ကော့ကရိတ် ဗုံးပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ အပါအဝင် မနက်ခင်းသတင်းများ

ရဲစခန်းရှေ့ မျက်နှာစာ အုတ်တံတိုင်းနဲ့ ၁၀ ပေ ခန့်အကွာမှာ လက်ပစ်ဗုံး ၁ လုံး စတင်ပေါက်ကွဲခဲ့တာ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, စောကညောထူး

ဓာတ်ပုံ ပုံစာ,

ရဲစခန်းရှေ့ မျက်နှာစာ အုတ်တံတိုင်းနဲ့ ၁၀ ပေ ခန့်အကွာမှာ လက်ပစ်ဗုံး ၁ လုံး စတင်ပေါက်ကွဲခဲ့တာ ဖြစ်

(၁) ကော့ကရိတ် ဗုံးပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အမှတ် ၃ ရပ်ကွက် ရဲစခန်းလမ်းမှာရှိတဲ့ မြို့မရဲစခန်းရှေ့မှာ ဇွန်လ ၈ ရက်နေ့ ည ၈ နာရီလောက်က လက်ပစ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"၃ ဦးလုံးကို ကော့ကရိတ်ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာတွေကတော့ မပြင်းထန်ပါဘူး" လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။

ကော့ကရိတ် မြို့မ ရဲစခန်းရှေ့က BO BO ဖုန်းနဲ့ ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ရှေ့၊ ရဲစခန်းရှေ့ မျက်နှာစာ အုတ်တံတိုင်းနဲ့ ၁၀ ပေ ခန့်အကွာမှာ လက်ပစ်ဗုံး ၁ လုံး စတင်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အနီးအနားက ရဲစခန်းရှေ့ ထီရောင်းနေတဲ့ အသက် ၂၉ နှစ် အရွယ် ဝင်းနိုင်စိုး၊ ဆိုင်ကယ် ကယ်ရီသမား အသက် ၃၃ နှစ်အရွယ် ဟိန်းဝင်းကျော် နဲ့ ရပ်ကွက်ထဲနေသူ တစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရဲစခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ည ၈ နာရီလောက် ပေါက်ကွဲမှုအပြီး ရှင်းလင်းရေးလုပ်စဉ် နောက်ထပ် လက်ပစ်ဗုံး ၁ လုံးကို BO BO ဖုန်းဆိုင်ရှေ့မှာ ထပ်မံတွေ့ခဲ့ရပါတယ်။ ရဲစခန်းရဲ့ ထုတ်ပြန်ချက်မှာတော့ အဲ့ဒီဗုံးကို အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ဖု့ိ စီစဉ်ဆောင်ရွက်ထားရှိတယ်လို့ ဖော်ပြပါတယ်။

ဒေသခံတွေကတော့ ဒုတိယဗုံးကို စစ်တပ်မိုင်းအဖွဲ့က ည ၁၀ နာရီခွဲလောက်မှာ ဘောလုံးကွင်းကို ယူသွားပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

"လက်ပစ်ဗုံး ၂ လုံးဟာ အမေရိကန်နိုင်ငံလုပ် M-76 အမျိုးအစားတွေပါ၊ လုပ်ဆောင်သွားတဲ့ အဖွဲ့အစည်းကို စုံစမ်းဆဲပါ" လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲစခန်းရှေ့ ရဲထားတဲ့ ဟွန်ဒါဖစ်ယာဉ်တစ်စီးရဲ့ ဝဲဘက်ဘေး တံခါးမှန် ၂ ချပ်ကွဲကြေ၊ ဝဲဘက်အရှေ့ တာယာ ၁ လုံးပေါက်၊ ယာဉ်ကိုယ်ထည် အောက်ခြေမှာ အပေါက်ငယ်လေးတွေ ဖြစ်ခဲ့သလို ရဲစခန်းရဲ့ ဝဲဘက်အခြမ်းမှာ ရပ်ထားတဲ့ NISSAN NOTE ခဲရောင် သက်သေခံယာဉ် နောက်မှန်ကြီးကွဲကြေနဲ့ ရဲစခန်းအနီးက ဟွန်ဒါဖစ် ယာဉ်လည်း နောက်ဖုံးအောက် အပေါက်ငယ်လေးတွေ ဖြစ်ခဲ့တယ်လို့ ရဲစခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(၂) NLD အမတ်လောင်းတွေကို စိစစ်မယ့် မြို့မိမြို့ဖတွေကို ရွေးချယ်

ဒီတခါတော့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအောက်က ရွေးကောက်ပွဲ ဝင်မယ့်သူတွေ ကိုစိစစ်မယ့် မြို့မိမြို့ဖရွေးချယ်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, HeinHtet/MPA

ဓာတ်ပုံ ပုံစာ,

အမတ်အဟောင်းအသစ်ကြား ပြဿနာတွေရှိလာနိုင်တယ်လို့ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းတချို့က သုံးသပ်တာတွေရှိ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့အတွက် မြို့နယ်အသီးသီးမှာ မြို့မိမြို့ဖရွေးချယ်ရေးကို ဇွန်လ ၈ ရက်နေ့က အပြီးလုပ်ခဲပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေရဲ့ အတည်ပြုချက်ကို ရယူကြတော့မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ မြို့နယ်အဆင့် မြို့မိမြို့ဖတွေရဲ့ ထောက်ခံချက်တွေကိုလည်း ထည့်သွင်းစဉ်းစားမှာ ဖြစ်ပြီး

ပါတီဗဟိုက ချမှတ်ပေးထားတဲ့ မြို့မိမြို့ဖဆိုင်ရာသက်မှတ်ချက်တွေနဲ့အညီ သက်ဆိုင်ရာမြို့ နယ်တွေက ရွေးချယ်ရမှာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့က မြို့မိမြို့ဖရွေးချယ်ရာမှာတော့ ဒေသခံနဲ့ NLDပါတီ အားပေးနေသူတွေကို ထောက်ခံမှုမရှိတဲ့ မြို့မိမြို့ဖတွေကိုပဲ ရွေးချယ်လို့ ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ ကလေးမြို့၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ဦးဘကြူးက ပြောပါတယ်။

ကလေးမြို့နယ် ပါတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူကို ဖုန်းနဲ့ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့တော့မရသေးပါဘူး။

ကလေးမြို့နယ်မှာ အခုလိုပြဿနာတွေဖြစ်တာတွေရှိပေမယ့်လည်း စစ်ပွဲတွေရှိနေသေးတဲ့ ရခိုင်ပြည်နယ်မှာ ပါတီကို ထောက်ခံအားပေးသူတွေနဲ့ မြို့မိမြို့ဖဖွဲ့စည်းမှုက အဆင်ပြေတယ်လို့ အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ လည်းဖြစ်၊ ရခိုင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လည်းဖြစ်သူ ဦးဝင်းမြင့်ကဘီဘီစီကို ပြောပါ တယ်။

ဘီဘီစီဆက်သွယ်ရရှိတဲ့ တိုင်းနဲ့ ပြည်နယ်အချို့မှာတော့ မြို့မိမြို့ဖရွေးချယ်ရေးကို ပါတီဗဟိုရဲ့ ညွှန်ကြားချက် တွေနဲ့အညီ ရွေးချယ်နိုင်တာတွေလည်းရှိသလို၊ ပါတီအတွင်း ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာပါဝင်လာသူတွေကိုပဲ မြို့မိ မြို့ဖအဖြစ် ရွေးချယ်တာမျိုးတွေလည်းရှိကြလို့ မကျေနပ်ကြသူတွေလည်း ရှိနေကြပါတယ်။

အဲဒီလိုမကျေနပ်ချက်တွေကိုလည်း သက်ဆိုင်ရာ ပါတီပြည်နယ်တိုင်းသာမက ပါတီဌာနချုပ်အထိ တိုင်ကြားဖို့ အတွက် ပြင်ဆင်နေတာမျိုးတွေလည်းရှိနေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

(၃) ဂျော့ချ်ဖလွိုက် သေဆုံးမှု အဓိကတရားခံကို အာမခံကြေး ဒေါ်လာ ၁သန်းကျော် ချမှတ်

အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်-အမေရိကန် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် ကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုမှာ သူ့ကို အာမခံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၂၅ သန်း ပေးဆောင်ရမယ်လို့ တရားသူကြီးတွေက အမိန့်ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANGELA WEISS

ဓာတ်ပုံ ပုံစာ,

Chauvin ကို ကြိုတင်ကြံရွယ်ချက်မပါတဲ့ လူသတ်မှုစွဲချက်နဲ့ ရုံးတင်ထား

Derek Chauvin ဟာ အများပြည်သူကို အမျက်ဒေါသထွက်စေခဲ့တဲ့ စွဲချက်တွေကြောင့် အာမခံကြေးကို ဒီလောက်မြင့်မြင့်သတ်မှတ်ရတာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ကန့်သတ်ချက်တွေ ပါဝင်တဲ့ အာမခံကြေးက ဒေါ်လာ ၁ သန်းဖြစ်ပြီး ကန့်သတ်ချက်တွေ မပါတဲ့ အာမခံကြေးအဖြစ်တော့ ဒေါ်လာ ၁ သန်း ၂ သိန်းခွဲ ချမှတ်ပါတယ်။

ကန့်သတ်ချက်တွေအဖြစ် Chauvin က လက်နက်တွေ အပ်ရမှာဖြစ်သလို၊ ပြည်နယ်က ထွက်မသွားပါဘူးဆိုတဲ့ စတဲ့ သဘောတူညီချက်တွေ ပါပါတယ်။

လောလောဆယ်မှာ Chauvin ကို ကြိုတင်ကြံရွယ်ချက်မပါတဲ့ လူသတ်မှုစွဲချက်နဲ့ ရုံးတင်ထားပြီး ကျန်တဲ့ ဖမ်းဆီးထားတဲ့ ရဲအရာရှိ ၃ ဦးကိုတော့ လူသတ်မှုမှာ အားပေး ကူညီမှု၊ ပါဝင်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

မေလ ၂၅ ရက်နေ့က လက်နက်မဲ့ လူမည်း အမျိုးသား ဂျော့ဖလွိုက်ဟာ ရဲလက်ထဲမှာအသက်ဆုံးရှုံးခဲ့ပါတယ်။

မင်နီယာပိုလစ်မှာ ဖြစ်ပွားတဲ့ အဲဒီအဖြစ်အပျက် ဗွီဒီယိုထဲမှာ လူဖြူရဲအရာရှိကဂျော့ဖလွိုက်ရဲ့ ဇက်ကိုဒူးနဲ့ ၉ မိနစ်နီးပါး နင်းထားတဲ့ ဗွီဒီယိုထွက်ပေါ် လာပြီးတဲ့နောက် အမေရိကန်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။