ကျောက်တော်မှာ ရဲအရာရှိတစ်ဦး အသတ်ခံရ

ကျောက်တော်မြို့အဝင် ဆိုင်းဘုတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းက ရဲအရာရှိ တစ်ဦး ဇွန်လ ၁၃ ရက် စနေနေ့ မွန်းလွဲ ၃ နာရီခွဲကျော်မှာ သူ့နေအိမ်အနီးမှာ အသတ်ခံခဲ့ရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီရဲအရာရှိဟာ ရဲစခန်းကနေ မြို့သစ်ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို အပြန် နေအိမ်အနီးမှာ အမည်မသိ အမျိုးသား ၆ ဦးခန့်က ဓား၊ စကေဘာတွေနဲ့ ဝိုင်းဝန်းထိုးနှက်ခဲ့လို့ ဆေးရုံပို့ကုသစဥ်မှာ သေဆုံးခဲ့တာလို့ ဖော်ပြပါတယ်။

ကျောက်တော်မြို့ပေါ် သာသနာ့ဗိမာန်ရှေ့မှာ ဒီနေ့ ညနေ ၃ နာရီကျော်က ရဲအုပ်တစ်ဦး ဓားထို့းခံရပြီးသေဆုံးသွားတယ်လို့ မြို့မစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကလည်း အတည်ပြု ပါတယ်။

အဲဒီရဲအရာရှိဟာ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေစဥ် ဇနီးဖြစ်သူက ကလေးနေမကောင်းကြောင်း ဖုန်းဆက်အကြောင်းကြားလို့ အိမ်ပြန်လာစဥ်မှာ အခုလို အသတ်ခံရတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို အေအေတပ်ဖွဲ့က အရပ်သားအသွင်ဆောင်တိုက်ခိုက်ခဲ့တာလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်မှာ ပုဏ္ဏားကျွန်းမြို့ နယ်မြေခံတပ်က တပ်မတော် အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးကို ဓား၊ သံတုတ်တွေနဲ့ ရိုက်ပုတ်ထိုးနှက်ပြီး စစ်သည်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဥ်ကိုလည်း အေအေအဖွဲ့က လုပ်ဆောင်တယ်လို့ ပြောဆိုထားပါတယ်။

ဒီဖြစ်စဥ်အကြောင်းရော တပ်ဘက်က စွပ်စွဲချက်တွေကိုပါ အေအေဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

ကျောက်တော်မှာ တိုက်ခိုက်ခံရလို့ သေဆုံးသူ ရဲအရာရှိဟာ အသက် ၅၀ နှစ် ဝန်းကျင်အရွယ်ရှိပြီး လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ဦး ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

အခုနောက်ပိုင်းမှာ အဲဒီလို အခင်းဖြစ်စဥ်တွေကို သွားကြည့်တဲ့အခါ သွားရောက်စုံစမ်းကြည့်ရှုသူတွေအတွက် အန္တရာယ်ရှိတတ်လို့ ဒေသခံတွေက မသွားကြတဲ့အတွက် လူသတ်မှု ဖြစ်စဥ်ကို အသေးစိတ်ကိုတော့ မသိရှိရဘူးလို့ ဦးမောင်သန်းစိန်က ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦး ကျောက်တော် စက်လှေဆိပ်မှာ ဓားထိုးခံရမှု ဖြစ်ပွားခဲ့ပြီး ကျောက်တော်မြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားတဲ့ မြို့နယ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။