NLD မြို့မိမြို့ဖတွေကို ဇွန် ၈ ရက်မတိုင်မီ ရွေးဖို့ပြင်

NLD မြို့မိမြို့ဖ တွေ တစ်ပတ်အတွင်း အပြီးရွေးမယ်
ဓာတ်ပုံ ပုံစာ,

NLD မြို့မိမြို့ဖ တွေ တစ်ပတ်အတွင်း အပြီးရွေးမယ်

လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးမှာပါဝင်မယ့် NLD မြို့မိမြို့ဖတွေကို တစ်ပတ်အတွင်း ရွေးဖို့ ပြင်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD က ဒုတိယ ဥက္ကဋ္ဌ (၂ ) ဒေါက်တာဇော်မြင့်မောင်က ဘီဘီစီကို ပြောပါတယ်။

လာမယ့်ဇွန်လ ၈ ရက်နေ့အပြီး သက်ဆိုင်ရာမြို့နယ်တွေအလိုက် ရွေးချယ်ကြဖို့ကိုလည်း ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

တစ်မြို့နယ်ကို မြို့မိမြို့ဖ ၅ဦးစီ ရွေးမှာ ဖြစ်ပြီးတော့ ဒီမြို့မိမြို့ဖတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရေး အတွက် ပါဝင် ဆောင်ရွက်ဖို့ရှိတယ်လို့လည်း NLD ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြို့နယ်တချို့က အလုပ်အမှုဆောင်တွေကို ဘီဘီစီက ဆက်သွယ်မေးကြည့်ရာမှာတော့ မြိုမိမြို့ဖ ရွေးဖို့ အစည်းဝေးအရင်ထိုင်ဖို့ရှိပြီး အစည်းအဝေးပြီးမှ ဘယ်လိုရွေးမယ် ဆိုတာကို ပြောနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ပုံစာ,

မြို့နယ်ပေါင်း ၃၃၀ခန့် အတွက် လျာထားရမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ မြို့နယ် အလုပ်အမှုဆောင်တွေကို မြို့မိမြို့ဖတွေက တဆင့် ထောက်ခံပေးရမှာ ဖြစ်ပြီး မြို့မိမြို့ဖ ရွေးဖို့ အရည်အချင်း ကန့်သတ်ချက်တွေကိုလည်း ပါတီက ထုတ်ပြန်ခဲ့ပါတယ်။

"မြို့မိမြို့ဖ ဖြစ်ဖို့ဆိုရင် အဲ့ဒီမှာ နှစ်ရှည် နေထိုင်ခဲ့သူ ၊ အများက ယုံကြည်လေးစားသူ၊ ဒီမိုကရေစီအရေးကို အစဉ်တစိုက် ထောက်ခံသူ၊ ပါတီရဲ့ အကျိုးစီးပွားကို ဖော်ဆောင်သူ၊ နိုင်ငံရေး အမြော်အမြင်ရှိသူ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အကျုံးဝင်ရမယ်"လို့ ဒေါက်တာဇော်မြင့်မောင်က ဘီဘီစီကို ပြောပါတယ်။

NLD အောက်က ဝင်ရောက်ရွေးချယ်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ ဒေသခံမြို့မိမြို့ဖတွေရဲ့ ထောက်ခံချက်တွေကို ထည့်သွင်းစဉ်းစားရွေးချယ်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

မြို့မိမြို့ဖတွေ ရဲ့ ထောက်ခံချက်နဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မယ်ဆိုတဲ့ အပေါ် တကယ်အလုပ်လုပ်ခဲ့ သူတွေအနေနဲ့ကတော့ စိတ်ပူစရာ မရှိဘူးလို့လည်း NLD က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီ အမတ်တချို့ကို နေပြည်တော် လွှတ်တော်တစ်ခုမှာ တွေ့ရစဉ်

နီးစပ်ရာ အုပ်စုဖွဲ့ ရွေးချယ်ခဲ့တဲ့ ပြဿနာမျိုးတွေလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း ဗဟိုမှာ ကိုယ်စားလှယ်လောင်းတွ လုပ်ဆောင်ချက်ကို သုတေသန လုပ်ထားတာ ရှိတဲ့အတွက်လည်း အပေါ်မှာ စိစစ်မှုတွေ ထပ်ရှိဦးမှာ ဖြစ်တယ်လို့လည်း ဒေါ်နှင်းခိုင်စိုးက မှတ်ချက်ပြုပါတယ်။

မြို့မိမြို့ဖတွေ ထောက်ခံချက်နဲ့ မြို့နယ်တွေက ပေးပို့လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို တိုင်းနှင့်ပြည်နယ်အဆင့် ပါတီတာဝန်ရှိသူတွေက စိစစ်ပြီး ဦးစားပေး (၁)၊ ဦးစားပေး (၂) ခွဲကာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အခုလအတွင်း ပေးပို့ရမယ်လို့လည်းဒေါက်တာဇော်မြင့်မောင်က ပြောထားပါတယ်။

ဒီကိုယ်စားလှယ်လောင်းတွေထဲက ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် NLD ကိုယ်စားပြု အမတ်လောင်းတွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရွေးချယ်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ပါတီစည်းကမ်းနဲ့မညီလို့ ထုတ်ပယ်ခဲ့သူတွေလည်းရှိသလို ပါတီကို ထောက်ပံ့ငွေ မသွင်းကြသူတွေ၊ ဒါ့အပြင် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ပါတီကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့ဖူးသူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်တာမျိုးကိုတော့ လုပ်မှာမဟုတ်ဘူးလို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ် ။