လိုက်ဖ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှု သန်လျင်မြို့မရဲစခန်း စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လိုက်ဖ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှု သန်လျင်မြို့မရဲစခန်း စစ်ဆေးနေ
လူမှုကွန်ရက်မှာ လိုက်ဖ်ဗီဒီယိုထုတ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှုကို သန်လျင်မြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ တာ၀န်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြရတနာအိမ်ရာမှာ ဇွန်လ ၈ ရက် ညနေပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို သေဆုံးသူဟာ သူကိုယ်တိုင် လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုကို ကနဦးစစ်ဆေးတဲ့အခါ သေဆုံးသူရဲ့ဇနီးဖြစ်သူပြောကြားချက်တွေအရ သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲပြီး အခုလိုပြုလုပ်တာလို့ သိရကြောင်း သန်လျင်မြို့မရဲစခန်းက တာဝန်ကျသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ သေဆုံးသူကို အခု ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဓာတုဗေဒဝန်ရုံးက ပြန်ကြားလာတဲ့ ဆရာဝန် စစ်ချက်ထွက်ရှိလာမှာသာ အတည်ပြုနိုင်မယ်လို့ အထက်ပါအရာရှိက ဆက်ပြောပါတယ်။
လက်ရှိမှာ သူ့ရဲ့ဇနီးဖြစ်သူ ပြောကြားချက်အရသာ မှတ်တမ်းယူထားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
နေအိမ်မှာ သေဆုံးသူနဲ့အတူ ဇနီး၊ သားနဲ့သမီးနဲ့ ယောက္ခမတစ်ဦး စုစုပေါင်း ငါးဦးနေထိုင်တာဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။
သေဆုံးသူဟာ စိတ်ကျန်းမာရေးမကောင်းသူလို့ သတင်းတွေလည်းထွက်ပေါ်နေပြီး သေဆုံးသူရဲ့ ယောက္ခမဖြစ်သူကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ သေဆုံးသူရဲ့ ဆေးမှတ်တမ်းတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။
သေဆုံးသူဟာ စိတ်ကျန်းမာရေးကောင်းမကောင်းဆိုတာက ကနဦးစစ်ဆေးချက်အရ မိသားစုဝင်ဆီက စစ်ချက်ယူထားတာဖြစ်ပြီး အသေးစိတ်ကို ဆေးစစ်ချက်တွေထွက်ရှိလာမှသာ သိနိုင်မယ်လို့ ရဲစခန်းက ဆိုပါတယ်။
သေဆုံးသူဟာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ၉ မိနစ်ခန့်ကြာတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်ပြီး နေအိမ်ထပ်ခိုးအဆင့်ဝရန်တာကနေ မိမိကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားတာဖြစ်ပါတယ်။
အဲဒီလိုမပြုလုပ်ခင် သားနဲ့သမီးဖြစ်သူကိုပါ အနားမှာခေါ်ထားခဲ့သလို မသေဆုံးမီမှာ အားလုံးကို နှုတ်ဆက်ပါတယ် ဆိုပြီး အော်ဟစ်ပြောကြားသွားခဲ့ပါတယ်။
မနေ့က အဲဒီ လိုက်ဖ်ဗီဒီယိုကို သေဆုံးသူရဲ့ အကောင့်ကနေ ဒေါင်းလုတ်ရယူပြီး တစ်ဆင့် ဖော်ပြတာတွေရှိခဲ့တဲ့နောက် လူမှုကွန်ရက်မှာ လူပြောအများဆုံး ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
ခုလို သေကြောင်းကြံစည်တာကို ကလေးငယ်တွေရှေ့ပြုလုပ်ခဲ့တဲ့အပေါ် အဓိက ဝေဖန်ပြောကြားတာတွေရှိခဲ့ပါတယ်။
လက်ရှိမှာတော့ သေဆုံးသူကို သန်လျင်မြို့မရဲစခန်းက သေမှုသေခင်းနဲ့အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
"မိန်းမက ကျွန်တော့်ကို ၁၀ နှစ် မုဒိမ်းကျင့်ခဲ့တယ်"
အိမ်တွင်း လိင်အကြမ်းဖက်ခံ ဘယ်လိုဖြစ်ခဲ့တယ်၊ လွတ်လမ်းဘယ်လို ရှာခဲ့တယ်ဆိုတာကို လူငယ်တစ်ဦးက ပြောပြထားပါတယ်။