ရသေ့တောင် ငတောက်တူချေကျေးရွာ မီးလောင်

လွန်ခဲ့တဲ့ ၆ လလောက်က ရွာအနီးတိုက်ပွဲတွေ ဖြစ်ပွားလို့ ရွာသားတွေ မနေတော့တဲ့ ကျေးရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

လွန်ခဲ့တဲ့ ၆ လလောက်က ရွာအနီးတိုက်ပွဲတွေ ဖြစ်ပွားလို့ ရွာသားတွေ မနေတော့တဲ့ ကျေးရွာ

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားရာ မြို့နယ်တစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာမှာ မေလ ၄ ရက် ညနေ ၆ နာရီကျော်က စတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ငတောက်တူချေကျေးရွာဟာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ကျေးရွာအနီးတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားတွေဟာ ရွာမှာ ဆက်မနေရဲကြတာကြောင့် ရသေ့တောင်မြို့ပေါ်နဲ့ ဘေးလွတ်ရာကျေးရွာတွေကို ရွာလုံးကျွတ် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

မေလ ၄ ရက် ညနေပိုင်းမှာ အပြန်အလှန် တိုက်ပွဲမရှိဘဲ ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့ နောက်မှာ ကျေးရွာအတွင်းက မီးခိုးတွေ ထွက်လာတာကို တွေ့မြင်ကြရပြီး နောက်ပိုင်းမှာ ကျေးရွာက နေအိမ်တွေ မီးလောင်နေတာကို သိရတာဖြစ်တယ်လို့ ငတောက်တူချေ ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ငတောက်တူချေကျေးရွာဟာ ရသေ့တောင်မြို့ရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ခမရ ၅၃၈ တပ်ရင်းနဲ့ ချောင်းတစ်ဖက်ကမ်းမှာ တည်ရှိပြီး တောင်လှမော်ကျေးရွာနဲ့ အနီးဆုံးကျေးရွာဖြစ်ကာ အဲ့ဒီကျေးရွာအတွင်းမှာ တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ငတောက်တူချေ ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျေးရွာအနီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

"ဖြစ်စဉ်က အမျိုးသမီးနှစ်ယောက်နဲ့ ကလေးတွေပါတဲ့ စက်လှေတစ်စီးဟာ ဈေးဝယ်ပြီးအပြန်မှာ ရွာထဲကနေ လက်နက်တွေနဲ့ ပစ်တယ်။ စက်လှေကိုရပ်ပြီး ထွက်ပြေးသွားခဲ့ကြတယ်။ သူတို့ကို ပစ်ပြီးတာနဲ့ အဲ့ဒီရွာထဲက မီးလောင်တာပဲ"လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

အဲ့ဒီစက်လှေနဲ့ဈေးလာဝယ်ကြတဲ့မိသားစုဟာ ငတောက်တူချေကျေးရွာကဖြစ်ပြီး ရွာကထွက်ပြေးလာခဲ့တဲ့အချိန် နွားတွေကို စောင့်ရှောက်ရင်းနဲ့ ဘက္ကားကျွန်းမှာ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

စက်လှေပေါ်မှာ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၁၀ နှစ်အရွယ် ကလေးနှစ်ဦး၊ ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ လိုက်ပါလာကြပြီး သေနတ်ပစ်ခတ်ခံရတာကြောင့် စက်လှေကိုစွန့်ပစ်ကာ ထွက်ပြေးလာခဲ့ကြရတဲ့အတွက် ဝယ်ယူလာခဲ့တဲ့ ရိက္ခာတွေနဲ့အတူ ဖုန်းသုံးလုံးနဲ့ ငွေကျပ် တစ်သိန်းကျော် စက်လှေပေါ်မှာကျန်နေခဲ့ပြီး လူတွေကတော့ လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒီရွာမှာ မေလ ၄ ရက် ညနေ ၆ နာရီလောက်က စမီးလောင်ခဲ့ပြီး ည ၉ နာရီလောက်ထိ မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအပါအဝင် ကျေးရွာတချို့ တိုက်ပွဲတွေ အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးပြီး မီးလောင်ခဲ့တဲ့ကျေးရွာတွေမှာ ရွာသားတွေ ထွက်ပြေးနေကြရတဲ့ကျေးရွာတွေ ဖြစ်ကြပါတယ်။

"ဒီနေ့မနက်ပိုင်းမှာ ကျွန်တော်တို့ နယ်မြေခံအဖွဲ့တွေ သွားပြီးသတင်းယူတော့ ငတောက်တူချေရွာသစ်က ၆ ဆောင်၊ ရွာဟောင်းက ၂ ဆောင် နေအိမ် ၈ ဆောင်နဲ့ စပါးကြိတ်စက်နှစ်လုံး မီးရှို့ခံလိုက်ရတယ်လို့ သတင်းရပါတယ်။ မီးရှို့ခံလိုက်ရတဲ့ မိသားစုတွေနဲ့လည်း ကျွန်တော်တို့နဲ့ အဆက်အသွယ်ရထားပါတယ်"လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ အခုလိုမျိုး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာပေါင်း ၈ ရွာခန့်ရှိပြီး နေအိမ်ပေါင်း ၆၀ နဲ့ ၇၀ အကြားရှိကာ အများဆုံး လောင်ကျွမ်းခဲ့တဲ့ ကျေးရွာတွေကတော့ ကျောက်တန်း၊ သမီးလှနဲ့ အမျက်တောင်ကျေးရွာတို့ ဖြစ်ပါတယ်။

ရခိုင်တပြည်နယ်လုံး အတိုင်းအတာမှာတော့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာပေါင်း ၃၁ ရွာထိရှိလာနေပြီ ဖြစ်တယ်လို့ REC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ အရေအတွက် အများဆုံး မီးလောင်မှုဖြစ်ပွားပြီး ကျေးရွာတွေ မီးလောင်မှုဖြစ်စဥ် စာရင်းကောက်ယူတဲ့အခါမှာ ပုံစံအမျိုးမျိုးတွေ့ရတယ်ဆိုတာနဲ့ ရွာသားတွေထွက်ပြေးနေကြပြီး လူမရှိတော့တဲ့ကျေးရွာအများစု မီးရှို့ခံလိုက်ရတာတွေကို တွေ့ရှိခဲ့ရတယ်လို့ REC အဖွဲ့က ထုတ်ပြန်ပြောဆိုချက်တွေအရ သိရပါတယ်။