ဘင်္ဂလားဒေ့ရှ်ပြန်ပိုးတွေ့သူလေးဦးရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Ministry of Health and Sport
မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်စဥ်
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဇွန်လ ၁၀ ရက် မောင်တောက ရောဂါပိုးတွေ့သူနှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ပြန်ဝင်လာသူတွေ ဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။
သူတို့ဟာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"ဘင်္ဂလားဒေ့ရှ်ကနေဝင်လာတယ်။ ၄ ရက်နေ့က ဝင်လာတာ။ အဲဒီနှစ်ယောက်ပါပဲ။ ကွာရန်တင်း သွင်းထားတာက အများကြီးပဲ။ ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ ကွာရန်တင်းသွင်းထားတဲ့သူက ၈၉ ယောက်ရှိတယ်။ ဆေးစစ်ဖို့ တို့ဖတ်နမူနာပိုထားတာကတော့ အကုန်လုံးကိုပို့ထားတယ်"လို့လည်း ဦးစိုးအောင်က ပြောပါတယ်။
အခုအခါ မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွေထဲက ရောဂါပိုးတွေ့သူ လေးဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, KAUNG MRAT NAING
မောင်တော ဆေးရုံကို ဇွန်လ ၄ ရက်နေ့က လူနာ ခေါ်လာစဥ်
မောင်တောမှာ ဇွန်လ ၄ ရက်နေ့က ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သူဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မိမိသဘောနဲ့ ပြန်ဝင်လာသူ ဖြစ်ပါတယ်။ အဲဒီလူဟာ အသက် ၃၈ နှစ်အရွယ် မွတ်ဆလင်အမျိုးသားဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောထားပါတယ်။
ဇွန်လ ၈ ရက်မှာ လူနာ အမှတ်၂၄၄ နောက်တစ်ဦးထပ်တိုးခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်ထပ် တိုးလူနာ ၂ ဦးကို လှဖိုးခေါင်စခန်းမှာ အသွားအလာ ကန့်သတ်ပြီး ကွာရန်တင်းဝင်နေစေတယ်လို့လည်း ဦးစိုးအောင်က ဘီဘီစီ ကို ပြောပါတယ်။
အခုအခါမှာ နယ်စပ် ဂိတ်တွေပိတ်ထားတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာပြီး ရောဂါပိုးတွေ့သူတွေဟာ တရားမဝင် ၀င်ရောက်လာသူတွေ ဖြစ်တယ်လို့လည်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Ministry of Healht and Sport
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အခုလို တရားမဝင်ဝင်ရောက် လာသူတွေထဲက ရောဂါပိုးတွေ့ရှိသူတွေ ရှိလာတဲ့နောက်ပိုင်းမှာတော့ အစိုးရက ကိုဗစ်ကာလအတွင်း တရားဝင် လက်ခံရေးစခန်းမရှိတဲ့ စခန်းတွေက ဝင်လာတဲ့ အတွက် ရောဂါ ပြန့်ပွားမှုဖြစ်နိုင်သလို ရောဂါထိန်းချုပ်ရေးကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် ခိုးဝင်လာသူတွေကို လက်ခံထားရင် ဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ပါတယ်။
"အရင်ကတည်းက တားဆီးနေတာပါ။ ကျွန်တော်တို့က ဒီတိုင်းလွှတ်ထားတာမှ မဟုတ်တာ။ ကိုဗစ်မဖြစ်ခင်ကတည်းကလည်း ခိုးဝင်တွေ ရှိတာကိုး။ ကျွန်တော်ဒေသရဲ့ အခက်အခဲက ခြံစည်းရိုးဆိုတာလည်း ဒီတိုင်း ကာလို့မရဘူး။ ပင်လယ်ကြီးနဲ့ ထိတွေ့နေတယ်။ မြစ်နဲ့ထိတွေ့နေတယ်ဆိုတော့ မြစ်ပေါက်ဝတွေ အများကြီးပဲ ခြံစည်းရိုးလုပ်လို့မရတဲ့ဟာတွေ အများကြီးရှိတယ်။ ခိုးဝင်တာကလည်း လူမသိအောင် ခိုးဝင်နေကြတာ ရှိတယ်"လို့လည်း ဦးစိုးအောင်က ပြောပါတယ်။
မောင်တောဆေးရုံမှာ လူနာတွေထားဖို့ လောလောဆယ် အခက်အခဲ မရှိကြောင်းနဲ့ ဆေးရုံ နှစ်ထပ်ဆောင် ဆောက်လက်စမှာ ရောဂါပိုးတွေသူတွေကို သီးသန့်ခွဲထားကြောင်းလည်း ဦးစိုးအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၁၀ ရက် အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၄၈ ဦးရှိပြီး အဲဒီလူနာတွေအနက် ၁၄၈ ဦး ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။