ကိုဗစ်လူနာ သုံးပုံတစ်ပုံကျော် ရောဂါပျောက်ကင်း၊ အသက်အကြီးဆုံးလူနာလည်း ဆေးရုံဆင်းခွင့်ရ၊ ကိုဗစ်ကပ်ရောဂါကြား ကျောင်းဖွင့်ရာသီ ဘယ်လိုစီမံမလဲ အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

တစ်လမ်းတည်းက နေအိမ် နှစ်အိမ်မှာ လူ ၁၉ ဦး ကူးစက်ခံရတဲ့ အုပ်စုလိုက် ကူးစက်မှု အသစ် ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, J Paing / MPA

ဓာတ်ပုံ ပုံစာ,

တစ်လမ်းတည်းက နေအိမ် နှစ်အိမ်မှာ လူ ၁၉ ဦး ကူးစက်ခံရတဲ့ အုပ်စုလိုက် ကူးစက်မှု အသစ် ဖြစ်ခဲ့

အခု ကုန်ဆုံးခဲ့တဲ့ သီတင်းပတ်ကတော့ ကိုဗစ်-၁၉ နဲ့ ဆိုင်တဲ့သတင်းတွေက အဆိုးနဲ့အကောင်း ဒွန်တွဲနေတယ်ဆိုရပါမယ်။

ဧပြီလကုန်ပိုင်းကစပြီး ကိုဗစ်အတည်ပြုလူနာသစ်တွေ့နှုန်း ကျလာခဲ့ပေမယ့် မေလ ၇ ရက်မှာတော့ တစ်ရက်တည်း ပိုးတွေ့လူနာ ၁၅ ဦးတွေ့ခဲ့ပြီး အုပ်စုလိုက်ကူးစက်မှုတစ်ခု ထပ်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ပိုးတွေ့လူနာတွေထဲက သုံးပုံတစ်ပုံကျော်ဟာ ရောဂါပိုးကင်းစင်ပြီး ပျောက်ကင်းလာကြတာလည်း ရှိခဲ့ပါတယ်။

မြန်မာမှာ မေ ၁၀ ရက် ညနေပိုင်းအထိ အတည်ပြုလူနာ ၁၇၈ ဦးရှိပြီး အဲဒီထဲက ရောဂါပိုးကင်းစင်သူ ၆၈ ဦးထိရှိလာပါတယ်။

အဲဒီထဲက ၄၃ ဦးဟာ ဆေးရုံဆင်းခွင့်ရခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်ကန့်သတ်ထားပါတယ်။

ပြန်သက်သာလို့ ဆေးရုံက ဆင်းခွင့်ရသူတွေထဲမှာ အသက်အကြီးဆုံးလူနာ ဖြစ်တဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း ပါဝင်ပါတယ်။ သူဟာ မူဆယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေသူဖြစ်ပြီး မတ်လလယ်ပိုင်းမှာ ဒူဘိုင်းကနေ ထိုင်းနိုင်ငံကတစ်ဆင့် ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် နေမကောင်းဖြစ်ရာက ဆေးစစ်မှုခံယူရာမှာ ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလူနာဟာ မေလ ၉ ရက်နေ့မှာ ဆေးရုံကဆင်းခွင့်ရခဲ့ပြီး အသွားအလာကန့်သတ်မှု ခံယူထားပါတယ်။

မြန်မာမှာ ပထမဆုံး လူနာစတွေ့ခဲ့တဲ့ မတ်လ၂၃ ကနေ ဒီမေလဆန်းထိ နှစ်လကျော်ကာလအတွင်း ရောဂါပိုးကင်း စင်သူအများဆုံး ရှိလာတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

လူနာ သုံးပုံတစ်ပုံကျော် ရောဂါကင်းစင်လာ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကိုဗစ်၁၉ ရောဂါအတွက် ကမ္ဘာမှာ ကာကွယ်ဆေးနဲ့ ကုသဆေးမရှိသေးဘဲ ရောဂါဖြစ်ပွားမှုအပေါ်မူတည်ပြီး လူနာတွေကို ဆေးပညာရှင်တွေက ကုသမှုပေးနေရတာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ် ၁၉ ရောဂါပိုးမကူးစက်အောင် မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ရောဂါပိုးကူးစက်ခံရရင်ရော ဆေးကုသမှုခံယူရချိန်တွေကို ဘယ်လိုကျော်လွှားဖြတ်သန်းရပါမလဲ။

ဆေးရုံကဆင်းခွင့်ရထားတဲ့သူတွေထဲက လူနာနံပါတ် ၈၄ ဖြစ်တဲ့ အဆိုတော်နီတာက အခုလိုပြောပါတယ်။

"ကိုဗစ်က ဖြစ်တဲ့လူ တစ်ယောက်နဲ့တစ်ယောက်ပုံစံမတူဘူး။ တချို့က အနံ့ပျောက်တယ်။ ကျွန်တော်ကကျတော့ အရသာပျောက်တာ။ အစားအသောက်စားလို့မရဘူး။ ဒီရောဂါဖြစ်တဲ့အချိန်မှာ ပိုအားနည်းတာပေါ့။ ရောဂါအခံရှိတဲ့သူဆိုပျောက်ဖို့ ပိုကြာတယ်ကြားတယ်။ အဓိကကတော့ ကျွန်တော် ရေများများသောက်တယ်။ တစ်နေ့ကို ရေ လေးလီတာသောက်တယ်။ ဓာတ်ဆားရည် ငါးပုလင်းသောက်တယ်။ ကျွန်တော်က ကျတော့ ပရက်ရှာ(သွေးပေါင်ချိန်) တောက်လျှောက်အရမ်းကျတယ်။ ဆရာဝန်တွေက ဓာတ်ဆားရည်သောက်ဖို့ ညွှန်ကြားတယ်။ မနက်စာစားတယ်။ ပြီးရင်ဆေးသောက်တယ်။ ပြီးရင်သွေးပေါင်ချိန်တိုင်းတယ်။ ပြီးရင် အန်ရှူဝါးတစ်ခွက်သောက်တယ်။ အဲဒါပြီးသွားရင် ရေနွေးသောက်တယ်။ ရေနွေးထဲကို ပုဆိန်လေဆေးဆီ သုံးစက်လောက်ထည့်ပြီး ရေနွေးငွေ့ရှူတယ်။ ပြီးရင် ရေနွေးကို ဆားထည့်ပြီး အာခေါင်ကို ပလုတ်ကျင်းတယ်။ နေ့ခင်းပိုင်းကို နှစ်နာရီလောက်အိပ်ဖို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်အိပ်လို့မပျော်ဘူး။ ခါတိုင်းဆိုပျော်တယ်။ ကျွန်တော် ပရက်ရှာလည်းအရမ်းကျတယ်။ ဒီဆေးရုံမှာဆို ကိုဗစ်လူနာတော်တော်များများ ပရက်ရှာကျတာကြားရတယ်။ ကျွန်တော်က ပိုဆိုးတယ်။ အောက်သွေးဆို ငါးဆယ်၊ အပေါ်သွေးဆို ရှစ်ဆယ်လောက်ထိ ဖြစ်သွားတယ်။ ပရက်ရှာကျတုန်းကဆို နှလုံးခုန်နှုန်းတွေပါနှေးသွားတယ်။ နည်းနည်းစိတ်ပူရတဲ့အနေအထားပေါ့နော်" လို့ ပြောပါတယ်။

ဒါကြောင့် အာဟာရပြည့်ဝအောင်တက်နိုင်သမျှ အကုန်ကြိုးစားပြီးစားသောက်နေထိုင်ခဲ့တယ်လို့ နီတာကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nita

ဓာတ်ပုံ ပုံစာ,

အဆိုတော်နီတာဟာ ဖောင်ကြီးမှာ နှစ်ပတ်ကြာ ကွာရန်တင်းဝင်နေပါတယ်။

"အဲဒါနဲ့ ကျွန်တော် ဂျင်းပြုတ်ရည်တွေသောက်တယ်။ အုန်းရည်လည်းသောက်တယ်။ အားရှိအောင် ငှက်သိုက်လည်း သောက်တယ်။ ကြက်ပေါင်းဘူး တစ်ရက်ကို နှစ်ဘူး သုံးဘူးလောက်သောက်တယ်။ အစားပျက်ထားတော့အားရှိအောင် ကြိုးစားပြီးအရည်တွေလိုက်သောက်ရတာပေါ့" လို့ သူကပြောပါတယ်။

မြန်မာက ပျောက်ကင်းသွားတဲ့လူနာတွေဆီကနေ သွေးရည်ကြည်ကို ယူပြီး ကိုဗစ်လူနာတွေကို ကုသဖို့ ကုထုံးကိုလေ့လာနေတာရှိပါတယ်။ အခုအဲဒီကုထုံးအရ ရောဂါပျောက်ကင်းသူတွေတွေဆီက သွေးရည်ကြည်တွေကို ကာယကံရှင်ရဲ့ဆန္ဒနဲ့အညီ ရယူပြီး ကုသနိုင်ဖို့ သွေးရည်ကြည်အလှူခံမှုတွေစတင်နေပါပြီ။ အဲဒီအစီအစဉ်အတွက် ကိုဗစ်လူနာတွေ ကုသပေးနေတဲ့ဝေဘာဂီဆေးရုံက နီတာ့ကို ကမ်းလှမ်းထားပါတယ်။

အဲဒီအတွက် သူ့သွေးရည်ကြည်ကိုလည်း ပြန်လှူဖို့ရှိပြီး နှစ်ပတ်ကွာရန်တင်းပြီးတာနဲ့ ဝေဘာဂီမှာ ဆေးတစ်ကြိမ်ထပ်စစ်ပြီးတဲ့နောက် အကုန်ကင်းရှင်းတယ်ဆိုရင် သွေးရည်ကြည်လှူဒါန်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, J Paing / MPA

ဓာတ်ပုံ ပုံစာ,

လူအုပ်စုလိုက် ကူးစက်မှု အသစ် ဖြစ်ခဲ့တဲ့ အင်းစိန်က ခဝဲခြံ ၂ လမ်းကို အသွားအလာ ကန့်သတ်

အင်းစိန်က အုပ်စုလိုက်ကူးစက်မှုနောက်တစ်ခု

မြန်မာမှာ ဧပြီလကုန်ပိုင်းတည်းက ပိုးတွေ့လူနာတွေ့ရှိမှု နည်းသွားခဲ့ပေမယ့် မေလ ၇ ရက်မှာတော့ တစ်ရက်တည်းပိုးတွေ့သူ ၁၅ ဦးထိရှိခဲ့ပါတယ်။ အဲဒီထဲက အင်းစိန်က ၁၃ ဦးပါဝင်ပြီး ဒါဟာ အင်းစိန်မြို့နယ်အတွင်း နောက်ထပ်အုပ်စုလိုက်ကူးစက်မှုတစ်ခုဖြစ်လာပါတယ်။

မိသားစုလိုက်ကူးစက်ခံရတာဖြစ်ပြီး သူတို့ဟာ ကိုဗစ်အတည်ပြုလူနာတွေဖြစ်တဲ့ ကွယ်ကဘောဆေးရုံက သူနာပြုတွေနဲ့ ထိတွေ့မှုရှိထားပါတယ်။ အခုအခါ အင်းစိန် ခဝဲခြံ ၂ လမ်းထဲက သူနာပြုတွေရဲ့နေအိမ်နဲ့ မိသားစုဝင် ၁၆ ဦးနေထိုင်တဲ့အိမ် စုစုပေါင်းနှစ်အိမ်ကနေ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦးထိ တွေ့ရှိထားပါတယ်။ ဒါဟာ ရန်ကုန်မှာ ပိုးတွေ့လူနာအများဆုံးရှိတဲ့လမ်းလည်း ဖြစ်လာပါတယ်။

အင်းစိန်မှာ အရင်က ၈ မိုင်ဘာသာရေးပွဲကို တက်ရောက်ခဲ့တဲ့သူတစ်ဦးကနေ ဆက်စပ်ပြီး လူ ဆယ့်ငါးဦးထက်မနည်း အုပ်စုလိုက်ကူးစက်ခံထားရမှု ရှိထားပါတယ်။

အခု ထပ်တွေ့တဲ့ အုပ်စုလိုက်ကူးစက်မှုဟာ လူနာနံပါတ် ၁၅၁ နဲ့ ထိတွေ့မှုရှိသူတွေကို နောက်ကြောင်းပြန် ခြေရာခံဖော်ထုတ်ရာကနေ မေ ၉ ရက်နေ့အထိ တွေ့ရှိထားတဲ့ ကူးစက်သူတွေဖြစ်ပါတယ်။

ဒါပေမဲ့ လူနာနံပါတ် ၁၅၁ ဟာ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိထားဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီတော့ အခု အစုလိုက် ကူးစက်မှု ဘယ်လိုစတင်တာလဲ၊ ကူးစက်သူတွေနဲ့ ထိတွေ့မှုရှိသူတွေကို စုံစမ်းဖော်ထုတ်နေမှုအခြေအနေနဲ့ ခဝဲခြံ ၂ လမ်းထဲက ဒီအိမ်နှစ်အိမ်နဲ့ပတ်သက်တဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာနော်သန္တာဆွေက ခုလိုပြောပြပါတယ်။

"သူနာပြုတွေကတော့ ဆေးရုံဘက်ခြမ်းကပေါ့။ ဒါပေမဲ့ အခုဆေးရုံမှာက အကုန် နဂ္ဂတစ်(ပိုးမတွေ့အဖြေထွက်) တယ်လေ။ ဒီတော့ အားသာတာက ခဝဲခြံ ၂ လမ်းဘက်က အားသာသွားတာပေါ့။ အခု ဒီလမ်းထဲက သူနာပြုတွေနေတဲ့အိမ်ကတော့ အဆောင်သဘောမျိုးပေါ့။ မိသားစုဝင်လိုက်ကူးတဲ့အိမ်ကကျတော့ ဒီသူနာပြုတွေအဝင်အထွက်ရှိတယ်။ သူတို့က လူမှုရေးလုပ်ငန်းလုပ်တယ်။ ဟိုဘက်က (သူနာပြုတွေနေထိုင်ရာအဆောင်) တော့ ဘယ်လိုမျိုးလဲဆိုတော့ သူတို့တွေက မိဘမဲ့ဂေဟာကနေမှ အရွယ်ရောက်လာပြီးတော့ ဒီမှာအလုပ်လုပ်တာတို့ဘာတို့အတွက်ကို Shelter သဘောမျိုးထားတာပေါ့။ အဲဒီမိဘမဲ့ဂေဟာတွေကနေ ကြီးလာတဲ့ကလေးတွေကို သူနာပြုတွေအိမ်မှာထားတာပေါ့" လို့ ဒီအိမ်နှစ်အိမ်အကြောင်းကို ဒေါက်တာနော်သန္တာဆွေကပြောပါတယ်။

တကယ်တော့ ဒီအုပ်စုလိုက် ကူးစက်မှုဟာ လူနာနံပါတ် ၁၅၁ ကနေ ထိတွေ့သူတွေကို စစ်ဆေးရာကနေ ထွက်ပေါ်လာတာဖြစ်ပေမယ့် လူနာနံပါတ် ၁၅၁ က ရောဂါလက္ခဏာအရင်ဆုံးပေါ်ပေါက်သူဖြစ်ပြီး ဖီဗာကလင်းနစ်(ဖျားနာကုဆေးခန်း) သွားပြရာကနေ အတည်ပြုလူနာအဖြစ်တွေ့ရှိခဲ့တာလို့ ဒေါက်တာနော်သန္တာဆွေကပြောပါတယ်။

"အခုဟာက နောက်ကြောင်းပြန်လိုက်ရတဲ့သဘောပေါ့နော်။ သူ့ကို နောက်ကြောင်းပြန်လိုက်ရင်းနဲ့မှ သူကအရင်ဆုံးဖြစ်တာ ဟုတ်ချင်မှဟုတ်မှာပေါ့။ ကျွန်မတို့မေးတာကို အကုန်လုံးပြောတဲ့အနေအထားတော့မရှိသေးဘူး။ ကျွန်မတို့က သူတို့ဖြေသလောက်ပဲသိရတာ။ ဒါကြောင့် အပြင်ကအထောက်အထားတွေနဲ့ ကျွန်မတို့က ရှာပြီးမေးရတာပေါ့နော်"လို့ သူက ပြောပါတယ်။

သတင်းတွေအရ တစ်အိမ်တည်း လူနာ ၁၄ ဦးတွေ့ခဲ့တဲ့အိမ်မှာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုတွေပြုလုပ်တယ်ဆိုတာနဲ့ပတ်သက်လို့ ဒေါက်တာနော်သန္တာဆွေက ဒီလို သတင်းပေးတာတွေ ရှိထားပေမယ့် မျက်မြင်တွေ့ရတာမဟုတ်ကြောင်း ပြောပါတယ်။

ကျောင်းဖွင့်ရာသီနဲ့ ကိုဗစ်

နှစ်စဉ်လိုလိုမေလနောက်ဆုံးပတ်ဆို အခြေခံပညာကျောင်းအပ်နှံရေးရာသီရောက်လာပါပြီ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အားလုံးသိကြတဲ့အတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လူတွေခပ်ခွာခွာနေဖို့ လိုအပ်နေတာပါ။ ဘာသာရေးပွဲအစပြုလို့ အုပ်စုလိုက်ကူးစက်မှုရှိလာတဲ့နောက် အစိုးရက အသွားအလာကန့်သတ်တာ၊ လိုအပ်တဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးတွေကိုဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ဧပြီလကုန်မှာ ပိုးတွေ့လူနာအရေအတွက် ကျသွားလို့ ကျောင်းတွေပြန်ဖွင့်နိုင်မလားလို့ မျှော်လင့်ချက်တွေရှိလာနေပါတယ်။ ဒါပေမဲ့ ဒီမေလဆန်းမှာ တစ်ရက်တည်းပိုးတွေ့လူနာ ၁၅ ယောက်ရှိလာတော့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နိုင်မယ့်အခြေအနေကလည်း မရေမရာဖြစ်လာနေပါတယ်။

ဇွန်လမှာ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘူးဆိုရင် အွန်လိုင်းကနေ သင်ကြား ပို့ချမှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြားထားပါတယ်။

တကယ်လို့ ကိုဗစ်၁၉ ကပ်ရောဂါကိုမထိန်းချုပ်နိုင်သေးရင် ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုစီမံမှာပါသလဲ။ အွန်လိုင်းကနေ သင်မယ်ဆိုရင်ရော ဖြစ်နိုင်ပါသလား အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီကို အခုလိုပြောပါတယ်။

"ကျောင်းသားပေါင်း ၉ ဒသမ ၇ သန်းလောက်ကို အွန်လိုင်းက သင်ဖို့ ဆိုတာ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံအကြီးကြီးတွေတောင်မှ ဂျပန်တို့ ကိုရိးယားတို့တောင်မှ ချက်ချင်းကြီးလုပ်ဖို့ဆိုတာမလွယ်ဘူးဗျ။ ဒါမျိုးလုပ်မယ်ဆိုလည်း Pilot ပေါ့။ တချို့ကျောင်းနည်းနည်းလေးမှာ ကျောင်းသား နည်းနည်းလေးနဲ့ အရင်ဆုံးစမ်းသပ်ကြည့်တာလုပ်ဖို့စဉ်းစားထားတယ်။ ကျောင်းဖွင့်ဖို့အတွက်က အောင်စာရင်းတွေမထုတ်ပြန်ရသေးဘူး။ မေလနောက်ဆုံးပတ်မှာ ကျောင်းအပ်နှံရေး ရက်သတ္တပတ် လုပ်နိုင်မလုပ်နိုင်က ကိုဗစ် ၁၉ အခြေအနေပေါ်မူတည်တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်သွားရင်လည်း ကျောင်းဖွင့်ချိန်က ဇွန် ၁ ရက်ထက်နောက်ဆုတ်သွားနိုင်ပါတယ်"လို့ ဦးကိုလေးဝင်းကပြောပါတယ်။

ကျောင်းဖွင့်ဖြစ်ခဲ့ရင်လည်း ကျောင်းသားတွေကို နှာခေါင်းစည်းနှစ်ခုစီ၊ မျက်နှာအကာ Face Shield တွေ ဝေဖို့နဲ့ ကျောင်းတိုင်းမှာ အပူချိန်တိုင်းကိရိယာတွေထားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီလိုထောက်ပံ့မှုတွေလုပ်တဲ့အခါ ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်ထဲက သုံးသွားမှာဖြစ်ပါတယ်။ အခြေခံပညာအောက်မှာ ဆရာဆရာမနဲ့ ဝန်ထမ်းအင်အားက ငါးသိန်းဝန်းကျင်ရှိပြီး ကျောင်းသားကျောင်းသူက ၉ ဒသမ ၇ သန်းရှိတယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး

ဓာတ်ပုံ ပုံစာ,

အခြေခံပညာအောက်မှာ ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်း ငါးသိန်းခန့်နဲ့ ကျောင်းသားကျောင်းသူ ၉ ဒသမ ၇ သန်းရှိပါတယ်။

ကိုဗစ်က ကာလရှည်ကြာဆက်ဖြစ်နေမယ်ဆိုရင် ကျောင်းသားတွေ ပညာသင်ကြားမှုနောက်မကျအောင် ဘယ်လိုနည်းလမ်းရှာသင့်ပါသလဲ။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာန ကတိက ဒေါက်တာဇော်မျိုးလှိုင်က အခုလိုပြောပါတယ်။

အွန်လိုင်းဆိုတာထက် အော့ဖ်လိုင်းသွားတာ ပိုအဆင်ပြေမယ်။ ဖုန်းအပလီကေးရှင်းတွေ ရေးမယ်။ အဲဒီအပီလီကေးရှင်းတွေကနေ ဆရာဆရာမတွေကိုပို့မယ်။ ဆရာဆရာမတွေကလည်း ကျောင်းသားတွေနဲ့ ဆက်သွယ်လို့ရတဲ့နည်းနဲ့ လုပ်ရတာတော့ရှိမယ်။ ဒါတောင်မှ ကျောင်းသားတွေက အရွယ်အလိုက်ရှိသေးတယ်။ အခြေခံမှာဆိုနည်းနည်းခက်ခဲမယ်။ တချို့နိုင်ငံတွေမှာ ကျောင်းတောင်မပိတ်သေးတာတွေရှိတယ်။ အခု ကိုဗစ်က အခြေအနေကမသေချာသေးဘူး။ ကျောင်းဖွင့်ရာသီက ပြန်ရောက်လာတယ်။ နိုင်ငံတကာကတော့ Social Distancing ထားပြီးတေ့ ကျောင်းသားတွေနေတာမျိုး၊ နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေနဲ့ သွားနေတာတော့ရှိတယ်။ ကျွန်တော်တို့ကတော့ ကူးစက်မြန်ရောဂါဖြစ်တော့ ကျောင်းတစ်ကျောင်းမှာ ကူးစက်မှုဖြစ်ပွားရင် ကလေးတွေတစ်လတာနောက်ဆုတ်လို့ စာသင်တာနောက်ကျတာထက် ကျွန်တော်တို့ရင်ဆိုင် ရမယ့်ကျန်းမာရေးပြဿနာက ပိုကြီးသွားမယ်"လို့ ဆိုပါတယ်။