သဇင်မြိုင် ရဲကင်းစခန်းအတိုက်ခံရမှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ

ရသေ့တောင်မြို့နယ်က သဇင်မြိုင်ရဲကင်းစခန်းကို အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ က မေ ၂၉ ရက် မနက် ၂ နာရီခန့်မှာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့တယ်လို့ တပ်မတော် ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး တို့ ပျောက်ဆုံးနေတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။

ပျောက်ဆုံးနေသူတွေ အဖမ်းခံထားရသလား၊ ထွက်ပြေးနေသလားဆိုတာတော့ မသိသေးဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ စခန်းမှာ ရဲအင်အား မများကြောင်းနဲ့ တိုက်ပွဲဖြစ်ရင်း လူစုကွဲသွားသူတွေထဲက ပြန်ရောက်လာသူ နေ့လယ် ၂ နာရီ ဝန်းကျင်အထိ ၇ ဦး ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သဇင်မြိုင်ရဲကင်းစခန်းရဲ့ ပင်မစခန်းနေရာကို အေအေ အင်အား ၁၀၀ လောက်က ဒီနေ့ မနက် ၂ နာရီခန့်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

တိုက်ခိုက်မှုဖြစ်ပွားရာပြမြေပုံ

"တိုက်ပွဲ ၂ နာရီက စဖြစ်ပါတယ်။ လက်နက်တွေနဲ့ ပစ်နေကြတယ်။ စခန်းထဲမှာ ပစ်ကြပါတယ်။ ၃ နာရီကျော်လောက်မှာ ရပ်သွားပါတယ်။ စခန်းနဲ့ ရွာထိပ်က ပေ ၁၀၀ လောက်ဝေးပါတယ်။ နယ်ခြားစောင့် စခန်းပါ။ အဲဒီမှာ ရဲအင်အား ၃၀ ကျော်လောက်ရှိတယ်။ အေအေနဲ့ဖြစ်တာပါ။ လက်နက်ကြီးက ၃-၄ လုံးလောက်ပစ်တယ်။ လက်နက်ငယ်များတယ်။ "ရွာမှာ လက်ရှိအခြေအနေက ရွာသား ၁၀ ယောက်လောက်ရှိတယ်။ မိန်းမ ယောက်ျားပေါ့။ လူတွေက ကိုယ့်အိမ်မှာကိုယ် နေနေကြတယ်။ ကျန်တဲ့လူတွေက သိမ်တောင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင် ရွာတွေကိုသွားကြတယ်။

မနက်လင်းကတည်းက သွားတာပါ။ စစ်ကြောင်းတွေ ရောက်တာတော့မရှိဘူး။ စစ်ဆေးတာလည်းမရှိဘူး။ အေးအေးပါ။ အထိအခိုက်တော့ရှိတယ်။ အတိအကျမသိ။ မပြောနိုင်ဘူး။ သွားကြည့်လို့မရဘူး" လို့ အမည်မဖော်လိုတဲ့ သဇင်မြိုင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီရဲစခန်းမှာ အခု ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပြီဖြစ်ပြီး အေအေက အဲဒီစခန်းကနေ ဆုတ်ခွာသွားပြီလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီရဲကင်းစခန်းဟာ ၂၀၁၇ တိုက်ခိုက်မှုတွေ နောက်ပိုင်း လုံခြုံရေးထားပေးဖို့ အဲဒီအနားကရွာက တောင်းဆိုလို့ ရဲကင်းစခန်း ထားပေးခဲ့တဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။