ဒေါ်လဲ့လဲ့မော်ကိုအရေးယူမှုနဲ့ အန်အယ်လ်ဒီပါတီရွေးကောက်ပွဲအလားအလာ၊ အိုင်စီဂျေအသုံးစရိတ် သန်း ၆၈၀ ၊ ပြည်တော်ပြန်တွေနဲ့ ကိုဗစ် ဒုတိယလှိုင်း စတဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

အဂတိလိုက်စားတဲ့အစိုးရအဆင့်မြင့်အရာရှိတစ်ဦးကိုထောင်နှစ် ၃၀ ချတာကြောင့် ပါတီပုံရိပ်နဲ့ အစိုးရဂုဏ်သိက္ခာ မြင့်တက်လာတဲ့သုံးသပ်မှုတွေရှိလာပါတယ်။
ဓာတ်ပုံ ပုံစာ,

အဂတိလိုက်စားတဲ့အစိုးရအဆင့်မြင့်အရာရှိတစ်ဦးကိုထောင်နှစ် ၃၀ ချတာကြောင့် ပါတီပုံရိပ်နဲ့ အစိုးရဂုဏ်သိက္ခာ မြင့်တက်လာတဲ့သုံးသပ်မှုတွေရှိလာပါတယ်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းကို အဂတိလိုက်စားမှုနဲ့ အလုပ်နဲ့ထောင်နှစ် ၃၀ ချလိုက်တဲ့သတင်းက ထိပ်တန်းရောက် ခေါင်းကြီးသတင်းတွေဖြစ်ခဲ့ပါတယ်။ အစိုးရအဆက်ဆက် အဂတိ လိုက်စားမှု ကိုအရေးယူတဲ့အထဲ အပြင်းထန်ဆုံးနဲ့ ထောင်ဒဏ်အများဆုံး ချမှတ်တာဖြစ်သလို လာဘ်ပေးသူတွေကိုပါ ထောင်ချခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးတရားစွဲထားတာ တစ်နှစ်ကျော် အကြာမှာ အပြီးသတ်အမိန့်ချတာ ဖြစ်ပါတယ်။

ဒီအမိန့်ချတဲ့အချိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုနဲ့ တိုက်ဆိုင်နေပါတယ်။

အစိုးရအဖွဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ၂၀၁၉ နှစ်လယ်ပိုင်းအထိ အန်အယ်လ်ဒီအစိုးရက ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ပိုင်း အိုင်စီဂျေအရေး၊ ကိုဗစ်ကပ်ရောဂါအရေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ဖြေရှင်းမှုတွေကြောင့် လူထုထောက်ခံမှု ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

အဂတိမှုလေးမှုနဲ့ ထောင်နှစ်သုံးဆယ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ချုပ်ရက်တစ်နှစ်ကျော်ကို ခံစားခွင့်ရရှိပါတယ်။

တစ်ခါ အခု သူ့ပါတီဝင်ဟောင်းလည်းဖြစ်၊ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားလို့ ကြီးလေးတဲ့ပြစ်ဒဏ်တွေနဲ့ အပြစ်ပေးအရေးယူ ခဲ့တဲ့အတွက် အစိုးရပုံရိပ်နဲ့ ဂုဏ်သိက္ခာ ပိုမြင့်တက်လာသလို ရှိသွားတဲ့ ဒီဖြစ်စဉ် ကြောင့် အန်အယ်လ်ဒီ ဟာ လာမယ့် ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းနိုင်တယ်လို့ ယူဆမှုတွေရှိလာနေပါတယ်။

ဒါနဲ့ပတ်သက်လို့ အစိုးရရဲ့ အားနည်းချက်တွေကို အမြဲထောက်ပြတဲ့ ရန်ကုန်စောင့်ကြည့်အဖွဲ့က ဒေါက်တာ ညိုညိုသင်းက အခုလိုပြောပါတယ်။

"အလားအလာကောင်းတစ်ခုလို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရတာပေါ့။ ဒါပေမဲ့ ရှေ့နောက်မညီညွတ်မှုတွေရှိပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်လို ဖြစ်စဉ်လိုမျိုးတခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဒီဖြစ်စဉ်တွေအပေါ်မှာ လျစ်လျူရှုခဲ့ပြီးတော့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ကိစ္စကိုတော့ တရားရုံးကိုလွတ်လပ်စွာ စီရင်ပိုင်ခွင့်ပေးတယ်ပေါ့။ ဒါကြောင့် ရွေးကောက်ပွဲနိုင်ရေးမနိုင်ရေးထက် ဒီနိုင်ငံအနာဂတ်မှာ အဂတိလိုက်စားမှု ကင်းရှင်းစေချင်တယ်ဆိုရင် ဒီကိစ္စလို ဖြစ်နေတဲ့ တခြားသော တိုင်းနဲ့ ပြည်နယ် အစိုးရတွေရဲ့ အဖြစ်အပျက်တွေကိုလည်းပဲ အစိုးရအနေနဲ့ လျစ်လျူမရှုသင့်ဘူးလို့ မှတ်ချက်ပေးချင်ပါတယ်" လို့ဒေါက်တာညိုညိုသင်းကပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

"လာဘ်စားရင် ထောင်ထဲဝင်ဖို့ပြင်ထားပါ၊ လုပ်ဖော်ကိုင်ဖက်အနေနဲ့ ထောင်ဝင်စာလိုက်တွေ့မယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားပြီးသားပါ။

ရွေးကောက်ပွဲအတွက် ရည်ရွယ်လုပ်ဆောင်တာဆိုတဲ့ ဒီလိုခန့်မှန်းပြောဆိုမှုတွေအပေါ်မှာတော့ အန်အယ်လ်ဒီ ပါတီဘက်က ငြင်းဆိုပါတယ်။

"ဒေါ်လဲ့လဲ့မော်ကို ပြစ်ဒဏ်ချလိုက်တာက အန်အယ်လ်ဒီပါတီရွေးကောက်ပွဲအတွက် အထောက်အကူပြုလိမ့်မယ်ဆိုတာကို ကျွန်တော်က ငြင်းဆိုပါတယ်။ ဒုတိယတစ်ခုက တရားဥပဒေကြောင်းအရ အရေးယူတာဖြစ်ပါတယ်။ ပါတီနဲ့ မဆိုင်ပါဘူး။ ထူးခြားတာကတော့ ဒေါ်လဲ့လဲ့မော်ဟာ တနင်္သာရီတိုင်းမှာ တာဝန်အရှိဆုံးဝန်ကြီးချုပ်တစ်ယောက်ဖြစ်တယ်။ ဝန်ကြီးချုပ်တစ်ယောက်ကို နှစ်ပေါင်း ၃၀ ဆိုတဲ့ပြစ်ဒဏ်ခတ်တယ်ဆိုတာ ထူးခြားတယ်လို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ စောစောက ကောက်ချက်ချကြသလို အန်အယ်လ်ဒီပါတီအတွက်ရွေးကောက်ပွဲမှာ အထောက်အကူပြုမယ်ဆိုတာတော့ ကျွန်တော် ငြင်းပါတယ်" လို့ သူကပြောပါတယ်။

အိုင်စီဂျေစရိတ် ကျပ်သန်း ၆၈၀

နောက်သတင်းတစ်ပုဒ်ကတော့ အိုင်စီဂျေအသုံးစရိတ်လို့ ဆိုရမှာပါ။

အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ မြန်မာကို ဂမ်ဘီယာက တရားစွဲထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်အပါအဝင် အိုင်စီဂျေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ဖို့ကျန်ရှိတဲ့ လုပ်ငန်းတွေအတွက် လိုငွေ ကျပ်သန်းပေါင်း ၆၈၀ ကို နိုင်ငံခြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြတောင်းခံထားပါတယ်။

ဓာတ်ပုံ ပုံစာ,

မြန်မာက ပထမဆုံးအစီရင်ခံစာတော့ အိုင်စီဂျေတရားရုံးကို တင်လိုက်ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

ကျပ်သန်း ၆၈၀ တစ်နည်းအားဖြင့် သိန်း ၆၈၀၀ ဖြစ်ပြီး ဒီဖြည့်စွက်ငွေကြေးဟာ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကြိုတင်လျာ ထားအသုံးစရိတ်မှာမပါခဲ့ဘဲ အရေးပေါ် ပေါ်ပေါက်လာတာကြောင့် ရရှိထားတဲ့ ဝန်ကြီးဌာန အသုံးစရိတ်တွေထဲကနေ ယူသုံးခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘဏ္ဍာနှစ်အတွင်းမှာပဲ အိုင်စီဂျေကိစ္စ ဆက်စပ်ဆောင်ရွက်ရမယ့် အသုံးစရိတ်တွေကိုပါ ထည့်သွင်းတောင်းခံထားတာပါ။

အိုင်စီဂျေမှာ တရားရင်ဆိုင်ရာမှာ ပြင်ပပညာရှင် ရှေ့နေ၊ သီးသန့်တရားသူကြီးနဲ့ ဘာသာပြန်တွေ ငှားရမ်းတာ၊ ဥပဒေအကြံပေး တွေခန့်တာ၊ အမှုကြားနာရင်ဆိုင်ဖို့ ပြင်ဆင်တာ၊ ကိုယ်စားလှယ်အဖွဲ့ဝင် တွေဖွဲ့စည်းစေလွှတ်တာ၊ ဥပဒေအကြံဉာဏ် ရယူရေး၊ ပြည်တွင်း ပြည်ပညှိနှိုင်း အစည်းအဝေးတွေ ကျင်းပရေး စတဲ့ ကုန်ကျရန်ရှိတဲ့ အသုံးစရိတ်တွေအတွက် လိုငွေ ကျပ် သန်း ၆၈၀ကို ဖြည့်စွက် ခွင့်ပြု ငွေအဖြစ် တောင်းခံရတာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုငွေတောင်းခံစာမှာ ဖော်ပြထားပါတယ်။

အိုင်စီဂျေကိစ္စ ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ ဝန်ကြီးဌာနက သူ့မှာရှိတဲ့ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့တာဖြစ်ပြီး အဲဒီလိုထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေး မရှိတော့တဲ့အတွက် တောင်းခံတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းပြပါတယ်။

ဒီလိုသုံးစွဲမှုဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်ပါသလား။ သန်း ၆၈၀ ကို ဘယ်လိုစီမံသုံးစွဲဖို့ရှိပါသလဲ။ ဦးအောင်မင်းက

"သာမန်အားဖြင့်တော့ ပြောစရာရှိတာပေါ့ဗျာ။ အရေးပေါ်ရန်ပုံငွေက သုံးပါလားဆိုတာမျိုး။ ဒါပေမဲ့ အရေးပေါ်ရန်ပုံငွေဆိုတာက နောက်ဆုံးမလွှဲသာတော့မှ ကျွန်တော်တို့က သုံးတာ။ အိုင်စီဂျေက ဒီဇင်ဘာမှာပေါ်လာတော့ ရထားတဲ့ အသုံးစရိတ်ထဲက သုံးလိုက်တဲ့အတွက် ပုံမှန် လုပ်ရမယ့်လုပ်ငန်းအတွက် သုံးဖို့လိုလာတာပေါ့။ ဒါကို ပြန်တောင်းတာပါ။ အိုင်စီဂျေနဲ့ နောက်ဆက်တွဲတွေပါဦးမှာပေါ့။ လက်ရှိလည်း ကျွန်တော်တို့က လေးလတစ်ကြိမ် အစီရင်ခံစာတင်ရတာတွေရှိမယ်။ (သန်း) ၆၈၀ လုံးကတော့ အိုင်စီဂျေနဲ့ အိုင်စီဂျေနဲ့ ဆက်စပ်ပြီးလိုအပ်လာတဲ့အသုံးစရိတ်ပေါ့ဗျာ" လို့ ဦးအောင်မင်းကပြောပါတယ်။

ဒါ့အပြင် အိုင်စီဂျေကို အမှုရင်ဆိုင်ဖို့ သွားရောက်ရတဲ့ ခရီးစရိတ်တွေအပါအဝင် ဝန်ကြီးဌာနက တခြားသော အလုပ် တာဝန်နဲ့ သွားရောက်ရတဲ့ ခရီးတွေ၊ သံအမတ်ကြီးတွေ နိုင်ငံပြောင်းရွှေ့တာဝန်ထမ်းဆောင်တာတွေအပါအဝင် ခရီးစရိတ်တွေနဲ့ လေးလံပစ္စည်းသယ်ယူစရိတ်အတွက် ကျပ်သန်းပေါင်း၃၅၀ ကျော်ကိုလည်း ဖြည့်စွက်ခွင့်ပြုငွေတောင်း ခံထားတာတွေ့ရ ပါတယ်။

ဒီကိစ္စကို လွှတ်တော်အစည်းအဝေးကျင်းပနေတဲ့ နှစ်ပတ်ကာလအတွင်း စိစစ်အတည်ပြုမယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

အိုင်စီဂျေမှာ မြန်မာက ပထမဆုံးအစီရင်ခံစာကို မေ ၂၃ ရက်မှာ တင်သွင်းထားပြီးဖြစ်ပါတယ်။ အစီရင်ခံစာနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုမေးတဲ့အခါ အိုင်စီဂျေတရားရုံးက ထုတ်ပြန်ချက်ကိုသာစောင့်ကြည့်ဖို့ပြောပါတယ်။

အမှုကို ဆက်လက်ရင်ဆိုင်ရမယ့်အခြေအနေတွေရှိနေပြီး အိုင်စီဂျေအတွက် ဖြည့်စွက် ဘတ်ဂျတ်ထပ်မ တောင်းခံထားတာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ခုလိုပြောပါတယ်။

"အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး။ အိုင်စီဂျေတရားရုံးက သတင်းထုတ်ပြန်တာပဲ စောင့်ကြည့်ပါလို့ပြောချင်ပါတယ်။ ဘတ်ဂျတ်ကိစ္စက ကျွန်တော်လည်း အသေးစိတ်မသိပါဘူး။ လွှတ်တော်မှာ တရားဝင် ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ common sense အရ စဉ်းစားမယ်ဆိုရင်တော့ အိုင်စီဂျေကိစ္စက အကြာကြီးသွားရမှာဆိုတော့ (ဘတ်ဂျက်ထပ်တင်ဖို့ကိစ္စ) က ဒါ common sense အရ စဉ်းစားရင်ကို ပေါ်နိုင်ပါတယ်" လို့ ဦးချမ်းအေးက ပြောပါတယ်။

ပြည်တော်ပြန်တွေနဲ့ ကိုဗစ်ဒုတိယလှိုင်း

မြန်မာမှာ ကိုဗစ်လူနာ နှစ်ရာကျော်သွားပါပြီ။

ဒီလထဲ လူနာသစ်ထပ်တွေ့နှုန်းဆက်ကျလာပြီး ပြည်တွင်းကူးစက်သူမရှိသလောက်ဖြစ်နေချိန်မှာ ထပ်တွေ့လာရတဲ့လူနာသစ်တွေက ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။

ဒီလူတွေကို သက်ဆိုင်ရာဒေသတွေဆီ အစိုးရအစီအစဉ်နဲ့ ပို့ဆောင်ပေးပြီး သတ်မှတ်နေရာမှာ အသွားအလာ ကန့်သတ်ထားပါတယ်။

ရခိုင်မှာဆို လူ ၆၅၀၀ ကျော် ကွာရန်တင်းဝင်ထားပြီး အဲဒီထဲမှာ မလေးရှားက ပြန်လာသူတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက နိုင်ငံခြား ပြန်လာသူတွေဟာ စစ်ရှောင်စခန်းတွေမှာ ဝင်ထွက်သွားလာနေတာရှိပြီးတော့ တချို့လည်း စခန်းတွေမှာ အတူရောနေကြတယ် ရခိုင်ပြည်နယ်တွင်း လူမှုအကူညီပေးရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။

ဒီလူတွေကို စခန်းတချို့မှာ သီးသန့်ခွဲ ထားတာလုပ်နိုင်ပေမယ့် အများစုကိုတော့ မလုပ်နိုင်သေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောပါတယ်။

မေ ၂၃ ကစလို့ မြန်မာထိုင်းနယ်စပ်ကနေ ပြည်တော်ပြန်တွေ ထပ်ဝင်လာတာတွေရှိသလို ကယ်ဆယ်ရေးလေယာဉ်နဲ့ အစိုးရပြန်ခေါ်တဲ့ မြန်မာနိုင်ငံသားတွေလည်း ထပ်မံဝင်ရောက်နေပါတယ်။

ဒီလူတွေကို ကွာရန်တင်းထားဖို့ စီစဉ်ထားတဲ့အထဲက စာသင်ကျောင်းတွေကိုလည်း ပညာရေးဝန်ကြီးဌာနကို ဇွန်လလယ်ပြန်အပ်ရတော့မှာပါ။

ဒါကလည်း ရောဂါထိန်းချုပ်ရေးအတွက် စိန်ခေါ်မှုလိုဖြစ်လာနေပါတယ်။

ပြည်တော်ပြန်လာသူတွေကို အစိုးရက သီးသန့်ထားပြီး ပြင်ပထိတွေ့မှုမရှိအောင် ဆောင်ရွက်ထားလို့ ဒီလူတွေကဆီနေ နောက်ထပ်ကူးစက်မှုလှိုင်းတစ်ခု ဖြစ်လာမှာကို စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားထားပါတယ်။

တကယ့်မြေပြင်အခြေအနေမှာရော တကယ်ထိန်းချုပ်ထားနိုင်ပါသလား။

"အဓိကကတော့ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေအကုန်ယူတယ်။ ယူစဉ်တည်းက ထိုင်းနိုင်ငံ(ကပြန်လာတာဆိုရင်) ထိုင်းနိုင်ငံက သက်ဆိုင်ရာဘယ်နေရာမှာ ဘယ်မြို့၊ ဘယ်စက်ရုံမှာလုပ်တယ်ဆိုတာ ကောက်ခံပါတယ်။ အခု ဝင်လာတဲ့ လူတွေအားလုံးကို ကိုဗစ်၁၉ ရောဂါရှိမရှိ ဓာတ်ခွဲစစ်ဆေးတာလုပ်တဲ့အတွက် သိပ်ပြီးစိုးရိမ်စရာတော့မရှိပါဘူး။ နယ်စပ်မှာတင်ကို ကျွန်တော်တို့က ကွာရန်တင်းထဲမှာထားတယ်။ စစ်ဆေးပြီးတော့ အားလုံး clear ဖြစ်တယ်ဆိုမှ သက်ဆိုင်ရာ ဒေသတွေကို ပြန်လည်ပို့ဆောင်မှာဖြစ်လို့ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ခုနကပြောသလိုပေါ့။ ဒီ မလေးနယ်စပ်ကလာတာတွေကိုတော့ ပိုပြီးတော့ သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်""လို့ ကရင်ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်က ပြောပါတယ်။