖြတ်သန်းသွားလာလို့မရတော့တဲ့အတွက် လေးမြို့မြစ်ကို ဇက်ရေယဥ်တွေနဲ့ ပို့ဆောင်ပြီးမှ ကားတွေက သွားလာနေကြရတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာ၊ ပစ်ခတ်ခံရတာ တာတွေကြောင့် ဇက်ရေယာဥ်တွေကို ရပ်နားထားတဲ့အတွက် ကားတွေဆက်ပိတ်မိနေတာ ဖြစ်တယ်လို့ မင်းထက်သာ ယာဉ်လိုင်းက တာဝန်ရှိသူက ပြောပါတယ်။

"ဇက်ရေယာဉ်တွေ ပြန်မဖွင့်သေးတော့ ကားတွေက ဒီတိုင်းပိတ်မိနေကြတာပေါ့။ လောလောဆယ်တော့ အဲ့ဒီရာမောင်ဘက်မှာက လူအသွားအလာတွေမရှိသေးတော့ တိတိကျကျမသိရသေးဘူး။ ပိတ်မိနေတဲ့ကားတွေမှာတော့ ခရီးသည်ကားတွေမပါဘူး။ ခရီးပို့ဆောင်ရေးလိုင်းတွေကိုတော့ မေလ ၁ ရက်နေ့ထိပြေးဆွဲခွင့် ရပ်နားထားတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ ရပ်နားထားတော့ အသွားအလာသိပ်မရှိဘူး"လို့ မင်းထက်သာ ကားဂိတ်က ပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာရောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ငစရိုင်းချောင်းကျွန်းအပါအဝင် မင်းပြားမြို့နယ်အတွင်းက အရပ်သားသေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုပါတယ်။

သေဆုံးသူတွေကတော့ စမ္ဘလေမွတ်ဆလင်ကျေးရွာက အမျိုးသားတစ်ဦး၊ နရမ်းကျေးရွာက ရခိုင်လူမျိုးတစ်ဦး၊ ငစရိုင်းချောင်းကျွန်းက အမျိုးသမီးတစ်ဦး၊ မေလွမ်းကျေးရွာက အမျိုးသားတစ်ဦးနဲ့ မင်းပြားမြို့ပေါ်က အမျိုးသားနှစ်ဦးတို့အပါအဝင် WHO ဝန်ထမ်းတစ်ဦးနဲ့ CPS ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးတို့ ဖြစ်ပါတယ်။