စစ်တွေအနီးတိုက်ပွဲ စစ်သည်တစ်ဦး ဒဏ်ရာရ၊ အရပ်သား အဘွားအိုတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်တွေမြောက်ဘက် ၁၀ မိုင်ခန့် အကွာမှာ အမြင့်ကျေးရွာတည်ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

စစ်တွေမြောက်ဘက် ၁၀ မိုင်ခန့် အကွာမှာ အမြင့်ကျေးရွာတည်ရှိ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်စစ်တွေရဲ့ မြောက်ဘက် ၁၀မိုင်ခန့်အကွာမှာရှိတဲ့ အမြင့်ကျွန်းကျေးရွာမှာ ဇွန်လ ၁၀ ရက် မနက်၁ နာရီဝန်းကျင်က ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ တဲ့လက်နက်ကြီးတွေကြောင့် အမြင့်ကျွန်းကျေးရွာက အသက် ၉၃ နှစ်အရွယ် ဒေါ်ဂျောဂျီဟာ နေအိမ်ပေါ်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ သူ့ရဲ့သမီးဖြစ်သူ အသက် (၄၃) နှစ်အရွယ် ဒေါ်မဆန်းရီမှာ နဖူးရှပ်ထိဒဏ်ရာ၊ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မနန္ဒဝင်းမှာ လက်နက်ကြီးကျည်ရှပ်ထိဒဏ်ရာ၊ အသက် ၆၀ အရွယ် ဒေါ်မိုးနုစိန်မှာ နဖူးရှပ်ထိဒဏ်ရာ၊ အသက် ၄၁ နှစ်အရွယ် ဦးမောင်ကလိန်မှာ ဘယ်ဘက်နံရိုးကြား ကျည်ဖောက်ဝင်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဇွန်လ ၁၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ စစ်တွေမြို့ဘက်ကနေ ခုတ်မောင်းလာခဲ့တဲ့ တပ်မတော်ရေယာဉ်သုံးစီးကို အမြင့်ကျွန်းကျေးရွာအနီးမှာရှိတဲ့ မင်းချောင်းတံတားပေါ်ကနေ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ပစ်ခတ်တိုက်ခိုက်မှုတချို့ရှိခဲ့တယ်လို့ အနီး ပတ်ဝန်းကျင် က ကျေးရွာသားတွေက ပြောပါတယ်။

အခုလိုမျိုး တပ်မတော်ရေယာဉ်သွားလာနေတဲ့အချိန်မှာ တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ ပြီးမင်းချောင်းတံတားအနီးရှိ အမြင့်ကျွန်းကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ် ကျည်တွေ ကျရောက်ပေါက်ကွဲပြီး ကျေးရွာသားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

အမြင့်ကျေးရွာအတွင်းလက်နက်ကြီး ကျ

ဇွန် ၁၀ ရက် မနက် ၁ နာရီခန့်က စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ကိုသွားတဲ့ တပ်မတော်စစ်ရေယာဉ်တွေကို အမြင့်ကျွန်းကျေးရွာနားအရောက်မှာ အေအေက လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ရေယာဉ်ပေါ်က စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းနဲ့ ထိတွေ့တိုက်ခိုက်မှု ၁၅ မိနစ်ခန့်ရှိခဲ့တယ်လို့ သူကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ကျေးရွာသားတွေ အိပ်ပျော်နေတဲ့အချိန်ဖြစ်ပြီး ကျေးရွာအနီး ရဲစခန်းဘက်ကနေ တိုက်ပွဲဖြစ်ကြတဲ့ အသံကြားတွေလိုက်ရကာ လက်နက်ကြီးသံတွေထွက်ပေါ်လာခဲ့ပြီး ကျေးရွာအတွင်းကိုလည်း ကျရောက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲက အသက် ၄၃ နှစ်အရွယ် ဦးမောင်ကလိန်မှာ ကျားပိုက်ထောင်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ တံငါတစ်ဦးဖြစ်ပြီး ၎င်းမှာ တိုက်ပွဲမဖြစ်ပွားမီ ပိုက်ထောင်ထားတဲ့မြစ်အတွင်း လှေနဲ့သွားနေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြရာမှာ လှေဝမ်းဗိုက်ထဲ ဝပ်နေချိန် ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

"ကျွန်တော်တို့ အိပ်နေကြပြီ။ရဲစခန်းဘက်ကနေ ပစ်ခတ်သံတွေကြားတယ်။ နောက် လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေပါထွက်လာတော့ မိသားစုကို အိမ်အောက်ဆင်းပြီး ပုန်းခိုင်းတယ်။ ပစ်သံတွေတိတ်သွားမှ ရွာမှာဘယ်သူတွေဘာဖြစ်လဲ မေးကြည့်တော့ အသက် ၉၀ ကျော်အရွယ် အဘွားတစ်ဦး သေတယ်။ နောက်လူတွေလည်း ထိခိုက်ဒဏ်ရာတွေရတယ်လို့ သိရတာပေါ့။"လို့ အမြင့်ကျွန်းကျေးရွာက ဦးဦးမောင်သန်းက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

စစ်တွေ

တပ်မတော်ဘက်ကတော့ အရပ်သားတွေ နေတဲ့ နေရာကို ပစ်ခတ်တာမျိုး မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ရေယာဉ်တွေ မြစ်အတွင်းသွားလာနေတဲ့အချိန် ကျေးရွာတွေအနီးမှာ ပစ်ခတ်မှုတွေရှိသလို ရေယာဉ်သွားလာတဲ့လမ်းကြောင်းတွေအနီး ငါးဖမ်းပိုက်တွေကိုချထားပြီး အနီးကပ်တိုက်ခိုက်တာတွေရှိကြောင်းနဲ့ ဒဏ်ရာရလို့ရှိရင် အရပ်သားတွေဖြစ်တယ်လို့ ပြောဆိုကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း မြစ်ထဲက လှေငါးဖမ်းလှေပေါ်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဦးမောင်ကလိန်ဟာ ဒဏ်ရာနဲ့လှေပေါ်မှာမျောနေတဲ့အချိန် ကျေးရွာသားတွေ သွားရောက်ကယ်ဆယ်ကူညီခဲ့ရပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို ညတွင်းချင်း ပို့ဆောင်ခဲရတယ်လို့ အမြင့်ကျွန်း ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတွေ ရောက်လာခဲ့ပြီး ကျေးရွာကိုဝိုင်းထားကြောင်းနဲ့ ကျေးရွာသားတွေ ရွာမှာ ဆက်မနေရဲကြတော့ဘဲ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေ ဆီက တဆင့်သတင်းရရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်သုံးလုံးဟာ ကျေးရွာအတွင်းမှာ ရှိနေတယ်လို့ ပြော

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အမြင့်ကျွန်းကျေးရွာဟာ စစ်တွေမြို့မြောက်ဘက်မှာတည်ရှိပြီး မြို့တော်စစ်တွေနဲ့ ၁၀ မိုင်ဝန်းကျင်လောက် မှာရှိပါတယ်။

ညကပစ်ခတ်မှုတွေအတွင်း ကျေးရွာအတွင်းကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်တွေထဲက တချို့ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်သုံးလုံးဟာ ကျေးရွာအတွင်းမှာ ရှိနေသေးတယ်လို့ အမြင့်ကျွန်းကျေးရွာသား တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရှိခဲ့သူတွေထဲက ဦးမောင်ကလိန်နဲ့ မနန္ဒာဝင်းတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ပေးထားရပြီး သေဆုံးသူ ဒေါ်ဂျောဂျီရဲ့ ရုပ်အလောင်းကိုတော့ ကျေးရွာသားတွေရဲ့အစီစဉ်နဲ့ အခုနေ့လယ်ပိုင်းက ကျေးရွာသုသာန်မှာ သဂြိုဟ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်နှစ်ခွဲနီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်လာနေသလို တချို့မြို့နယ်တွေမှာ ကျေးရွာတွေမီးရှို့ခံရတာတွေလည်းရှိနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့စစ်ဘေးရှောင် ဦးရေ ၁၅,၆၄၅၆် ဦး၊ သေဆုံးသူ (၂၄၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၆၀) ဦးခန့်ထိ ရှိလာနေပြီဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။