ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက် ရဲကင်း စခန်းတိုက်ခိုက်ခံရ

အငူမော်-မောင်တော အဝေးပြေးကားလမ်းမ တလျှောက်မှာ နယ်ခြားစောင့် ရဲကင်းစခန်းတွေ အများအပြား ချထား တာရှိ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

အငူမော်-မောင်တော အဝေးပြေးကားလမ်းမ တလျှောက်မှာ နယ်ခြားစောင့် ရဲကင်းစခန်းတွေ အများအပြား ချထားတာရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ထဲမှာ ရှိတဲ့ ဒုံးပိုက်ကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၅ နာရီကျော်အချိန်ခန့်က တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

နယ်ခြားစောင့်ရဲကင်းစခန်းဟာ ဇွန်လ ၁၃ ရက် (စနေနေ့) မနက်ပိုင်း ၅ နာရီ ၁၃ မိနစ်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာ ဖြစ်ပြီ မိနစ် ၄၀ ခန့်အကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရဲတပ်ဖွဲ့ဘက်က အကျအဆုံးတွေ ရှိပြီး ဖမ်းဆီး ခံရမှု တချို့လည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပေမယ့် ဒါကို ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်ခံရမှု အကြောင်း ဘီဘီစီက တပ်မတော် ဘက်ကို မေးမြန်းရာမှာတော့ အေအေ လက်နက်ကိုင် တပ်ဖွဲ့က စခန်းကို လာရောက် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ဖြေကြားပြီး အကျအဆုံး မရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲက ၁၀ မိနစ်၊ ၁၅ မိနစ် လောက် ပဲ ကြာပြီး အေအေ အဖွဲ့က အရှေ့ဘက်ကို ဆုတ်ခွာ သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းမှာ ပြန်လည် ဖြေကြားထားပါတယ်။

ဒုံးပိုက်ကျေးရွာဟာ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပြီး အငူမော်-မောင်တော အဝေးပြေးကားလမ်းမ နံဘေးမှာ တည်ရှိကာ ရဲကင်းစခန်းဟာ ကျေးရွာနဲ့မနီးမဝေးမှာရှိနေတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မနက်ပိုင်းက အဲ့ဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး တိုက်ခိုက်ခံလိုက်ရတဲ့အချိန်ဟာ ရွာသားတွေအိပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့် သေနတ်ပစ်ခတ်သံတွေကိုကြားမှ တိုက်ပွဲဖြစ်ပွားနေတာကို သိရပြီး ဘယ်အဖွဲ့အစည်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို ပြောဖို့ခက်ခဲတယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

အခုအချိန်ဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြပြီ ဖြစ်တဲ့အတွက် မနက်ပိုင်းစောစော ရဲကင်းစခန်းတိုက်ခိုက်ခံလိုက်ရတဲ့ အချိန်မှာ လယ်သမားတွေ လယ်ထဲဆင်းသူဆင်းနေကြပြီဖြစ်ပြီး သေနတ်ပစ်ခတ်သံတွေကြားရတဲ့အတွက် ထွက်ပြေးလာခဲ့ ကြရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

"မနက်ပိုင်း ၅ နာရီ ၁၃ မိနစ်လောက်မှာ စဖြစ်တယ်၊ ၆ နာရီလောက်မှာတော့ ပြီးသွားတယ်ဗျ။ ကျွန်တော်တို့လည်း အိပ်နေကြတဲ့အချိန်ဆိုတော့ ပစ်ခတ်သံတွေကြားမှပဲ ဝင်တိုက်တယ်ဆိုတာ သိလိုက်ရတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ကြတဲ့အသံတွေတော့ကြားလိုက်ပါတယ်။ အထိခိုက်ရှိမရှိတော့ မသိရသေးဘူး" လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

မောင်တော အငူမော် ကားလမ်းပိုင်း

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒုံးပိုက်ကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်သာရှိပြီး ကျေးရွာအနီးမှာရှိတဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံလိုက်ရတာကြောင့် လက်ရှိမှာ ကျေးရွာသားတချို့ကတော့ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတာတွေလည်းရှိနေ တယ်လို့ သိရပါတယ်။

ရဲကင်းစခန်း တိုက်ခိုက်ခံလိုက်ရတာနဲ့ ပတ်သက်လို့တော့ မနက်ပိုင်းအထိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေလည်းမရှိသေးသလို အဲ့ဒီနယ်မြေအတွင်းမှာ လုံခြုံးရေးဆောင်ရွက်တာတွေကိုလည်း မတွေ့ရသေး ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန် ၁၃ မနက်ပိုင်း အခြေအနေကို ပြောပါတယ်။

ကျေးရွာသားတွေ ကြောက်ရွံ့ပြီးထွက်ပြေးနေကြပေမယ့် မောင်တာ-အငူမော်ကားလမ်းကိုတော့ ပိတ်ထားတာမရှိဘဲ ကားတွေအသွားအလာရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖြစ်တာကတော့မနက်ပိုင်းဖြစ်တယ်၊ ဝင်သိမ်းတာမျိုးတော့မဟုတ်ဘူး ပစ်ခတ်ခဲ့တာပဲထင်တယ်။၊ ရွာသားတွေကတော့ ထွက်ပြေးသွားကြပြီ၊ လမ်းမှာတော့ ကားတွေအသွားအလာရှိနေတယ်၊ မောင်တောဘက်က ကားတွေလာနေတာကို တွေ့ရတယ်၊ လူနာတင်ကားတွေလည်းတွေ့ရပါတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်း ၂ နာရီခန့် ကလည်း ရသေ့တောင်မြို့နယ် မြောက်ပိုင်း သဇင်မြိုင်ရဲ့ကင်းစခန်းကို အေအေဘက်ကနေ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပြီး ရဲ တပ်ဖွဲဝင် ၆ ဦးနဲ့ မိသားစုဝင်တချို့ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပြီး မိသားစုဝင်တွေကိုတော့ ဖြစ်စဉ် ဖြစ်ပွားတဲ့ နေ့ညနေပိုင်းကတည်းက အေအေဘက်က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ၊ ကျောက်တောင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရဖူးပြီး မတ်လ ၉ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုပ်စခန်း၊ ဧပြီ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့မှာရှိတဲ့ ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်းက ညောင်ချောင်းနယ်မြေ ရဲကင်းစခန်းတို့ အခုလိုမျိုး ဝင်ရောက်တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

ရဲကင်းစခန်းတွေဟာ တရားဥပဒေ စိုးမိုးရေး အတွက် အသုံးပြု နိုင်မယ့် လက်နက် နဲ့ အင်အားသာ ရှိပြီး စစ်ရေး လုပ်ဆောင်ခြင်း မရှိတာကို အေအေအဖွဲ့ အခွင့် ကောင်းယူပြီး အခုလို တိုက်ခိုက်နေတာလို့ တပ်မတော်ဘက်က စွပ်စွဲ ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော် အေအေ ဘက်ကတော့ ရဲကင်းစခန်းတွေမှာ တပ်မတော်ဘက်က စစ်ရေး လှုပ်ရှားမှုတွေ ရှိလို့ တိုက်ခိုက်တာလို့ အရင်အကြိမ် တိုက်ခိုက်မှုတွေတုန်းက ကြေညာထားပါတယ်။

ဗီဒီယို ပုံစာ,

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ