မြင်းခြံမှာမိုးကြိုးထိမှန်လို့လူ၃ ဦးသေဆုံး၊ တိုင်းနဲ့ပြည်နယ်၁၀ခုမှာ ၂လကျော်အတွင်း မိုးကြိုးဘေးကြောင့်လူ ၃၀ကျော်သေဆုံး

မိုးကြိုးဘေးကြောင့် သေဆုံးသူတွေနှစ်စဉ် ပိုတိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မိုးကြိုးဘေးကြောင့် သေဆုံးသူတွေနှစ်စဉ် ပိုတိုးလာနေ

မြင်းခြံမြို့နယ်မှာ ဇွန် ၆ ရက်နေ့ ညနေ ၅နာရီခန့်က လူ ၆ဦး မိုးကြိုးပစ်ခံရပြီး သားအမိ ၂ ဦးအပါအဝင် ၃ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ မြင်းခြံမြို့ နာရေး ကူညီမှုအသင်းအတွင်းရေးမှူးကိုကျော်ဇင်ထွန်းက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့ကလည်း မြိတ်လေတပ်စခန်းဧရိယာတွင်းဘောလုံးပွဲကျင်းပတာကို ကြည့်ရှုနေသူ အချို့ မိုးကြိုးထိမှန်ခဲ့တဲ့အတွက် ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့ပါတယ်။

' ' မနေ့ကညနေပိုင်းမှာ မိုးတွေအုံ့လာပြီး ရွာတောင်မရွာသေးဘူး။ အဲ့အချိန်မှာ ပစ်ချလိုက်တာ။ ပစ်ခံရတဲ့သူတွေက နှမ်းရိတ်နေတာလို့ပြောတယ်။ ၆ ဦးမှာ ၃ဦးဆုံးသွားတယ်။ သားအမိ၂ ယောက်ရယ် တစ်ယောက်က တူတော်သူတစ်ယောက်ရယ်ပါ။ တစ်ယောက်ကတော့ ကျွန်တော်တို့ဆေးရုံသွားပို့တော့သတိလစ်နေတယ်။ ကျန်တဲ့ ၂ယောက်က ဘာမှမဖြစ်ဘူး။''လို့ ကိုကျော်ဇင်ထွန်းက မိုးကြိုးထိမှန်ခံရသူ တွေကိုသွားရောက်ကူညီခဲ့တဲ့အခြေအနေကိုပြန်ပြောပြပါတယ်။

သတိလစ်သွားသူဟာ ဇွန် ၇ ရက်နေ့မှာ ပြန်လည်သတိရလာပြီဖြစ်ပေမယ့် အောက်ပိုင်းလှုပ်မရသေးဘဲ အကြောထိသွားပုံရတယ်လို့လည်း ကိုကျော်ဇင်ထွန်းကဆက်ပြောပြပါတယ်။

' ' မိုးကြိုးပစ်ချလိုက်တဲ့အချိန်မှာ ကျွန်တော်တို့မြင်းခြံကလူတွေက လျှပ်ပြက်သွားတာကို မြင်လိုက်တယ်။ ဘာမှမဖြစ်တဲ့ ၂ယောက်ကို မေးကြည့်တော့ သူတို့လျှပ်ပြက်တာကို မမြင်လိုက် ဘူးလို့ပြောတယ်။ အဲဒီနေရာမှာလည်း မီးလောင်ထားတာတို့ဘာတို့ဘာမှထူးထူးခြားခြားတော့မတွေ့ရဘူး''လို့ မိုးကြိုးဒဏ် ကနေ အသက်ဘေးလွတ်လာသူအချို့ရဲ့ပြောပြချက်ကို ကိုကျော်ဇင်ထွန်းက ပြန်လည်ပြောပြပါတယ်။

ဇွန်လမတိုင်မီ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၀)ခုမှာ မိုးကြိုးဘေးကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။

အခုချိန်ဟာ မုတ်သုံကာလကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ အတူ မိုးကြိုးပစ်ခြင်းဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ အချက်တွေကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, နာရေးကူညီမှုအသင်း မြင်းခြံ

ဓာတ်ပုံ ပုံစာ,

သားအမိ ၂ ဦးအပါအဝင် ၃ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မိုးကြိုးဘေးကြောင့် သေဆုံးမှုမရှိစေဖို့ သတိပြုသင့်တဲ့အချက်တွေကို သတိပေးထုတ်ပြန်ထား

မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှု ပိုမိုများပြားလာတဲ့အတွက် လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းများဖြစ်ပေါ်နေချိန်မှာ

(၁) ဖုန်းများကိုအသုံးမပြုသင့်ကြောင်း

(၂) တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စတဲ့ လျှပ်စစ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို ခလုတ်ပိတ်၊ ပလပ်ဖြုတ်ထားသင့်ကြောင်း

(၃) သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ကြောင်း နဲ့

(၄) အိမ်အပြင်ဘက်တွင်လူစုလူဝေးနဲ့ ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ကြောင်း စတဲ့အချက်တွေကို သတိပြုလိုက်နာကြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အသိပေးထုတ်ပြန်ထားပါတယ်။