ဂျော့ဖလွိုက်သေဆုံးမှု-အမေရိကန်က ဆန္ဒပြပွဲတွေအတွင်း နယူးယောက်မြို့တော်ဝန် သမီး အဖမ်းခံရ

ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းရှိသလို မြို့တော်တော်များများမှာ လုယက်အကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းရှိသလို မြို့တော်တော်များများမှာ လုယက်အကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်မှာ လူမည်းအမျိုးသားတစ်ဦး ရဲတွေလက်ထဲ သေဆုံးခဲ့မှုကအစပြုတဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ နယူးယောက်မြို့တော်ဝန်ရဲ့ သမီး ဖမ်းဆီးခံထားရပါတယ်။

လူမည်းအမျိုးသား မစ္စတာ ဂျော့ဖလွိုက် ရဲတွေလက်ထဲ သေဆုံးခဲ့မှုအပေါ် တရားမျှတမှု တောင်းဆိုဆန္ဒပြပွဲတွေကတစ်ဆင့် အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်က မြို့ကြီးလေးဆယ်ကျော်မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

နယူးယောက်မြို့တော်ဝန် မစ္စတာ ဘီဒီဘလာစီယိုရဲ့ သမီးဖြစ်သူ ချီယာရာဟာ စနေနေ့(မေ ၃၀) ရက် ညပိုင်းက ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

မြို့တော်ဝန်ရဲ့ သမီးဟာ လူထောင်ပေါင်းများစွာ လမ်းကို ပိတ်ဆို့ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အထဲ ပါဝင်ခဲ့ပြီး လူမည်းအမျိုးသားအသတ်ခံရတဲ့အပေါ် တရားမျှတမှုရှိရေးနဲ့ ကျူးလွန်သူတွေကို ဥပဒေအရအရေးယူရေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဒီဆန္ဒပြပွဲတွေ ပြင်းထန်နေတာ ခြောက်ရက်ရှိလာပြီး မြို့ပေါင်းလေးဆယ်ကျော်ကို ကူးစက်သွားပါပြီ။

ဂျော့ဖလွိုက်သေဆုံးမှုကို တရားမျှတရရှိရေး ဆန္ဒပြပွဲတွေဟာ မူလက ငြိမ်းချမ်းစွာဆန္ဒပြကြတာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဆန္ဒပြမှုတွေနဲ့ရောပြီး လုယက်အကြမ်းဖက်မှုတွေ မြို့ကြီးအချို့မှာ ပေါ်ပေါက်ပါတယ်။

အခုဆို ဒီဆန္ဒပြပွဲတွေ ပြင်းထန်နေတာ ခြောက်ရက်ရှိလာပြီး မြို့ပေါင်းလေးဆယ်ကျော်ကို ကူးစက်သွားပါပြီ။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ညမထွက်ရအမိန့်တွေကို မြို့ပေါင်းလေးဆယ်ကျော်မှာ ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေဟာ ဒီအမိန့်ကို ဖီဆန်ပြီး ဆက်လက်ဆန္ဒပြနေလို့ တင်းမာမှု တွေလည်း မြင့်တက်နေပါတယ်။

အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ကို အသင့်ပြင်ထားပြီး အခြေအနေအဆိုးဆုံးဖြစ်နေတဲ့ အခင်းစတင်ဖြစ်ပွားရာ မင်နီးဆိုးတားပြည်နယ်ကို တပ်တွေ ဖြန့်ချစေလွှတ်ထားပါတယ်။

နယူးယောက်၊ ချီကာဂို၊ ဖီလာဒဲဖီးယားနဲ့ လော့စ်အိန်ဂျလိစ်တို့မှာ အဓိကရုဏ်းနှိမ်နင်းတဲ့ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ ငြုတ်ရည်ပါတဲ့ ကျည်ဆန်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲတာတွေ လုပ်ခဲ့ပါတယ်။

ရဲကားတွေ မီးတင်ရှို့ခံရသလို မြို့တော်တော်များများမှာလည်း လုယက်အကြမ်းဖက်မှုတွေရှိနေပါတယ်။

ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် ၁၅ ခုမှာ အရေးပေါ်အခြေအနေအတွက် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့က တပ်ဖွဲ့ဝင် ငါးထောင်ကို အရံသင့် ပြင်ထားပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာလည်း ရဲကားတွေ မီးရှို့ဖျက်ဆီးခံရသလို ရဲတွေကလည်းလူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊မီးရှူးမီးပန်းဗုံးတွေ အသုံးပြုခဲ့ပါတယ်။

ဖီလားဒဲဖီးယားအခြေစိုက် ရုပ်သံတွေမှာဆိုရင် လူတွေက ရဲကားတွေကို ဖျက်ဆီးပစ်နေတာတွေနဲ့ စတိုးဆိုင်တစ်ဆိုင် လုယက်ခံနေရတာကို ပြသခဲ့ပါ တယ်။

ဆန်တာမိုနီကာနဲ့ ကယ်လီဖိုးနီးယားမှာလည်း လုယက်ခံရမှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဂျော့ဖလွိုက်သေဆုံးခဲ့တဲ့ မင်နီးယားပိုလစ်စ် မြို့မှာတော့ အဓိကဟိုင်းဝေးလမ်းမကြီးတစ်လျှောက် ပိတ်ဆို့ဆန္ဒပြနေတဲ့ လူအုပ်ထဲ မောင်းဝင်ခဲ့တဲ့ လော်ရီကားဒရိုင်ဘာတစ်ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ကားရပ်တန့်သွားတဲ့နောက် ဒါဇင်နဲ့ချီတဲ့ လူတွေဟာ ကားအနီး ဝိုင်းထားကြပြီး ဘီးနောက်ပိုင်းရောက်နေတဲ့ ဒရိုင်ဘာကို ကားထဲကနေ ဆွဲထုတ်နေတာတွေ့ရပါတယ်။

ဒရိုင်ဘာမှာ ဒဏ်ရာအနည်းငယ်ရရှိထားပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒရိုင်ဘာရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဒန်ဗာမြို့မှာတော့ ထောင်ချီတဲ့ဆန္ဒပြသူတွေဟာ ကော်လိုရာဒိုပြည်နယ်လွှတ်တော်ရှေ့မှာ အေးချမ်းစွာ ဆန္ဒပြနေပြီး မစ္စတာဖလွိုက် ဖမ်းဆီးခံရတဲ့ အနေအထားဖြစ်တဲ့ သူတို့မျက်နှာတွေကို လမ်းမပေါ် ကပ်၊ လက်တွေကို နောက်ဘက်မှာ ထားရှိပြီး ငါအသက်ရှူလို့မရတော့ဘူး လို့ ကြွေးကြော် ဆန္ဒပြနေပါတယ်။

ဆန္ဒပြလူအုပ်ကြီးတွေဟာ အတ္တလန္တာ၊ ဘော်စတွန်၊ မီယာမီနဲ့ အိုကလာဟိုးမားမြို့တွေမှာလည်း ထွက်ပေါ်လာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်း ရှိပါတယ်။

ဆန္ဒပြသူတွေကို ရဲတွေက အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းတဲ့ ဖြစ်စဉ်တွေ ရှိထားပြီး ဂျော်ဂျီယာမြို့မှာ ကောလိပ်ကျောင်းသားနှစ်ဦးကို အင်အားအလွန်အကျွံသုံးခဲ့တဲ့ ရဲနှစ်ဦးကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

ဖလွိုက်သေဆုံးမှုဟာ အမေရိကန်တစ်ဝန်းအမျက်ဒေါသထွက်စေခဲ့ပြီး ဒီဖြစ်စဉ်က နှစ်ပေါင်းများစွာ အသားအရောင်ခွဲခြားမှုနဲ့ စီးပွားရေးမညီမျှမှုတွေကို ထင်ဟပ်စေခဲ့ပါတယ်။

ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့ တစ်ပတ်တာအတွင်း ရာနဲ့ချီတဲ့လူတွေဖမ်းဆီးခံထားရပါတယ်။

ဖလွိုက်ရဲ့ လည်ပင်းကို ဒူးနဲ့နင်းထားတဲ့ ရဲ ကို လူသတ်မှု၊ ကြိုတင်ရည်ရွယ်ချက်မပါဘဲ လူသတ်မှု တွေနဲ့ တရားစွဲထားပြီး ဒီနေ့ တနင်္လာနှောင်းပိုင်းမှာ တရားရုံးမှာ စတင်စစ်ဆေးတော့မှာပါ။