ကာကွယ်ဆေးပေါ်တဲ့အထိ စောင့်ဖို့မဖြစ်နိုင်လို့ ကျောင်းတွေကို ပြန်ဖွင့်ရမယ်လို့ အတိုင်ပင်ခံပြောအပါအဝင် မနက်ခင်းသတင်းများ

အင်းစိန် မြို့နယ် တစ်ခု တည်းမှာ တင် ပိုးတွေ့ လူနာ ၄၀ ကျော် ရှိနေ

ဓာတ်ပုံ ရင်းမြစ်, JPaing / MPA

ဓာတ်ပုံ ပုံစာ,

အင်းစိန် မြို့နယ် တစ်ခု တည်းမှာ တင် ပိုးတွေ့ လူနာ ၄၀ ကျော် ရှိနေ

ရန်ကုန်က Semi lockdown ချထားတဲ့ မြို့နယ် ၁၀ ခုကို ရက်အကန့်အသတ်မရှိထပ်တိုး

ရန်ကုန်တိုင်းအတွင်းက (Semi lockdown) အသွားအလာကန့်သတ်ထားတဲ့ မြို့နယ် ၁၀ ခုကို ကန့်သတ်မှု ကာလကို ရက်အကန့်အသတ်မရှိထပ်တိုးလိုက်တယ်လို့ COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံကသိရပါတယ်။

အစောပိုင်းကာလက ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ မြို့နယ် ၇ ခုကို အသွားအလာ ကန့်သတ်ထားရာက နောက်ထပ် မြို့နယ် ၃ ခုကို ထပ်တိုးလိုက်ပြီး စုစုပေါင်း မြို့နယ် ၁၀ ခု အထိ တိုးမြှင့် ကန့်သတ် ထားခဲ့တာဖြစ်ပါတယ်။

မေ ၁၃ ရက်မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၈၀ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းက ၁၄၅ ဦးတွေ့ရှိထားခဲ့တာဖြစ်ပါတယ်။

မေ ၁၃ ရက်မနက်ပိုင်းအထိထုတ်ပြန်ချက်များအရ ရောဂါကူးစက်သူလူနာအသစ် ထပ်မတွေ့ရတာ၂ ရက်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းမှာ ဒီကနေ့ မေ ၁၃ ရက်နေ့ကစပြီး အပြင်ထွက်သူတွေ mask တပ်ဆင်မထားပါက ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကျောင်းတွေကို ပြန်ဖွင့်ရမယ်လို့ အတိုင်ပင်ခံပြော

ကာကွယ်ဆေးပေါ်တဲ့အထိ စောင့်ဖို့မဖြစ်နိုင်လို့ ကျောင်းတွေကို ပြန်ဖွင့်ရမယ်လို့ အတိုင်ပင်ခံပြော

ကျောင်းတွေကို အမြဲပိတ်ထားဖို့ မဖြစ်နိုင်တဲ့အတွက် ကျောင်းတွေကို ပြန်ဖွင့်ဖို့ စဉ်းစားရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မေ ၁၂ ရက်နေ့က ပြောပါတယ်။

ကာကွယ်ဆေးပေါ်တဲ့အထိ စောင့်ပြီး ပြန်ဖွင့်ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကျောင်းတွေကို ပြန်ဖွင့်နိုင် ဖို့ အတွက် ဘယ်လိုစီစဉ်ရမလဲဆိုတာကို စဉ်းစားရမယ်လို့်ဆိုပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

' ' ကလေးတွေကို ခွာခွာထားဖို့ဆိုရင် ဒီနိုင်ငံရဲ့ ကျောင်းတွေမှာ တစ်တန်းတစ်တန်းမှာ ကျောင်းသူကျောင်း သားတွေကများတယ်။ များတဲ့အခါကြတော့ ကပ်ပြီးထိုင်ကြတယ် ခွဲလိုက်ရင် ဘယ်နှစ်တန်းပိုလိုမလဲ။ အရင်ထက် တစ်တန်းထဲ ဝင်တဲ့ကလေးတွေကို အခု ဘယ်နှစ်ခန်းပိုလိုမလဲ။ ဒါတွေကိုဘယ်လောက် မြန်မြန် စီစဉ်နိုင်မလဲ။ အားလုံးစဉ်းစားရတာပေါ့။ရေတိုရေရှည်ရောဖြစ်နိုင်ခြေကိုရောထည့်ပြီးစဉ်းစားရတယ်။''လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ကပ်ရောဂါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့စာသင်နှစ်က ဖြေကြားခဲ့တဲ့ စာစစ်အဖြေလွှာတွေကို မစစ်ဆေးနိုင်သေးသလို သင်ရိုးသစ်ပြောင်းလဲမှုတွေအတွက် ဆရာဆရာမတွေကို ပို့ချနိုင်ခြင်း မရှိသေးတဲ့အတွက် အွန်လိုင်းကတဆင့် ပို့ချနိုင်ဖို့ စတင်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်ဇွန်လဟာ အခြေခံပညာအဆင့်ကျောင်းတွေပြန်ဖွင့်ရမယ့်ကာလဖြစ်ပေမယ့်လည်း ကပ်ရောဂါကြောင့် ပြန်ဖွင့်နိုင်မဖွင့်နိုင် မသေချာသေးတဲ့အတွက်အွန်လိုင်းစနစ်နဲ့သင်ကြား မှုတွေလုပ်နိုင်မ လားဆိုတာကို စဉ်းစားနေတယ်လို့ အအခြေခံပညာဦးစီးဌာနကတာဝန်ရှိသူတွေကထုတ်ပြောထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာလည်း ကပ်ရောဂါကြောင့် အွန်လိုင်းကသင်ကြားတဲ့စနစ်တွေကို လုပ်ဆောင်နေ ပေမယ့်လည်း မကျေနပ်တာတွေလည်းရှိနေတာကိုတွေ့ရတယ်လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဆင်းရဲသားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အခက်တွေ့စေခဲ့

အိန္ဒိယမှာ စီးပွားရေးပြန်လည်ကုစားဖို့ ကန်ဒေါ်လာ ၂၆၄ ဘီလီယံသုံးစွဲမယ်

အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းကာလအတွင်း နိုင်ငံအတွင်း စီးပွားရေးပြန်လည် မြှင့်တင်ဖို့ အိန္ဒိယရူပီး ၂၀ ထရီလီယံ( အမေရိကန်ဒေါ်လာ ၂၆၄ ဘီလီယံ)ဖိုးသုံးစွဲသွား မယ်လို့ ကြေညာလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာမိုဒီက ဒီအစီစဉ်ထဲမှာ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လယ်သမားတွေကို ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီး နီမလာ စစ်တရာမန်ကတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ လုပ်ဆောင်မယ့် အစီစဉ်အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။

လူဦးရေ သန်း တစ်ထောင့်သုံးရာရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရသူ ၇၀,၀၀၀ ကျော်ရှိနေပြီး လာမယ့်တစ်ပတ်အတွင်းမှာ တရုတ်ရဲ့ကူးစက်မှုနှုန်းထက် ကျော်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယမှာ တော့ လူတွေအိမ်မှာပဲနေကြဖို့ဆိုတဲ့ ကန့်သတ်ချက်ကို မေ ၁၇ ရက် ကျော်ရင်လည်း နောက်ထပ်စည်းကမ်းအသစ်တွေနဲ့အတူ ထပ်တိုးသွားဖို့ရှိတယ်လို့လည်း မစ္စတာမိုဒီကပြောပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကူးစက်ခံရသူတွေထဲမှာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဖြစ်တဲ့ Dmitry Peskov လည်းပါလာ

ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်လာ

ရုရှားနိုင်ငံဟာ ကူးစက်သူပေါင်း ၂၃၂,၀၀၀ နဲ့ ကမ္ဘာမှာ အမေရိကန်ပြီးရင် ဒုတိယကူးစက်မှုအမြင့်ဆုံး နိုင်ငံဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုပေါင်း ၁၀,၈၉၉ ထပ်တွေ့ခဲ့ပြီး ဒါဟာ တစ်ရက်ကို ကူးစက်မှုအသစ် တစ်သောင်းကျော်အထက်တွေ့တာ ဆယ်ရက်ဆက်တိုက်ရှိလာတာလည်းဖြစ်ပါတယ်။

ကူးစက်ခံရသူတွေထဲမှာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဖြစ်တဲ့ Dmitry Peskov လည်းပါလာတယ်လို့ ပြည်တွင်းသတင်းဌာနကတွေမှာ ဖော်ပြထားပါတယ်။

ဒါဟာ သမ္မတပူတင်ရဲ့ နိုင်ငံတွင်း လော့ခ်ဒေါင်းချထားမှုကို ဖြေလျှော့လိုက်ပြီးနောက်ပိုင်းမှာ ကူးစက်မှု အသစ်များစွာထပ်တွေ့လာတာလည်းဖြစ်ပါတယ်။

စက်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ ပြီးခဲ့တဲ့ အပတ်အင်္ဂါနေ့ကတည်းက လုပ်ငန်းခွင်တွေကို ပြန်ဝင်နေကြရပြီဖြစ်ပါတယ်။

ဒေသအများစုကို ကန့်သတ်ချက်တွေဖြေလျှော့ပေးလိုက်ပြီးဖြစ်ပေမယ့် အချို့ဒေသတွေမှာတော့ ဒေသတွင်းလိုအပ်ချက်ပေါ်မူတည်ပြီး ကန့်သတ်မှုအချို့ကျန်ရှိနေပါသေးတယ်။