မြန်မာ့စီးပွားရေး နာလန်ထူဖို့ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ ဘီလီယံကျော်ရရှိ

ပြည်ပက ပြန်လာသူတွေရဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်အသုံးချဖို့စီစဉ်နေတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Aung San Suu Kyi

ဓာတ်ပုံ ပုံစာ,

ပြည်ပက ပြန်လာသူတွေရဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်အသုံးချဖို့စီစဉ်နေတယ်လို့ ဆို

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို တတိယလေးလပတ်မှာအများဆုံးရင်ဆိုင်ရဖို့ရှိပြီး အဲဒီ အတွက် အစိုးရက ပြင်ဆင်ထားတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ကြာင့် ဖြစ်ပေါ်လာတဲ့စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးအတွက် ဝန်ကြီး ဦးသောင်းထွန်း၊ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့နဲ့ ဇွန်လ ၁၆ ရက်က ပြုလုပ်တဲ့ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ဆွေးနွေးခန်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ပထမလေးလလောက်ဟာ သိပ်ပြီးထိခိုက်မှုမရှိဘူးပေမယ့် အဲဒီပထမ လေးလပတ်က အကျိုးဆက်တွေကို ဒုတိယလေးလပတ်ထဲမှာ နည်းနည်း သိသာလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါကြောင့် နောက်လာမယ့် တတိယလေးလပတ်မှာတော့ သက်ရောက်မှုအများဆုံးဖြစ်နိုင်ပြီး အဲဒီအတွက် လည်း အစိုးရက ပြင်ဆင်ထားတယလို့ ပြည်သူကိုအသိပေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပြင်ဆင်ထားတယ်ဆိုတဲ့အသေးစိတ်ကိုတော့ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် နောက်ထပ် ရင်ဆိုင်စရာတွေရှိသေးပြီး စိုးရိမ်စရာ၊ ကြောက်စရာမဟုတ်ဘဲ ပြည်သူတွေ ရှင်သန်ရေးနဲ့ လုံခြုံရေးအတွက် စဉ်းစားထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရဲ့ကောင်းကျိုးအနေနဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ အဆင်မပြေတဲ့ ညွှန်ကြားချက် လုပ်ထုံး လုပ်နည်းတွေကို မြန်မြန်ပြောင်းဖို့ စဉ်းစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့အချိန်တည်းက မြန်မာမှာ ဒီနှစ် ဇန်နဝါရီလကစလို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအစီအမံတွေ စခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလဆန်းကစလို့လေဆိပ်နဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ အပူချိန်တိုင်းစက်တွေနဲ့ ခရီးသွားတွေကို စိစစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာကို မတ်လ ၂၃ ရက်မှာစတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင် မတ် ၁၃ ရက်တည်းက လူစုလူဝေးနဲ့ပွဲလမ်းသဘင်အခမ်းအနားတွေ မပြုလုပ်ဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအပါအဝင် ကဏ္ဍမျိုးစုံမှာ ရောဂါထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့ရတာရှိသလို ကိုဗစ်ကြောင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် မြန်မာနိုင်ငံသားအများအပြား ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အဲဒီကာလတုန်းက အခြေအနေတွေကို နောက်လာမယ့် တတိယလေးလပတ်ကာလတွေမှာ ပိုပြီး ရင်ဆိုင်သွားရဖို့ရှိနေတာဖြစ်တယ်ဆိုတဲ့သဘော ဒေါ်အောင်ဆန်းစုကြည်ကပြောသွားတာဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်ရဲ့ သက်ရောက်မှုတွေကို သိသိသာသာရင်ဆိုင်ရဖို့ရှိတဲ့အခြေအနေဖြစ်ပါတယ်။

ပြည်တော်ပြန်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း

ကိုဗစ်ကြောင့် ပြည်တော်ပြန်လာရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကျွမ်းကျင်မှုတွေကိုလည်း နိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ဖို့ စီစဉ်နေတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

အဲဒီလို စီစဉ်တဲ့အနေရာမှာ အစိုးရဌာနဆိုင်ရာတော်တော်များများ ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ပြန်လာသူတွေထဲမှာ တချို့က လုပ်ငန်းအဆင်ပြေတဲ့အခါ ပြန်သွားချင်တဲ့သူတွေရှိသလို မပြန်တော့ဘဲ မြန်မာနိုင်ငံမှာပဲ ဆက်နေချင်တဲ့သူတွေရှိတာကိုလည်း သိထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့မှာ ဘယ်လိုကျွမ်းကျင်မှုတွေရှိတယ်ဆိုတာနဲ့ စားဝတ်နေရေးအရ ပံ့ပိုးပေးနိုင်မယ့် အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမယ့် အခြေအနေတွေကို ကဏ္ဍအသီးသီးနဲ့ ညှိယူပြီး စဉ်းစားနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနဲ့ တရုတ်လို့ မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နယ်စပ် ဝင်ပေါက်တွေ ကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား သောင်းနဲ့ချီ ရှိနေသလို လေကြောင်းက တစ်ဆင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေလည်းရှိနေပါတယ်။

အစိုးရကို UMFCCI ဘာတွေ အကြံပြုလဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကိုဗစ်ကြောင့် မြန်မာနိုင်ငံမှာ ကျန်းမာရေးအရ လူ့အသက်ဆုံးရှုံးမှုမများပေမယ့် စီးပွားရေးအရ နစ်နာထိခိုက်မှုရှိနေတယ်လို့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြခဲ့ပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများထိခိုက်မှုအတွက် အစိုးရက မတ်လအတွင်းမှာ ထိခိုက်မှုရှိတဲ့ လုပ်ငန်းတွေအတွက် ကျပ် ၁၀၀ ဘီလျံထုတ်ချေးပေးတာ အထိုက်အလျောက်အကျိုးရှိတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေးကုစားမှုအစီအစဉ်ကနေ ကျပ် ၂၀၀ ဘီလျံကနေ ၅၀၀ ဘီလျံထိ တိုးပြီး ထုတ်ချေးပေးဖို့ကိုလည်း အမြန်ဆုံးလုပ်ပေးဖို့ သူက တိုက်တွန်းပါတယ်။

ကိုဗစ်နဲ့ ကိုဗစ်အလွန်ကာလအတွက် လုပ်ဆောင်ရမယ့်အချက်တွေကိုလည်း ဦးဇော်မင်းဝင်းက အခုလိုအကြံပြုပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်တွေပုံမှန်လည်ပတ်ဖို့နဲ့ အလုပ်အကိုင်တွေဖော်ဆောင်ဖို့၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးပြုတဲ့စီမံကိန်းတွေအကောင် အထည်ဖော်ရာမှာ လိုအပ်တဲ့ချေးငွေတွေကို အာမခံပေးဖို့၊ ကာလလတ်နဲ့ ကာလရှည်စီးပွားရေးအစီအမံတွေမှာ ပုဂ္ဂလိကကဏ္ဍအကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပို့ကုန်တိုးမြှင့်ရေးကိုအားပေးဖို့ ပို့ကုန်တိုးမြှင့်ရေးအဖွဲ့ကို အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဖွဲ့စည်းဖို့၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ဖို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးမြှင့်တင်ဖို့၊ မျှတတဲ့ယှဉ်ပြိုင်မှုဝန်းကျင်ကို ဖန်တီးပေးဖို့နဲ့ စီးပွားရေးစီမံကိန်းအတွက် အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍ အမြဲထိတွေ့တဲ့အစီအစဉ်ထားရှိရေးအတွက် Public private Partnership ပုံစံ ဆွေးနွေးမှုတွေများ များလုပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေဖြစ်ပါတယ်။

ကိုဗစ်အလွန် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအလားအလာ

ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့နိုင်ငံရဲ့စီးပွားရေး ပြန်လည်ထူထောင်ဖို့ ငွေကြေးပမာဏလိုအပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေထံက ချေးငွေတွေရရှိထား တယ်လို့ ဝန်ကြီး ဦးသောင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung San Suu Kyi

ဓာတ်ပုံ ပုံစာ,

အခုနှစ် မေလထိ ရှစ်လတာအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄.၃၉ ဘီလီယံ ခွင့်ပြုပေးခဲ့

အဲဒီအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့IMF က အမေရိကန်ဒေါ်လာသန်း ၇၀၀၊ ဂျပန်က အမေရိကန်ဒေါ်လာ သန်း၂၇၀၊ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀ စုစုပေါင်း ကန်ဒေါ်လာ ၁.၂၅ ဘီလျံ ရရှိထားပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ပိုမို ဝင်ရောက်လာဖို့အရေးကြီးတာကြောင့် တာဝန်ယူမှုရှိ၊ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့လိုတယ်လို့ ဦးသောင်းထွန်းကပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးနိုင်တဲ့ စက်မှုဇုန်တွေတည်ထောင်ဖို့ ထိုင်းနဲ့ ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့တယ်လို့ ဦးသောင်းထွန်းကပြောပါတယ်။

စင်ကာပူကလည်း အလာတူတင်ပြလာတာရှိပြီး ဒါကို စိစစ်ခွင့်ပြုဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် အရင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁၅ ဘီလီယံ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် မေလထိ ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၄.၃၉ ဘီလီယံ ခွင့်ပြုပေးခဲ့ဖြစ်တာကြောင့်ကိုဗစ်ကာလအလွန်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ်စီးဝင်လာမယ်လို့မျှော်လင့်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။