အန်အယ်လ်ဒီကို တင်တဲ့ အမတ်လောင်းတွေထဲ မြို့မိမြို့ဖတွေရဲ့ သားသမီးတချို့ပါတဲ့အပေါ် အငြင်းပွားတာတွေရှိ၊ကြံ့ခိုင်ရေးပါတီက ဘယ်သူတွေဝင်ပြိုင်ကြမလဲ၊ ထိုင်းမှာ ညမထွက်ရအမိန့် ရုပ်သိမ်း

ရွေးကောက်ပွဲဝင်ပြိုင်လိုတဲ့ လက်ရှိကိုယ်စားလှယ်တွေဟာလည်း လျှောက်လွှာပြန်တင်ရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, HeinHtet

ဓာတ်ပုံ ပုံစာ,

ရွေးကောက်ပွဲဝင်ပြိုင်လိုတဲ့ လက်ရှိကိုယ်စားလှယ်တွေဟာလည်း လျှောက်လွှာပြန်တင်ရမှာပါ။

(၁) အန်အယ်လ်ဒီကို တင်တဲ့ အမတ်လောင်းတွေထဲ မြို့မိမြို့ဖတွေရဲ့ သားသမီးတချို့ပါတဲ့အပေါ် အငြင်းပွားတာတွေရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေကို သက်ဆိုင်ရာမြို့မိမြို့ဖ တွေဖွဲ့စည်းပြီး ရွေးချယ်ရာမှာ ဒေသတချို့မှာ အငြင်းပွားမှုတွေရှိနေပါတယ်။

လှည်းကူးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အဆိုပြုတဲ့စာရင်းမှာ မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူတွေရဲ့ သားသမီးတွေပါဝင်နေလို့ ပါတီအတွင်းမှာပဲ ပြန်လည်ဝေဖန်ခံရမှုတွေရှိနေပါတယ်။

မြို့မိမြို့ဖရဲ့ သားသမီးတွေက ကိုယ်စားလှယ်လောင်းအဆိုပြုစာရင်းကို လျှောက်ထား ခွင့်ပြုတာမို့ နောက်ဆုံး မဲခွဲဆုံးဖြတ်တဲ့အခါ မြို့မိ မြို့ဖရဲ့ သားသမီးတွေကသာ မဲပိုရရှိပြီး ရွေးချယ်ခံရဖို့ အခွင့်အရေး ပိုရနေတယ်လို့ လှည်းကူးမြို့နယ်အတွင်း ဝင်ရောက်ကြဖို့ ပြင်ဆင်နေသူအချို့နဲ့ ပါတီဝင်တွေထံကသိရပါတယ်။

မြို့မိမြို့ဖတွေ့ရဲ့ သားသမီးတွေကိုပါ အမတ်လောင်းအဖြစ်ဝင်ရောက် စာရင်းပေးတဲ့အပေါ် NLD ကို အမြဲထောက် ခံအားပေးခဲ့သူလည်းဖြစ်၊ ၂၀၁၅ ပါတီအောင်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ပေးခဲ့ ဘူးသူ လည်းဖြစ်တဲ့ လှည်းကူးဒေသခံ ကိုညိုထွန်းက

"မြို့မိမြို့ဖတွေက သူတို့သားသမီး ရွေးချယ်မယ့်နေရာမှာ တကယ်လို့ ရွေးချယ်မယ်ဆိုရင် မြို့မိမြို့ဖ မခံယူသင့်ဘူးပေါ့ဗျာ။ မလုပ်သင့်ဘူး။ တကယ်လို့လုပ်မယ်ဆိုရင် သူတို့သားသမီးတွေကို ရွေးမယ်ဆိုရင် ဒါတွေက ပြောစမှတ်တွေဖြစ်သွားမယ်။ သူများပြောစမှတ်တွေဖြစ်သွားမယ်။ တစ်နေရာနဲ့တစ်နေရာတော့မသိဘူးပေါ့ဗျာ။ ကျွန်တော်တို့ဆီက အနေအထားကတော့ အဲဒီလိုရှိတယ်" လို့ ဆိုပါတယ်။

အမတ်လောင်းတွေရွေးချယ်ရာမှာ မသမာမှုတွေမရှိအောင် ထိန်းကျောင်းတဲ့အနေနဲ့ စိစစ်ရွေးချယ်သွား မှာလို့ NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

"ဒါကတော့ ကျွန်တော်တို့မြို့မိမြို့ဖရွေးတဲ့နေရာမှာ မြို့နယ်အလုပ်အမှုဆောင်ရဲ့ ဆင်ခြင်တုံတရားပေါ်အဓိကမူတည်တယ်။ အဲဒီမှာ ချွတ်ချော်သွားခဲ့ရင် ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ ပြန်ပြီးထိန်းမတ်လို့ရပါတယ်။ နောက်ပြီး ကိုယ်စားလှယ်လောင်းကို တိုင်းနဲ့ ပြည်နယ်၊ ဗဟိုအဆင့်ကနေပြီးတော့ သုတေသန မှတ်တမ်းတွေအရ၊ နောက် ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးမှတ်တမ်းတွေအရ နောက် ဒီအချက်တွေကို ပြန်လည်စိစစ်ပြီးမှ မှန်ကန်အောင် ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်" လို့ ဦးမျိုးညွန့်က ပြောပါတယ်။

မြို့နယ်ကရွေးချယ်ထားတဲ့အမတ်လောင်းစာရင်းတွေကို တိုင်းနဲ့ ပြည်နယ် တွေကို ဒီကနေ့ ဇွန် ၁၅ ရက်မှာ တင်ပြရမှာဖြစ်ပြီး ဇွန်လကုန်မှာ ပါတီဗဟိုက ဆုံးဖြတ်ထုတ်ပြန်မှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကို သက်ဆိုင်ရာ မြို့နယ်တွေ ကနေ စတင်ရွေးချယ်နေတာလည်းဖြစ်ပါတယ်။

အဲဒီလိုရွေးချယ်ရာမှာ သတ်မှတ်ထားတဲ့ အရည်အချင်းချင်းတူနေရင် တိုင်းရင်းသား၊ လူငယ်နဲ့အမျိုးသမီးတွေကို ပိုဦးစားပေးရွေးချယ်ဖို့ ပါတီက ညွှန်ကြားထားပါတယ်။

(၂) ကြံ့ခိုင်ရေးပါတီက ဘယ်သူတွေဝင်ပြိုင်ကြမလဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကြံခိုင်းရေးပါတီအနေနဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရေက်ယှဉ်ပြိုင်ဖို့ပါတီကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေပြီလို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာကြံခိုင်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ လက်ရှိပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်မှာဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။

ဦးသန်းဌေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦလှမိုးအောင်ဟာလည်း မြန်အောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်တဲ့အတွက် ဦးသန်းဌေးအနေနဲ့မြန်အောင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

အခုလိုပါတီ ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ခံမှာဖြစ်သလို ကိုယ်စားလှယ်လောင်းတွေထဲမှာလည်း အရင်အစိုးရလက်ထက်က ဝန်ကြီးတွေနဲ့ တပ်မတော်အရာရှိဟောင်းတွေ ပြန်ပါလာနိုင်လို့မေးတဲ့အခါမှာတော့ ဒေါက်တာနန္ဒာ လှမြင့်က

"ဝန်ကြီးအငြိမ်းစားတွေ၊ တပ်မတော်သားအရာရှိအငြိမ်းစားတွေဆိုတာက သက်ဆိုင်ရာနယ်မြေဒေသကအရင်စပြီး အရွေးချယ်ခံရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတိုင်းဟာ သက်ဆိုင်ရာမြို့နယ်ဒေသမှာ စပြီးတော့ အရွေးခံရမှာဖြစ်တဲ့အတွက် အဲဒီဒေသက ဝန်ကြီးဟောင်းပဲဖြစ်ဖြစ်၊ တပ်မတော်သားအငြိမ်းစားပဲဖြစ်ဖြစ် ဆရာဝန်ပဲဖြစ်ဖြစ် အင်ဂျင်နီယာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို သူတို့တင်ပြလာတဲ့အပေါ်မှာမူတည်ပြီး စဉ်းစားဆုံးဖြတ်တာဖြစ်တဲ့အတွက် စိစစ်အတည်ပြုပြီးလို့ ကြေညာတဲ့အချိန်ကျတော့မှာပဲ ဘယ်လောက်ပါတယ်မပါဘူးဆိုတာ ကျွန်တော်တို့အတိအကျ ပြောလို့ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေမှာတော့ တပ်မတော်က ဗိုလ်ချုပ်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးနဲ့ဗိုလ်ချုပ်ေတွေထဲက အချို့ဟာအငြိမ်းစားယူပြီးကြံခိုင်ရေးပါတီကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

သူတို့အများစုဟာ ရွေးကောက်ပွဲကျင်းပဖို့၃ လလောက်အလိုမှသာတပ်မတော်က အငြိမ်းစားယူပြီး ကြံခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်တုန်းကတော့ ပါဥက္ကဋ္ဌ တာဝန်ယူနေတဲ့ သူရဦးရွှေမန်းနဲ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကြားသဘောထားကွဲလွဲမူ့တွေရှိပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ဟာ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

(၃)ထိုင်းမှာ ညမထွက်ရအမိန့် ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဒီကနေ့ ဇွန် ၁၅ ရက်မှာ စတင်ရုပ်သိမ်းမှာဖြစ်ပါတယ်။

တချို့ကန့်သတ်ချက်တွေကိုလည်းဖြေလျှော့ပေးမှာဖြစ်ပါတယ်။

ဒါပေမဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ခပ်ခွာခွာ နေရေးအစီအစဉ်ကိုတော့ တင်းတင်းကျပ်ကျပ်လိုက်နာဖို့လိုပါတယ်လို့ ထိုင်းကိုဗစ်ကော်မတီပြောခွင့်ရသူကပြောပါတယ်။

ပြည်ပကလာတဲ့ခရီးသွားတွေကိုလည်း ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေပြီး ရက်အတိအကျတော့မသတ်မှတ်ရသေးပါဘူး။

ကျောင်းသားအယောက် ၁၂၀ အောက်ရှိတဲ့ကျောင်းတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ပြပွဲခန်းမ၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ဂီတဖျော်ဖြေပွဲ၊ ကစားကွင်း၊ အပန်းဖြေဥယျာဉ်တွေ၊ ပရိသတ်မပါတဲ့အားကစားကွင်းတွေနဲ့ စားသောက်ဆိုင်မှာ အရက်ရောင်းချခွင့်တွေကိုပါ ပြန်ဖွင့်ခွင့်နဲ့ လုပ်ကိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာသေဆုံးသူ ၅၈ ဦးနဲ့ ကူးစက်ခံရသူပေါင်း သုံးထောင်ကျော်ရှိပါတယ်။ ပြည်တွင်းကူးစက်သူမတွေ့ရတာတော့ ရက် ၂၀ နီးပါးရှိပြီဖြစ်ပါတယ်။

(၄) ဘောလိဝုဒ်မင်းသား ဆူရှန် မိမိကိုယ်ကိုယ်အဆုံးစီရင်တယ်လို့ ရဲကပြော

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့တစ်ပတ်က သူ့ရဲ့ အရင်မန်နေဂျာဟောင်း ဒီရှားဆင်းဟာလည်း တိုက်ပေါ်က ခုန်ချပြီးသတ်သေခဲ့ပါတယ်။

ဘောလိဝုဒ်က နာမည်ကျော်မင်းသား ဆူရှန်ဆင်းရာဂျ်ပွတ်ဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်တယ်လို့ မွမ်းဘိုင်းရဲတွေက ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ဆူရှန်ဟာ ဘောလိဝုဒ်မှာ အောင်မြင်တဲ့ တီဗီစီးရီးနဲ့ ရုပ်ရှင်တွေရိုက်ကူးထားသူဖြစ်ပြီး PK ရုပ်ရှင်ကား၊ Parvita Rishta စတဲ့ စီးရီးတွေက နာမည်ကြီးပါတယ်။

ခုလို သူရုတ်တရတ် သေဆုံးသွားတဲ့အပေါ် ဘောလိဝုဒ်စူပါစတားတွေ၊ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာရေးသားခဲ့သလို အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကလည်း ဒီသတင်းအတွက် ထိတ်လန့်အံ့သြရကြောင်းနဲ့ မိသားစု၊ ပရိသတ်တွေနဲ့ထပ်တူဝမ်းနည်းရတယ်လို့ တွစ်တာမှာရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က သူ့ရဲ့ အရင်မန်နေဂျာဟောင်း ဒီရှားဆင်းဟာလည်း တိုက်ပေါ်က ခုန်ချပြီးသတ်သေခဲ့ပါတယ်။ ဒီသေဆုံးမှုအတွက် ဆူရှန်ဟာ အလွန်ဆိုးရွားတဲ့သတင်းဖြစ်ကြောင်းနဲ့ မိသားစုနဲ့ အတူ ဝမ်းနည်းရကြောင်း အင်တာဂရမ်မှာရေးခဲ့ပါသေးတယ်။

ဘောလိဝုဒ်မှာ ဧပြီလတုန်းက ဘောလိဝုဒ်ရဲ့နာမည်ကျော်မင်းသားတွေဖြစ်တဲ့ အီဖန်ခန်းနဲ့ ရစ်ချီကပူးရ်တို့လည်း သေဆုံးခဲ့ပါတယ်။