တစ်နှစ်ကို ရာနဲ့ချီသေဆုံးသူရှိလာပြီး သတိပြုရတော့မယ့် မိုးကြိုးဘေးအန္တရာယ်

၂၀၁၉ ခုနှစ်မှာ သေဆုံးသူ ၁၃၃ ဦးရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မိုးကြိုးဘေးကြောင့်၂၀၁၉ ခုနှစ်မှာ သေဆုံးသူ ၁၃၃ ဦးရှိခဲ့

မြန်မာနိုင်ငံမှာ မိုးကြိုးဘေးကြောင့် သေဆုံးသူဦးရေဟာ ပိုမိုမြင့်တက်လာတဲ့အတွက် မိုးကြိုးဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ အသိပေးနှိုးဆော်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးကနေ ပြုလုပ်လာပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးဘေးကြောင့် သေဆုံးမှုဟာ မိုးကြိုနဲ့ မိုးနှောင်းကာလတွေမှာအများဆုံးဖြစ်ပေါ်လေ့ရှိပြီး လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့တာအတွင်း မွန်းတည့်(၁၂) နာရီမှ ညနေ(၆)နာရီအတွင်းဟာ မိုးကြိုးပစ်တဲ့ဖြစ်စဉ်အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လ ၆ ရက်နေ့အထိ မိုးကြိုးဘေးကြောင့် သေဆုံးသူဦးရေဟာ ၆၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူဦးရေကတော့ ၂၆ ဦး ရှိသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ဘယ်ကာလတွေက မိုးကြိုးအန္တရာယ်အများဆုံးလဲ

မြန်မာနိုင်ငံမှာ မိုးကြိုကာလတွေဖြစ်တဲ့ ဧပြီ၊ မေ နဲ့ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလတွေဟာ မိုးကြိုးဘေး အမြင့်ဆုံးကာလတွေ ဖြစ်ပါတယ်။

'' အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံကိုမဝင်ခင် နွေရာသီကာလ။ ဒါမျိုးကို စပ်ကူးမတ်ကူးကာလ လို့ခေါ်တယ်။ အဲဒီချိန် ဧပြီ၊ မေမှာ အပူဆုံးကို ခံစားရလေ့ရှိတယ်။ ဧပြီ၊ မေ မိုးကြိုကာလမှာ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးလာတဲ့အချိန်မှာ လေရော မြေပြင်ရော အားလုံးက တအားပူနေတာ။ မြေပြင်အပူချိန်က တအားပူနေတဲ့ အတွက် တိမ်တွေက ပူပြီးပွ၊ပေါ့ပြီး တက်လာတယ်။ အဲဒီမှာတိမ်ရဲ့အောက်ဆုံးက လျှပ်စစ်မတွေနဲ့ မြေပြင်က လျှပ်စစ်အဖိုတွေနဲ့ တစ်ခုနဲ့တစ်ခု ထိတွေ့တဲ့အခါလျှပ်စီးတွေ လက်တယ်။ မိုးကြိုးတွေပစ်တယ်''လို့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်တဲ့အခြေအနေကို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ရှင်းပြပါတယ်။

မိုးကြိုကာလအတွင်း အနောက်တောင်မုတ်သုံလေ တည်ငြိမ်မှုမရှိသေးချိန် မိုးကြိုးလျှပ်စီးတွေ ဖြစ်ပေါ်စေတဲ့ မိုးတိမ်တောင်ဖြစ်ပေါ်မှုတွေ များပေမယ့် မိုးဦးကာလ ဇွန်လလယ်လောက်ရောက်ပြီး မိုးကောင်းလာပြီဆိုရင်တော့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ မရှိသလောက်နည်းသွားတယ်လို့ သူက ပြောပါတယ်။

'' မိုးနှောင်းကာလက စက်တင်ဘာပေါ့။ အဲဒီအချိန်က ဆောင်းကိုကူးမှာဆိုတော့ ထင်သလောက်မဆိုးဘူး။ ဒါပေမယ့်မုတ်သုံပြန်ဆုတ်မှာဖြစ်တဲ့အတွက် ဆုတ်တဲ့အချိန်မှာတော့ လျှပ်စီးလက်မယ်၊ နေရာကွက်မိုးကြီးမယ်၊ မိုးကြိုးတွေပစ်မယ်။ ဒါပေမယ့်ဆုံးသွားတဲ့အချိန်က မိုးရာသီကနေ ဆောင်းရာသီကိုပြောင်းတာဖြစ်လို့ မိုးကြိုလောက်တော့မဆိုးဘူး။''လို့ မိုးနှောင်းကာလမှာလည်း မိုးကြိုးဘေးသတိထားရမယ့်အခြေနေကို ဒေါ်ရီရီငြိမ်းက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY

ဓာတ်ပုံ ပုံစာ,

မိုးကြို မိုးနှောင်းကာလတွေဟာ မိုးကြိုးဘေးအမြင့်ဆုံးကာလတွေဖြစ်

ဒေသအလိုက် မုတ်သုံဝင်ရောက်ချိန်၊ဆုတ်ခွာချိန် ကွာခြားချက်နဲ့အတူ ဒေသအလိုက်အထူး သတိပြုရမယ့် ကာလတွေရှိ

မြန်မာနိုင်ငံကို မိုးရာသီအဖြစ်သတ်မှတ်ထားတဲ့ မုတ်သုံဝင်ရောက်မှုဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကို အစောဆုံးဝင်ရောက်ပြီး အဲဒီနောက်မှာ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသတို့ကို ဝင်ရောက်တာ ဖြစ်ပါတယ်။

'' အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံတောင်ပိုင်းဒေသကို ဒီနှစ်မှာ ၁၉ ရက်နေ့မှ အရင်စဝင်တယ်။ ရန်ကုန်ဆိုရင် ဇွန်လအဆန်းပိုင်းမှာ မိုးခြိမ်းသံသိပ်မကြားရတော့ဘူး။

ဇွန် ၅ ရက်နေ့မှာအလယ်ပိုင်းကိုဝင်တယ်။ ဒါပေမယ့်မတည်ငြိမ်သေးတဲ့အတွက် ရက်ပိုင်းအထိနေတွေပူတုန်း။

အလယ်ပိုင်းနဲ့မြောက်ပိုင်းကဒေသတွေအတွက်တော့ ဇွန်လအထိမိုးကြိုးဘေးကို သတိထားဖို့လိုတယ်''လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ရီရီငြိမ်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, နာရေးကူညီမှုအသင်း မြင်းခြံ

ဓာတ်ပုံ ပုံစာ,

မြင်းခြံမှာနှမ်းရိတ်စဉ် မိုးကြိုးပစ်လို့ သားအမိ ၂ဦးအပါအဝင် ၃ဦးသေဆုံး

ဒီနှစ်အတွက် သေဆုံးသူ ၆၀ ကျော်ရှိတဲ့အနက် ဇွန်လထဲမှာပဲ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့မှာ မိုးကြိုးပစ်ခံရလို့သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

ဇွန် ၆ရက်နေ့မှာက မြင်းခြံမြို့မှာ နှမ်းရိတ်နေတုန်း မိုးကြိုးပစ်ခံရလို့ မိသားစု ၃ ဦးသေဆုံးခဲ့ပြီး မကွေးတိုင်းပေါက်မြို့နယ် ထန်းပင်ချောင်းကျေးရွာမှာလည်း ဇွန် ၈ ရက်နေ့က သေဆုံးသူတစ်ဦး ရှိခဲ့ပါတယ်။

မိုးကြိုနဲ့ မိုးနှောင်းကာလတွေမှာ မိုးကြိုးဘေးကို အများဆုံးသတိပြုရပေမယ့် မိုးဦး၊မိုးလယ်ကာလတွေမှာလည်း မုတ်သုံအားလျော့ပြီး မိုးပြတ်ပါက မိုးကြိုးဘေးကို သတိပြုရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မိုးကြိုးပစ်မခံရဖို့ သတိထားရမယ့်အဓိကအချက်တွေ

မိုးကြိုးပစ်မှုဖြစ်စဉ်တွေထဲမှာ မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းဖြစ်ပေါ်နေချိန်တွေမှာ လယ်ကွင်းထဲ အလုပ်လုပ်နေစဉ်၊ နေအိမ်တံစက်မြိတ်မှာ မိုးရေချိုးနေစဉ်၊ နေအိမ်ထဲမှာ ရေဒီယိုနားထောင်နေစဉ်၊ အိမ်ထဲ မှာ ဖုန်းနဲ့ အင်တာနက်အသုံးပြုနေစဉ် ဖုန်းပြောနေစဉ်၊ သစ်ပင်အောက်မှာ မိုးခိုနေစဉ်တွေမှာ ဖြစ်ပွားသေဆုံးတာတွေကို တွေ့ရတယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

'' နံပါတ်တစ် မိုးကြိုးသည် လျှပ်စီးပဲ၊ လျှပ်စီးသည် အလင်းအလျင်နဲ့လာတာဖြစ်တဲ့အတွက် ကိုယ်သည် ကိုယ့်ပတ်ဝန်းကျင်ထက်မြင့်မနေဖို့ပဲ'' လို့ ဒေါ်ရီရီငြိမ်းက ရှင်းပြပါတယ်။

တောင်သူတွေအနေနဲ့ ဘာသတိပြုရမလဲ

ကိုယ်သည်လယ်ကွင်းထဲမှာ တစ်ယောက်ထဲရှိတဲ့အတွက် ကိုယ်သည် စပါးပင်တွေထက်မြင့်နေတယ်။ မိုးကြိုးသည် အမြင့်ဆုံးနေရာထိပ်ဆုံးကိုပစ်တယ်။ဒါကြောင့် လယ်ကွင်းထဲမှာ လျှပ်စီးလက်ပြီဆိုရင် ကိုယ်ကိုဝပ်ချလိုက်ပါ။ အပင်တွေထက်နိမ့်အောင် ဝပ်ပါ။

တကယ်လို့ လယ်ကွင်းထဲမှာ မိုးရွာလို့မိုးခိုမယ်ဆိုရင် သစ်ပင်ကဘေးမှာ သူ့ထက်မြင့်တဲ့အပင်တွေရှိရင်တော့ နိမ့်တဲ့အပင်ကိုရွေးခိုပါ။ ဒါပေမယ့် ထီးထီးကြီးရှိနေတဲ့သစ်ပင်ကိုတော့ မခိုပါနဲ့။

အိမ်ထဲနေသူတွေသတိပြုရမယ့်အချက်

အထူးသဖြင့် အိမ်ထဲမှာဆိုရင်လည်း တံခါးပေါက်တွေ၊ ပြင်တင်းပေါက်တွေစတဲ့ မိုးကြိုးလာတဲ့ လမ်းကြောင်းနဲ့ ဝေးအောင်နေပါ။

မီတာပုံးတွေ၊ အထူးသဖြင့် လျှပ်စစ်ပစ္စည်းတွေ တတ်နိုင်ရင် လျှပ်စစ်ပစ္စည်းတွေကို မိန်းချနိုင်ရင်ချ မချနိုင်ရင် ရိုးရိုးပိတ်လို့ မရဘူး။ ပလပ်တွေကို ဆွဲဖြုတ်ထား။ အတတ်နိုင်ဆုံး လျှပ်မစီးအောင် ပလပ်တွေပါဖြုတ်ထားရမယ်။ အတတ်နိုင်ဆုံးရှောင်ရှားတဲ့အနေနဲ့ လျှပ်စီးနိုင်တဲ့ ပစ္စည်းအားလုံးကို ပိတ်ထားပါ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မိုးကြိုးဘေးကြောင့် ၅လကျော်ကာလအတွင်း သေဆုံးသူ ၆၀ ကျော်ရှိနေ

မိုးရွာစဉ်ဖုန်းပြောတာက အန္တရာယ်ရှိလား

ဒါက မိုးကြိုးပစ်တာကနေရာက ကိုယ်နဲ့ဘယ်လောက်ဝေးလဲ ကိုယ် ကဝေးဝေးဆိုရင်တော့အိုကေ။ မိုးကြိုးပစ်တဲ့စက်ကွင်းထဲရောက်နေရင်တော့ အန္တရာယ်ရှိမှာပဲလို့ ဒေါ်ရီရီငြိမ်းက ပြောပါတယ်။

'' ဘာပဲဖြစ်ဖြစ် ကိုယ်သည် ဘယ်နေရာ မိုးကြိုးပစ်လဲမှ မသိတာ။ ပူနေတယ် ချက်ခြင်းကြီး တိမ်တွေ တက်လာပြီ၊ လျှပ်စီးတွေ ဘာတွေ လက်လာပြီ မိုးကရွာချင်နေပြီဆိုရင် ဖုန်းက ပိတ်လိုက် တော့။ အလင်းအလျင်သည် ဓာတ်ကြိုးထဲတောင် ဝင်နိုင်သေးတာ။ လျှပ်စစ်သံလိုက်လှိုင်းက ကိုယ့်ဖုန်းထဲ ဝင်သွားနိုင်တယ်။ ဝင်သွားတော့ ကိုယ်က နားနဲ့ ကပ်ပြောတော့ ဖုန်းအန္တရာယ်သည်လည်း ကြီးပါတယ်။ အတတ်နိုင်ဆုံးတော့ ပိတ်ထားတာ ကောင်းပါတယ်''လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁၃၃)ဦးသေဆုံးခဲ့ပြီး (၅၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

' ' ခုနောက်ပိုင်း ကမ္ဘာကြီးက ပိုပြီးပူနွေးလာတယ်။ ရာသီဥတုတွေက ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။ ပုံမှန်မဖြစ်တဲ့အတွက် ပိုပြီးရင်ဆိုင်ရတယ်''လို့ ဒေါ်ရီရီငြိမ်းက မိုးကြိုးဘေး ကြောင့် လူသေဆုံးရတာတွေ မြင့်တက်လာတဲ့အပေါ် ပြောပြပါတယ်။