အညာသားယဉ်ကျေးမှု စတင်တူးဖော်သူ ကွယ်လွန်

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, Bob Hudson/ Myanmar National Museum

ဓာတ်ပုံ ပုံစာ,

အမေရိကန်က ပြန်ယူလာရတဲ့ ပျူကြေးရုပ်များ

ရှေးဟောင်းသုတေသနနဲ့ သမိုင်းဆိုင်ရာစာပေတွေ ရေးသားခဲ့တဲ့ ဦးစိန်မောင်ဦး (၈၈) နှစ် အရွယ်မှာ ဇွန်လ ၃ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ တောင်သမန်ကျောက်ခေတ်သစ် တူးဖော်မှုကို ဦးဆောင်ခဲ့သူ တယောက် ဖြစ်သလို သရေခေတ္တရာက ပျူကြေးရုပ်ငါးရုပ် တူးဖော်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။ နောက် မြန်မာသမိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးသားခဲ့ကာ တခြားပညာရှင်တွေကိုလည်း အမြဲမပြတ် ကူညီခဲ့ပါတယ်။

မကွေးမင်းကြီးမျိုး

ဦးစိန်မောင်ဦးဟာ ဘုရင်တွေကို အပြောင်းအလဲလုပ်နိုင်တဲ့ထိ တန်ခိုးကြီးလို့ ဂွေးကိုလုံအောင် ထိုင်ရတယ် ဆိုပြီး စာချိုးရှိခဲ့တဲ့ မကွေးမင်းကြီး ဦးကြာဥအဆက်အနွယ် ဖြစ်ပါတယ်။ ပဒေသရာဇ်မိသားစုတွေ ထုံးစံအတိုင်း သားပေးသမီးယူ စနစ်ကြောင့် ယောမင်းကြီး ဦးဘိုးလှိုင်၊ လောင်းရှည်ဝန်ကြီးနဲ့ တခြားမင်းသားမင်းသမီး မိဘုရား သူဌေးသူကြွယ်တွေဟာလည်း သူ့ဆွေမျိုးအဝန်းအဝိုင်းမှာ ရှိခဲ့ပါတယ်။

နောက် သီပေါမင်း ပါတော်မူပြီးနောက် ထီးနန်းတင်ဖို့ ကင်းဝန်မင်းကြီး ကြိုးစားခဲ့တယ်ဆိုတဲ့ မြင်းမှူးမင်းသား ထိပ်တင်ကိုယ်တော်စိုးရဲ့ မြေးတော်နဲ့ လက်ထပ်ခဲ့သူပါ။ ဒါကြောင့် ကုန်းဘောင်ခေတ်နဲ့ ဆိုင်ရာတွေကို ငယ်ကတည်းက နားရည် ဝနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archaeology and National Museum Dept, Yangon

ဓာတ်ပုံ ပုံစာ,

ကနောင်မင်းရဲ့သားတော် ထိပ်တင်ကိုယ်တော်စိုးရဲ့မြေးတော်နဲ့ လက်ထပ်

ဒေလီကပြန်

ရှေးဟောင်းသုတေသနပညာကို နယူးဒေလီမှာ သင်ယူခဲ့ပြီး ပျူမြို့ဟောင်း တူးဖော်မှုတွေမှာ ပါဝင်ခဲ့သလို တောင်သမန်နဲ့ ရွှေစာရံစတဲ့ သမိုင်းမတင်မီခေတ် နေရာတွေ တူးဖော်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။

၁၉၆၂ က မန္တလေး မဟာမုနိဘုရားကြီး အရှေ့မုခ်က ဘုရင်ခေတ်အကုန်လက်ကျန် စောင်းတန်းဖျက်ရာမှာ ဦးစိန်မောင်ဦးက အာဏာပိုင်တွေကို အကြောင်းကြားပြီး မဖျက်အောင် ဂေါပကအဖွဲ့ကို ရင်ဆိုင်တားမြစ်ခဲ့တယ်လို့လည်း လူထု စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးက ပြောပါတယ်။ ဒီလို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ရှေးဟောင်းလက်ရာ စောင်းတန်းကြီး ဖျက်သိမ်းခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bill WASSMAN

ဓာတ်ပုံ ပုံစာ,

ခေတ္တရာမြို့ဟောင်းက ဘောဘောကြီးဘုရား

၁၉၆၆ မှာတော့ သရေခေတ္တရာက နာမည်ကျော် ကချေသည် ကြေးရုပ်လေးငါးရုပ်ကို တူးဖော်မှုမှာ သုတေသနဝန်ထောက်အဖြစ် သူပါဝင် မှတ်တမ်းပြုခဲ့ပါတယ်။ ခွက်ခွင်းသည်၊ ဗုံသည်၊ ပလွေသည်၊ ကချေသည်နဲ့ လူပြက်ရုပ် ငါးရုပ်ကို မှော်ဇာပြတိုက်မှာ ပြထားရာကနေ လပိုင်းအတွင်း လေးရုပ် ခိုးယူခံခဲ့ရပါတယ်။ ဒေါက်တာနိုင်ပန်းလှရဲ့ ရေးသားနှိုးဆော်မှုကြောင့် အမေရိကန်ရောက်နေတဲ့ ကြေးရုပ်တွေကို ဝယ်ထားသူက မြန်မာပြည်ကို ၁၉၈၃ မှာ ပြန်ပို့ပေးခဲ့ပါတယ်။

၁၉၆၈ မှာတော့ အမရပူရ တောင်သမန်အင်းနားမှာ ကျောက်ခေတ်လက်ရာ အသုံးအဆောင်တွေကို ဆရာတော် ကိုပညာ (အမရပူရ) က စပြီးတွေ့ရှိခဲ့ပါတယ်။ ရှေးဟောင်းသုတေသနက ဦးစိန်မောင်ဦး ခေါင်းဆောင်ပြီး ၁၉၇၁ မှာ စတင် တူးဖော်ခဲ့ပါတယ်။ ဒီလိုတူးရာမှာ ရွှံ့နဲ့ဖုတ်တဲ့ လူရုပ်တရုပ်ကို တွေ့သလို လူအရိုးစု နှစ်စုံနဲ့ အရိုးနဲ့လုပ်တဲ့ အပ်၊ ငါးမျှားချိတ်၊ ဇွန်း၊ ယောက်မ၊ ပုတီးစတဲ့ ကျောက်ခေတ် အသုံးအဆောင်တွေ အများအပြား တွေ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection

ဓာတ်ပုံ ပုံစာ,

တောင်သမန်မှာ တူးဖော်ရတဲ့ ကျောက်ခေတ်သစ်ရုပ်တု

ဧရာဝတီမြစ်ညာပိုင်းမှာ ၁၉၃၇ လောက်က အမေရိကန်ပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်ခေတ်ယဉ်ကျေးမှုကို အညာသားယဉ်ကျေးမှုလို့ အမည်ပေးခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြဒါးလင်းဂူတွေ့ရှိမှုအပြီး တောင်သမန်တွေ့ရှိ တူးဖော်မှုတွေက အညာသားယဉ်ကျေးမှုကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တောင်သမန်အင်းစောင်းမှာ တူးဖော်မှု အမှတ်တရ အုတ်တိုင်စိုက်ခဲ့ပါတယ်။

ဒီတူးဖော်မှုတွေအပြင် ဦးစိန်မောင်ဦးဟာ မိုင်းမောခေါ် ပျူမြို့ဟောင်း တူးဖော်မှုကိုလည်း ၁၉၈၁ ကစပြီး သုံးနှစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ မှာတော့ မန္တလေးနန်းတော်ကို စစ်အစိုးရက ပြန်ဆောက်ရာမှာ ပါဝင်ခဲ့ပါတယ်။

သမိုင်းကွန်ပျူတာ

မြန်မာနိုင်ငံမှာ ဘုရင်စနစ်ပျက်ပြီးနောက် လွှတ်ရုံးမှတ်တမ်းတွေ မီးရှို့ခံရတဲ့အတွက် ၁၈၈၅ ဟိုဘက် သမိုင်းရေးရာမှာ အထောက်အထားမပြည့်စုံတဲ့ ပြဿနာ ရှိပါတယ်။ ဒီနေရာမှာ ခေတ်ဟောင်းကို မီလိုက်တဲ့ မင်းဆွေစိုးမျိုး မိသားစုတွေ ကြားမှာ ပြောဆိုတဲ့ အကြောင်းအရာတွေကို နှုတ်ပြောသမိုင်းအနေနဲ့ သုံးစွဲလေ့ရှိပါတယ်။

ဒါပေမဲ့ မိသားစုနာမည်ပေးတဲ့စနစ် ခိုင်ခိုင်မာမာ မရှိတာအပြင် ခေတ်အပြောင်းအလဲတွေ များလို့ မင်းမျိုးတွေရဲ့ စီးပွားအင်အားကျဆင်းကုန်တဲ့အတွက် မင်းမျိုးဆိုတဲ့အလွှာတရပ် တိမ်ကောပပျောက်ခဲ့ပါတယ်။ နောက် အမှတ်အသား အားနည်းမှုကြောင့်လည်း သမိုင်း အထောက် အထားတွေ ပျောက်ပျက်တာတွေ မနည်းခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Aung Myint Oo

ဓာတ်ပုံ ပုံစာ,

တောင်သမန်တူးဖော်မှုမှတ်တိုင်

ဒီနေရာမှာ ပါတော်မူပြီးနောက် ရာဇဝင်သမိုင်းဆိုင်ရာတွေကို ဖြန့်ချိရာမှာ မင်းမျိုးမတ်မျိုး တွေ ပါတာကို တွေ့ရပါမယ်။ ဦးမောင်မောင်တင်၊ ဒဂုန်ခင်ခင်လေး၊ ညိုမြ၊ ရွှေဘိုမိမိကြီးကနေ မောင်သန်းဆွေ (ထားဝယ်) စတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလို သမိုင်းဆိုင်ရာတွေ ရေးသားရာမှာ ထင်ရှားကြပါတယ်။

သူတို့လောက် မထင်ရှားပေမယ့် ဦးစိန်မောင်ဦးဟာလည်း သမိုင်းမှတ်စုမှတ်ရာ စုံလင်သူအဖြစ် ပညာရှင်တွေကြားမှာ ထင်ရှားပါတယ်။ ဒါကြောင့် သူ့ကို စာရေးဖို့ မိတ်ဆွေတွေက တိုက်တွန်းကြတဲ့အတွက် ဆောင်းပါးတွေ ရေးသားခဲ့သလို သူရေးစေချင်တဲ့အချက်တွေကို သူများတွေ ပေးပြီးရေးစေတာမျိုးလည်း ဦးစိန်မောင်ဦး လုပ်ခဲ့ပါတယ်။

ဒါကြောင့် လူထုဒေါ်အမာရေးတဲ့ မြန်မာ့ရေတပ်က မွန်လှေကြီး၊ ရတနာပုံ မန္တလေးခေတ်က ထီ၊ လမ်းလယ်ဘုရားဆိုတာ ပန်းပဲမင်းကြီးဘုရားတဲ့ စတဲ့ ဆောင်းပါးတွေမှာ ဦးစိန်မောင်ဦးပေးတဲ့ အချက်အလက်တွေ အဓိက အားပြုခဲ့ပါတယ်။ ဦးစိန်မောင်ဦးဟာ သမိုင်းဆိုင်ရာမှာ လူကွန်ပျူတာလိုပဲ အားကိုးရကြောင်း သူနဲ့ သိကျွမ်းသူတွေက မှတ်ချက်ချကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DE AGOSTINI PICTURE LIBRARY

ဓာတ်ပုံ ပုံစာ,

ရှေးမြန်မာပုရပိုက်ပန်းချီ

အိန္ဒိယစာရေးဆရာမ ဆူဒါရှားရဲ့ နန်းကျဘုရင်သီပေါစာအုပ်မှာလည်း ဦးစိန်မောင်ဦးနဲ့ ဦးသန်းဆွေကို မင်းဆွေမင်းမျိုးတွေအကြောင်း ရေးသားရာမှာ အထူးကူညီပေးသူတွေ အဖြစ် ဖော်ပြခဲ့ပါတယ်။

ဖဦးထုပ်ရေးထုံး

မြန်မာဘုရင်အကြောင်း ရေးသားတာတွေမှာ ချွတ်ချော်တာတွေကိုလည်း ဦးစိန်မောင်ဦးက ထောက်ပြခဲ့ပါတယ်။ လူပြောများတဲ့ ဖဦးထုပ်ကို စုဘုရားလတ်မကြိုက်လို့ ဘကုန်းပြောင်းသုံးရတယ်ဆိုတဲ့ အဆိုကို မဟုတ်ကြောင်း အထောက် အထားတွေနဲ့ ဦးစိန်မောင်ဦးက ရေးပြခဲ့ပါတယ်။

သတ်ပုံနဲ့ ပတ်သက်ပြီး ပုဂံခေတ်ကစပြီး ကုန်းဘောင်ခေတ်ပျက်တဲ့အထိ သုံးခဲ့တဲ့ ကျမ်းတွေကို စဉ်ပြသလို သီပေါမင်း နန်းတက်စက နန်းတွင်းမှာ သတ်ပုံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့ အစည်းအဝေးအကြောင်း အမိန့်တော်နဲ့ ကုန်းဘောင်ဆက် ရာဇဝင်ပြုစုသူ ဦးမောင်မောင်တင်ရဲ့ စာတွေကို ကိုးကားပြီး ရေးတာ ဖြစ်ပါတယ်။ နေရာတကာမှာ ဘကိုသုံးခိုင်းရင် ဘြေ၊ ဘြန့်၊ ဘျက်ဆီး စတဲ့ ကမောက်ကမ သတ်ပုံတွေ ထွက်လာမယ်လို့ ဦးစိန်မောင်ဦးက ဆိုပါတယ်။

သီပေါမင်းမတိုင်ခင်ကတည်းက မြန်မာစာမှာ မိဘုရားရေးထုံးရှိပြီးကြောင်းလည်း ရွှေနန်းသုံးဝေါဟာရအဘိဓာန်မှာ ဦးမောင်မောင်တင်က ရေးသားခဲ့ပါတယ်။

ဦးစိန်မောင်ဦးစာတွေမှာ ကုန်းဘောင်ခေတ် မင်းအဆက်ဆက်နဲ့ မှူးမတ်စစ်သူကြီး လူတန်းစားကြား ဆွေမျိုးဆက်နွှယ်မှုနဲ့ အာဏာနိုင်ငံရေးအကြောင်းကိုလည်း စိတ်ဝင်စားစရာ ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စာရေးဆရာမ ဒဂုန်ခင်ခင်လေးတို့ရဲ့ မြေလတ်ပိုင်းက မြို့သူကြီးမိသားစုတွေကြား သွေးသားတော်စပ်မှုကလည်း မှတ်သားစရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Florilegius

ဓာတ်ပုံ ပုံစာ,

ရှေးခေတ်မြန်မာဝတ်စားမှု

အတွင်းသိအကြောင်းအရာတွေအဖြစ် ယောမင်းကြီးနဲ့ အငှားဇနီးမယားက မွေးတဲ့သားကို အမွေမပေးထိုက်လို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ ကျောက်မြောင်းအတွင်းဝန် ဖတ်တဲ့ စာအုပ်မှာ အင်္ဂလိပ်လို တံဆိပ်နှိပ်တဲ့အကြောင်း၊ မြင်ကွန်း မြင်းခုံတိုင် ပုန်ကန်မှုနဲ့ ဗြိတိသျှပါဝင်မှု စတာတွေကိုလည်း ရေးသွားခဲ့ပါတယ်။

ကနောင်မင်းသားမရှိတဲ့နောက် မက္ခရာမင်းသားကို အိမ်ရှေ့နေရာပေးဖို့ မင်းတုန်းမင်း စဉ်းစားခဲ့တယ် ဆိုတဲ့အကြောင်းကိုလည်း မင်းသားရဲ့အကြီးတော်အရာရှိက အတွင်းဝန်အဖြစ် ပေစာထုပ်ကြိုးမှာ ဆုတောင်းစာ ရေးခဲ့တဲ့အကြောင်းနဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာထီးနန်းမှာ အိမ်ရှေ့မင်းနဲ့ မင်းမိဘုရားတွေနဲ့ ဆိုင်ရာမှာသာ အတွင်းဝန်ခန့်ထားနိုင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Department of Archaeology

ဓာတ်ပုံ ပုံစာ,

ရှေးဟောင်းခေါင်းလောင်းစာတွေအကြောင်း ရေးသားခဲ့

အခုခေတ်စားနေတဲ့ ကရင်နီသမိုင်းမှာလည်း အောက်မြန်မာပြည်ကို ဗြိတိသျှသိမ်းစဉ်က ကရင်နီဟာ မြန်မာလက်အောက်ခံ မဟုတ်ကြောင်း ကရင်နီအကြီးအကဲတွေ ထုတ်ပြန်တဲ့ အကြောင်းကနေ ကရင်နီနယ်ကနေ ဗြိတိသျှ ကျွန်းသစ်ခိုး ထုတ်တဲ့အကြောင်း၊ အနောက်ကရင်နီကိုမကျူးကျော်ဖို့ မင်းတုန်းမင်းနဲ့ ဗြိတိသျှတွေ စာချုပ်ချုပ်ပေမယ့် ပါတော်မူပြီးနောက်ပိုင်း ရှမ်းပြည်နယ်မင်းကြီးကို အခွန်ဆက်ရတဲ့ နယ်မြေတခုလို အနောက်ကရင်နီကို ဗြိတိသျှတွေ သဘောထားတဲ့ အကြောင်း၊ မော်ချီးမိုင်းကြောင့် ကရင်နီကို အပိုင်စီးထားတဲ့အကြောင်း စတာတွေကို သူရေးသွားခဲ့ပါတယ်။

ဦးစိန်မောင်ဦးရေးသွားတဲ့ထဲက မန္တလေးက ဝတ်လုံဦးစံဝ အင်္ဂလန်က ပါလာတဲ့ သားတွေ ကို ဘုန်းကြီးကျောင်း ခေါ်သွားတဲ့အတွက် ခရစ်ယာန်ကျောင်းအုပ်က သာသနာပျက်မှုနဲ့ တရားစွဲတဲ့ အကြောင်းကလည်း ဘာသာရေးနဲ့ လူမှုရေး သမိုင်းဆိုင်ရာမှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အားမာန်သစ်

ဓာတ်ပုံ ပုံစာ,

သုတေသနဆောင်းပါးတွေ စုစည်းထုတ်ဝေ