Fever Clinic သို့မဟုတ် ဆေးရုံတွေရဲ့ ကင်းစခန်းလေးတွေ

မြို့နယ် ၁၆ မြို့နယ်မှာ Fever Clinic တွေ ရှိလာပြီ

ဓာတ်ပုံ ရင်းမြစ်, Community Fever Clinic - Yangon Network

ဓာတ်ပုံ ပုံစာ,

မြို့နယ် ၁၆ မြို့နယ်မှာ Fever Clinic တွေ ရှိလာပြီ

ဖျားနာကုဆေးခန်း - Fever Clinic တွေ ရန်ကုန်က မြို့နယ်တချို့မှာ ဧပြီလဆန်းပိုင်းလောက်က စတင်ပေါ်လာခဲ့ပါတယ်။ အခုတော့ မြို့နယ် ၁၆ မြို့နယ်မှာ Fever Clinic တွေ ရှိလာပြီး အဲဒီ ဆေးခန်းတွေ ဖွင့်ဖို့ စီစဉ်နေတာတွေ ရန်ကုန်က တခြားမြို့နယ်တွေမှာလည်း ထပ်တိုးလာသလို ပြည်နယ်နဲ့ တိုင်းတွေမှာ လည်း အလားတူ ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။

အခုအချိန်မှာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ လည်ချောင်းနာတယ်၊ ခေါင်းကိုက်တယ်၊ အနံ့အရသာတွေ ပျောက်လာတယ်၊ ကိုယ်လက်တွေနာတယ်၊ အသက်ရှူရ ကျပ်တယ် စတဲ့ အဲဒီ ရောဂါလက္ခဏာတွေ တခုတည်းဖြစ်ဖြစ်၊ နှစ်ခုပေါင်းဖြစ်ဖြစ်၊ နှစ်ခုထက်မက ပေါင်းပြီးဖြစ်ဖြစ်၊ ခံစားကြရပြီ ဆိုရင် လူတိုင်း စိုးရိမ်သွားကြတာက တခုတည်းသာပါ။

ဒါ ကိုဗစ် - ၁၉ ကူးပြီလား ဆိုတာပါ။

ဖျားတိုင်း၊ အထက်က လက္ခဏာတွေ တခုခုဖြစ်တိုင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ပေမယ့် အခုအချိန်မှာတော့ ဖြစ်တဲ့သူ ဘယ်သူမဆိုစိုးရိမ်ကြသလို၊ သူတို့ကို ကြည့်ရှုပေးမယ့် ကျန်းမာရေး ဝန်ထမ်းကလည်း ဆေးမရှိသေးတော့ ကူးစက်မြန်ရောဂါမို့ စိုးရိမ်ပါတယ်။

"တကယ်တမ်း ကိုဗစ် - ၁၉ သံသယလူနာကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းက ထိတွေ့မိလို့ နောက်ပိုင်းမှာ စောင့်ကြည့်ဖို့ သူတို့ သီးသန့် ကိုယ့်ဘာသာကိုယ်ခွဲနေကြရမယ်ဆိုရင် ဆေးရုံမှာ စောင့်ရှောက်ပေးမယ့် ကျန်းမာရေးဝန်ထမ်း အင်အားက သိသိသာသာကို လျော့ကျသွားနိုင်တယ်။

သံသယလူနာတွေ ဆေးရုံတွေဆီကို ပြုံကျလာရင် ဆေးရုံက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်း အင်အားနဲ့ နိုင်မှာမဟုတ်ဘူး။

အဲဒါနဲ့ ရပ်ရွာအဝန်းအဝိုင်းထဲ ဆင်းပြီး ဖျားတဲ့လူတွေကို ကြည့်ပေးဖို့ စဖြစ်ခဲ့တာ" လို့ အင်းစိန် ပြည်သူ့ဆေးရုံက အတိုင်ပင်ခံသမားတော်လည်းဖြစ်၊ ဆေးတက္ကသိုလ် (၂) ဆေးပညာဌာန ပါမောက္ခလည်း ဖြစ်တဲ့ ဒေါက်တာ မာမာကြည်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr. Mar Mar Kyi Facebook

ဓာတ်ပုံ ပုံစာ,

ဒေါက်တာ မာမာကြည်

သူက အင်းစိန်မြို့နယ် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ မြို့နယ်ကိုယ်စားပြု လွှတ်တော်အမတ်တွေ၊ မြို့နယ်က အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ စေတနာနဲ့ ကူညီမယ့်အရပ်သားတွေကို စုစည်းကာ အင်းစိန် မြို့နယ် ခန်းမ မှာ Fever Clinic တခုကို ဧပြီလ အစောပိုင်းကစလို့ ဖွင့်ခဲ့ပါတယ်။

သူတို့ Fever Clinic ကို နေ့စဥ်လာပြတဲ့လူပေါင်း တနေ့ကို ၃ ယောက်ကနေ ၅၈ ယောက်အထိ ရှိတယ်လို့ ဒေါက်တာမာမာကြည်က ပြောပါတယ်။

အကာအကွယ် ပစ္စည်းတွေ၊ ဝတ်စုံတွေနဲ့ Fever Clinic

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အရင်က ဆေးရုံပြင်ပက အရပ်ထဲမှာ ဆရာဝန်တွေဖွင့်ထားကြတဲ့ ပုဂ္ဂလိက ပြင်ပဆေးခန်း (General Practitioner - GP) တွေကလည်း ဗိုင်းရပ်စ်အတွက်အကာအကွယ် လုံလောက်အောင် မယူနိုင်တဲ့ အခြေအနေမှာ ပိတ်နေကြရသလို၊ အခုအချိန်မှာ မဖျားတဲ့ လူနာကလွဲလို့ ဆေးခန်း၊ ဆေးရုံကို သွားဖို့ ရှောင်ကြသူတွေ များတဲ့ ကာလပါ။

ဒါပေမဲ့ လှိုင်သာယာမြို့နယ်မှာ သူတို့ Fever Clinic တခုကို စဖွင့်တော့ မကျန်းမာတဲ့လူနာတိုင်းက လာကြလို့ "ဖျားတဲ့လူနာမှ ဒီကိုလာပါ၊ ဒီကိုလာတဲ့ လူတိုင်းက ဖျားနေကြမှာ၊ ဒါမှမဟုတ် ကိုဗစ်နဲ့ပတ်သက်တဲ့ တခြား ရောဂါလက္ခဏာတခုခုရှိနေတာ၊ တခြားရောဂါနဲ့ လာပြရင်လာပြတဲ့သူအတွက် (ကူးစက်ခံသွားရနိုင်တဲ့) အန္တရာယ်ရှိတယ်" ဆိုတာကို သဘောပေါက်အောင် ရှင်းပြရတဲ့ အကြောင်း အဲဒီ ဆေးခန်းကို စည်းရုံးဦးဆောင်ဖွင့်လှစ်သူတယောက်ဖြစ်တဲ့ ဒေါက်တာ နိုင်မင်းထွဋ်က ပြောပါတယ်။

သူနဲ့အတူ ဆေးခန်းမှာထိုင်ကြတဲ့ ဆရာဝန်တွေ၊ ဆေးကျောင်းသူ ကျောင်းသားတွေ၊ စေတနာ့ ဝန်ထမ်းစုစုပေါင်း အယောက် ၂၀ ကျော်လောက်ရှိပြီး လာပြတဲ့ လူနာတိုင်းကို ဗိုင်းရပ်စ်ကူးစက်ခံ သံသယနဲ့ သတိထားရမှာမို့ Personal Protective Equipment - PPE အကာအကွယ်တွေနဲ့ လုပ်ကိုင်ကြရတာပါ။

ဆေးခန်းကို ရောက်လာတဲ့ လူနာတယောက်ကို ဘယ်လို မေးမြန်းပြီး ဘယ်လိုကူညီမှုပေးရမယ်ဆိုတာကို သင်တန်းယူထားကြတဲ့အတွက် စေတနာ့ဝန်ထမ်းအားလုံးက သိနေတယ်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပေးထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ဘယ်ရောဂါလက္ခဏာတွေ လူနာမှာရှိနေရင် သံသယလူနာအဖြစ် သတ်မှတ်ပြီး ဆေးရုံကို ပို့ကြကြောင်းလည်း ဒေါက်တာနိုင်မင်းထွဋ်က ရှင်းပြပါတယ်။

စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေ အနေများတဲ့ လှိုင်သာယာမှာ တနေ့ကို လူနာ အယောက် ၂၀ လောက် သူတို့ ဆေးခန်းကိုလာပြနေရာကနေ ချန်းရီ ဖိနပ်စက်ရုံက စကားပြန် ကိုရိုနာဗိုင်းရပ်စ်တွေ့တယ်ဆိုတာကို အတည်ပြုနိုင်တဲ့နောက် ၂ ရက်တာ ကာလအတွင်း စိုးရိမ်ကြတဲ့ အလုပ်သမား ၃၀၀ ကျော် သူတို့ဆေးခန်းဆီ လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Community Fever Clinic - Yangon Network

ဓာတ်ပုံ ပုံစာ,

လူနာကို ဘယ်လိုကူညီမှုပေးရမယ်ဆိုတာကို စေတနာ့ဝန်ထမ်းတွေကို သင်တန်းပေးထား

အဲဒီသူတွေထဲ အဖျားရှိသူ၊ ရောဂါလက္ခဏာရှိသူ ၇၀ လောက်တွေ့ရပြီး သူတို့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

လှိုင်သာယာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူတွေ နေထိုင်ရာ အိမ်ရာဝန်းကျင်တို့၊ လမ်းတို့ ကနေ ဖျားတဲ့လူနာတွေရောက်လာရင် အစုလိုက်ဖြစ်နေသလားဆိုတာကို သတိထား နောက်ကြောင်းလိုက်ပြီးကြည့်တယ် လို့လည်း သူက ပြောပါတယ်။

တာမွေမြို့နယ်မှာ ဖွင့်ထားတဲ့ Fever Clinic မှာ စေတနာ့ဝန်ထမ်းအရပ်သားတယောက် အဖြစ်သွားရောက် လုပ်ကိုင်ပေးခဲ့တဲ့ မနိုဘယ်(လ)အေးက နောက်ပိုင်းမှာ ကိုဗစ် - ၁၉ ရောဂါပိုး ရှိသူလို့ သိခဲ့ရတဲ့ လူနာတယောက်ကို ထိတွေ့ဆက်ဆံ ကူညီပေးခဲ့ရတဲ့အတွက် သီးသန့်ခွဲနေတာကို ၂၁ ရက်ကြာလုပ်နေရပြီး မကြာခင်ပြည့်တော့မှာ ဖြစ်သလို့ သူ့မှာ သံသယ ရောဂါလက္ခဏာတွေ ရှိမနေကြောင်း ဘီဘီစီကို ပြောပြပါတယ်။

သူထိတွေ့ဆက်ဆံ ကူညီပေးရတဲ့သူက အဲဒီအချိန်က ဖျားတဲ့ ဝေဒနာရှိနေသူတောင် မဟုတ်တဲ့အတွက် ရောဂါလက္ခဏာမပြသူတွေလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေနိုင်တာကို သူ့အဖြစ်က ပြနေသလို၊ Fever Clinic မှာ လုပ်ကိုင်ဆောင်ရွက်ပေးနေသူတွေ ဘယ်လောက်အထိ သတိထားသင့်တယ်ဆိုတာကိုလည်း ညွှန်ပြနေသလိုပါ။

ဘယ်သို့ဖြစ်စေ အခုနလူနာဟာ ဆေးရုံတခုကိုလွှဲပြီးတဲ့နောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ် ဆိုတာ သိရပြီး သူ့မိသားစုဝင်တွေ၊ သူနဲ့ထိစပ်နေတဲ့သူတွေကို ဆေးစစ်တာ၊ စောင့်ကြည့်တာတွေ လုပ်နိုင်ခဲ့ပါတယ်။

စောစောတွေ့၊ စောစော ပြန်ကောင်းနိုင်

ဒေါက်တာဒေါ်မာမာကြည်က ဒီ Fever Clinic တွေကနေ ဖြစ်နေသူတွေကို စောစောသိ၊ စောစောလိုက်နိုင်ပြီး ဆေးရုံတင်ပေးနိုင်တာမို့ ကာယကံရှင်လူနာတွေ အတွက် ရောဂါဖြစ်ပေမယ့် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများစေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Community Fever Clinic - Yangon Network

"ဧပြီလ ၁၀ ရက်နေ့တုန်းက လူနာတွေ တွေ့တဲ့ ကိစ္စ ပြောပြချင်တယ်၊ အင်းစိန် Fever Clinic မှာ လည်ချောင်းနာပြီး ဖျားတဲ့လူနာ ၄ ယောက်ကို သံသယလူနာအဖြစ် အင်းစိန်ဆေးရုံကိုပို့လိုက်တယ်။

အဲဒီမှာ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ယူပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ပြီးစစ်ဆေးတယ်။

အဲဒီမှာ သူတို့ ပိုးရှိနေတာတွေ့တယ်။ သူတို့နဲ့ ဆက်စပ်ပြီး အစုလိုက်ဖြစ်နေမလားဆိုတာကို ကွင်းဆက်လိုက်ကြည့်တယ်။

ဆိုလိုတာက စောစောသိရနိုင်တယ်၊ အဲဒီအတွက်လည်း ကောင်းတဲ့အချက်ပါ" လို့ သမားတော်ကြီးက ပြောပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဖြစ်လာတဲ့ အခုလိုကာလထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အထူးသဖြင့် ဆေးရုံ အသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေ ဗိုင်းရပ်စ်ကူးစက်ခံတွေရဲ့ အသက်ကို ရှေ့တန်း တပ်ဦးကနေ ကုသပေးရင်း ကယ်တင်ပေးဖို့ သူတို့ အသက်အန္တရာယ်ကို အရင်းပြုလို့ လုပ်ဆောင်ပေးနေကြသလို Fever Clinic က စေတနာ့ဝန်ထမ်းကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်သားတွေကလည်း ဘေးတွေ့နိုင်ပေမယ့် တတ်နိုင်သမျှ ဆောဆောလျင်လျင် ကိုဗစ် သံသယ လူနာကို ရှာဖွေပေးနေပါတယ်။

ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုတွေ

ပြည်သူ့ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအရ ညွှန်းဆိုထားတဲ့ ရောဂါလက္ခဏာတွေ ပြတဲ့သူ၊ ရာဇဝင်ရှိသူတွေကို သီးသန့်ခွဲထား Quarantine လုပ်စောင့်ကြည့်ဖို့လိုအပ်ပေမယ့် တကယ်တမ်းမှာ Fever Clinic က သူတွေအဖို့ အဲဒီအတွက် စောင့်ကြည့်ရမယ့်သူကို ပို့စရာနေရာ မရှိသေးဘူးလို့ ပြောကြပါတယ်။

"လှိုင်သာယာမှာ ရပ်ရွာကလည်း ကူညီပေးမယ့် အစိုးရကလည်း ကူညီပေးတဲ့ Community based Quarantine Centre တွေလိုတယ်" လို့ ဒေါက်တာနိုင်မင်းထွဋ်က ပြောပါတယ်။

ကိုရိုနာရောဂါကူးစက်မှုကို တားဆီနိုင်ဖို့အရေး တယောက်ကနေ တယောက်ကို ဆက်ဆက်ကူးသွားတဲ့ ကွင်းဆက်ကို ဖော်နိုင်ရေးက အရေးပါလှသလို၊ အဲဒီ ကွင်းဆက်အားလုံး မိနိုင်မှလည်း တစုံတရာထိန်းချုပ်လို့ ရပြီဆိုတဲ့ ရည်မှန်းချက်ကို ရောက်မှာပါ။

အားနည်းတဲ့ ကျန်းမာရေးစနစ်အောက်မှာ မြန်မာပြည်မှာ ဓာတ်ခွဲခန်း ဆေးစစ်နိုင်တဲ့ လူဦးရေ ပမာဏကလည်း နည်းပါးလှပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံပေါင်းစုံက အချက်အလက်တွေကို ဖော်ပြတဲ့ worldometers အင်တာနက်စာမျက်နှာမှာ မြန်မာနိုင်ငံမှာ ဓာတ်ခွဲခန်း ဆေးစစ်နိုင်တဲ့ ပမာဏက (၆ ရက် မေလ ၂၀၂၀ မှာတွေ့ရတဲ့ စာရင်းအရ) လူဦးရေ တသန်းမှာ ၁၆၆ ယောက်၊ လာအိုနိုင်ငံမှာ လူဦးရေ တသန်းမှာ ၃၄၄ ယောက်၊ ထိုင်းနိုင်ငံမှာ လူဦးရေ တသန်းမှာ ၃ ၂၆၄ ယောက် ရှိကြောင်းတွေ့ရပါတယ်။

ဈေးတွေ၊ လမ်းပေါ်တွေ၊ ဘတ်စ်ကားတွေ ပေါ်မှာ လူတွေခပ်ခွာခွာနေဖို့ (Social Distancing) သင့်ပေမယ့် ဖြစ်မနေတဲ့အပေါ် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှာကို စိုးရိမ်တဲ့ ဒေါက်တာနိုင်မင်းထွဋ်က လူတွေ ပူးကပ်စွာရှိနေကြတဲ့ လမ်းပေါ်ကလူတွေရဲ့ ပုံရိပ်တွေကို သူ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ရင်း "အဲ့မှာကြည့် ချောင်းတချက်ဟန့်လိုက်တာနဲ့ ၁၀ ယောက်လောက် တန်းထိမှာ၊ ၁၀ ယောက် တဆင့် သူတို့မိသားစု၊ သူတို့ အလုပ်ထဲက စသဖြင့် စသဖြင့်" လို့ ရေးပါတယ်။