ရှမ်းပြည်နယ်မိုင်းတင်းကျေးရွာအုပ်စုက ရပ်ကျေးလူကြီးတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ၊ ၅ဦးမြောက်အသတ်ခံရသူဖြစ်

တောင်ယာတဲကနေအထွက်မှာ အပစ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ကျောက်မဲမြို့ခံ

ဓာတ်ပုံ ပုံစာ,

တောင်ယာတဲကနေအထွက်မှာ အပစ်ခံရ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ မိုင်းတင်းကျေးရွာအုပ်စုက မန်ဆန်းကျေးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးကြီးကြပ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးကောရွှေဝင်းဟာ ဇွန်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ကျောက်မဲမြို့ခံတွေထံကနေသိရပါတယ်။

ဦးကောရွှေဝင်းဟာပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကျောက်မဲမြို့စားသောက်ဆိုင်တစ်ခု မှာ လက်နက်ကိုင်တွေ လာရောက်ပစ်ခတ်ခံခဲ့ရပြီးတော့အဲဒီတုန်းက တော့လွတ်မြောက်ခဲ့သူဖြစ်ပါတယ်ပါတယ်။

ဦးကောရွှေဝင်းက အဲဒီ့ စားသောက်ဆိုင်မှာတုန်းက ခြံစည်းရိုးအုတ်တံတိုင်းကိုကျော်ပြီးထွက်ပြေးလို့ လွတ်သွားခဲ့တာလို့ သိရတယ်လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မိုင်းတင်းကျေးရွာအုပ်စုအတွင်းက မိုင်းတင်းကျေးရွာ၊ နားမွန်းကျေးရွာနဲ့ လွယ်အွယ်ကျေးရွာက အုပ်ချုပ်ရေးမှူး ၃ဦးတို့လည်း ကျောက်မဲမြို့၊ နမ့်ခုံးစားသောက်ဆိုင်မှာ ထိုင်နေစဉ် လက်နက်ကိုင်ဆောင်ထားသူလူတစ်စုက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။

''ဇွန်လ ၆ရက်နေ့ နေ့လယ်ပိုင်းက ဦးကောရွှေဝင်းက သူတို့ရဲ့ ပြောင်းခင်းကိုသွားတာ သူ့အမျိုးသမီးနဲ့ အတူ ။ ၂နာရီခွဲလောက်မှာထမင်းစားပြီးလို့ တောင်ယာတဲကနေအထွက်မှာ အပစ်ခံရတာလို့ သိရတယ်။''လို့ ဦးကောရွှေဝင်း အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်းကပြောပြပါတယ်။

မိုင်းတင်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဟာလည်း ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက ရွှေလီမြစ်ကမ်းအနီးမှာ ပစ်သတ်ခံခဲ့ရသေးတယ်လို့ ကျောက်မဲမြို့ခံအချို့က ပြောပြပါ တယ်။

ကျောက်မဲ နမ့်ခုံးစားသောက်ဆိုင်မှာ အသတ်ခံခဲ့ရသူ ကျေးရွာအုပ်ချုပ်မှူး ၃ဦးဟာ SNLD ပါတီဝင်တွေလည်းဖြစ်ပြီး သူတို့သေဆုံးမှုမှာ တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ SNLD ပါတီဘက်က စာထုတ်တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။

' ' သူတို့ရပ်ရွာက သတင်းတွေအရပေါ့လေ အသတ်ခံရမယ်ဆိုတဲ့စာရင်းမှာကြားရလို့ဆိုပြီး စာရင်းပါသူတွေထဲက တစ်ယောက်က မူဆယ်၊ရွှေလီဘက်ကို ရှောင်သွားတယ်လို့ သိရတယ်။ ရွှေမူဆယ်ဆိုတဲ့ အဆောက်အဦးရှေ့မှာ ရွှေလီမြစ်ကမ်းဘေးမြန်မာဘက်အခြမ်းမှာ သူလည်းပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ဦးကောရွှေဝင်းကလည်း ရွာကနေရှောင်ထွက်သွားတာ အခုအသတ်ခံရမှ ပြန်ရောက်နေမှန်းသိကြတာလို့ ပြောကြတယ်။''လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပြပါတယ်။

' ' အဲဒီ ၃ယောက်အမှုကလည်း တရားခံမမိပါဘူး။ ဒါကထုံးစံပါပဲ။ သေမှုသေခင်းဖွင့်ပါတယ်။ ရဲကတော့ ရဲလုပ်ငန်းနည်းအတိုင်းလုပ်ရတယ်။ သို့သော် လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်နက်နဲ့ပစ်ကြတာဖြစ်လို့ ဘယ်ကိုလိုက်ရမှန်းမသိဘူး။ နယ်မြေစိုးမိုးမှုအရ အမှုသာဖွင့်လိုက်တယ် ၊စုံစမ်းမရတာနဲ့ အမှုက ပိတ်လိုက်တာပါပဲ။''လို့ ပစ်ခတ်မှုတွေအတွက် တရားခံရှာမရတဲ့အပေါ် ကျောက်မဲမြို့ခံတစ်ဦးကပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကျောက်မဲမြို့ခံ

ဓာတ်ပုံ ပုံစာ,

ရပ်ကျေးအဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်ခံရတာတွေရှိပေမယ့် တရားခံမမိ

အလားတူ မိုင်းတင်းကျေးရွာအုပ်စုတွေအတွင်း ရပ်ကျေးအဖွဲ့ဝင်တွေ ပစ်ခတ်ခံရမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ရပ်ကျေးအုပ်စုစာရေးတစ်ဦးမှာ မိုင်းတင်းကျေးရွာ အထွက် ကျောက်မဲဘက်လာတဲ့နေရာအနီးမှာလည်းပစ်ခတ်ခံရဖူးပြီး အသက်သေဆုံးခဲ့ခြင်းတော့မရှိပါဘူး။

အခုလိုမကြာခဏပစ်ခတ်သတ်ဖြတ်ခံရတာတွေရှိနေပေမယ့်လည်း ဒေသခံတွေအနေနဲ့ ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတဲ့ထင်မြင်ချက်ကိုထုတ်ဖော်ပြောရဲတာမျိုးတွေမရှိဘူးလို့လည်း ကျောက်မဲမြို့ခံတစ်ဦးက ပြောပြပါတယ်။

ကျောက်မဲမြို့အနီးတဝိုက်ဟာ RCSS တပ်ဖွဲ့ကထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်ပြီး၊ SSA အဖွဲ့အချို့လည်းရှိသလို TNLA ဘက်ကလည်း သူ့နယ်မြေဆိုပြီးသွားလာလှုပ်ရှားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

တပ်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ဦးရွှေဝင်းဟာ ယာထဲမှာ စိုက်ပျိုးနေစဉ် သောင်းကျန်းသူ အဖွဲ့ က လက်နက်ငယ် နဲ့ ၄ ချက်ခန့် ပစ်ခတ်ခဲ့ရာ ညာဘက်ရင်အုံဖောက်ထွက် ၁ ချက်၊ ဘယ်၊ ညာမျက်လုံးဖောက်ထွက် ၂ ချက် ဒဏ်ရာများ နဲ့သေဆုံးခဲ့တာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။