အိန္ဒိယပြန် ၁၀၀ကျော်အတွက် ချင်းပြည်နယ် ကျီခါးမှာ ကွာရန်တင်း ထားဖို့ပြင်နေ

ကွာရန်တင်း ထားဖို့ပြင်နေတဲ့ခန်းမ

ဓာတ်ပုံ ရင်းမြစ်, IPRD Cikha

ဓာတ်ပုံ ပုံစာ,

ကွာရန်တင်း ထားဖို့ပြင်နေတဲ့ခန်းမ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ရောက်ပြီး ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ပြန်ဝင် လာရင် လက်ခံထားဖို့ အတွက် ချင်းပြည်နယ် ကျီခါးမြို့ မှာ ကွာရင်တင်းဝင်နိုင်ဖို့နေရာ ပြင်ဆင်နေတယ်လို့ ကျီခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ ပိတ်မိနေ သူတွေဟာ အခက်အခဲ ကြုံတွေ့နေရပြီး နှစ်နိုင်ငံအစိုးရညှိနှိုင်းကာ ပြန်လာခေါ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

" ဟိုဘက်မယ် ရောက်နေသူတွေက ကျွန်တော့်ကို ဆက်သွယ်လာတာပါ။ သူတို့က တရားမဝင်ရောက်နေတာဆိုတော့ ဒီဘက် အစိုးရက လက်ခံမယ် ဆိုရင်ဟိုဘက်ကလည်း ပြန်ပို့ပေးမယ် ပြောတယ်။ သူတို့က ဒီတိုင်း ဝင်မလာရဲဘူး၊ တမူးနယ်စပ်ကနေ ဝင်လာတဲ့ ၆ ယောက်ကို တမူးဆေးရုံမှာ ထားပြီး အခု တရားမဝင်ခိုးဝင်မှုနဲ့ တရားစွဲမယ် ဆိုတဲ့ သတင်းတွေရှိတော့ သူတို့လည်း ကြောက်နေကြတာ" စစ်ကိုင်းတိုင်းဒေသကြီး စေတုတ္ထရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) က ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ပြန်ခေါ်မယ် ဆိုရင်တော့ အစိုးရရဲ့ တာဝန်ရှိသူတွေ နဲ့ညှိနှိုင်းပြီးပြန်ခေါ်ရမှာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ စစ်ကိုင်းတိုင်းကို စာတင်ထားတယ်လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IPRD Cikha

အိန္ဒိယနိုင်ငံ ထဲ ပိတ်မိနေတဲ့ လူ အချို့ဟာ ချင်းပြည်နယ် ဖလမ်းခရိုင် ကျီးခါးမြို့နယ် ကနေ ပြန်ဝင်လာနိုင်ဖွယ် ရှိတာကြောင့် ကျီးခါးမြို့က ၁၆ ခုတင် ဆန့် တိုက်နယ်ဆေးရုံနဲ့ အားကစားခန်းမကို ကွာရင်တင်းဝင်နိုင်ဖို့ ပြင်ဆင်နေ ရတာဖြစ်တယ်လို့လည်း ဦးနေဇော်အောင်က ပြောပါတယ်။

ဦးနေဇော်အောင်က " ဟိုဘက်မှာ အထပ်ထပ် စစ်ဆေးနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့်စိစစ်ပြီးမှ ကျွန်တော်တို့ဘက်ကို သူတို့ပြန်လွှတ်မှာပါ။ ကျွန်တော်တို့ဘက်ရောက်မယ် ဆိုရင် ကွာရင်တင်း ထားဖို့ နီးစပ်ရာကျေးရွာတွေ နဲ့စီစဉ်ထားပါတယ် " လို့ ပြင်ဆင်ထားမှု အခြေအနေကို သူက ပြောပါတယ်။

ပြန်လာဖို့ စာရင်းပေးထားသူဟာ လူအယောက် တစ်ရာကျော် ရှိနေပြီဖြစ်ပြီးပြန်လာမယ့် လူတွေဟာ ကျီးခါးမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေကလူတွေဖြစ်ပါတယ်။

အိန္ဒိယမြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ နှစ်နိုင်ငံသားတွေဟာ တစ်ဖက်နဲ့တစ်ဖက် ကူးလူးဆက်ဆံတာတွေရှိတဲ့အတွက် အခုပိတ်မိသူတွေဟာ အိန္ဒိယမှာအလုပ်လုပ်ကိုင်ဖို့သွားသူတွေနဲ့ကျမ်းစာသင်ကျောင်းသားတွေအများစုဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IPRD Cikha

ဓာတ်ပုံ ပုံစာ,

ပြန်လာဖို့ စာရင်းပေးထားသူဟာ လူအယောက် တစ်ရာကျော် ရှိနေ

ပြန်လာမယ့်လူတွေအတွက် ကျီခါးမြို့ မိုးလုံလေလုံ အားကစားခန်းမမှာ FacilityQuarantine အတွက် ပြင်ဆင်ထားတယ်လို့ ကျီခါးတိုက်နယ်ဆေးရုံအုပ် ဒေါက်တာ ထန်စံ Than Sang က ပြောပါတယ်။

ဒေါက်တာ ထန်စံ က " အခက်အခဲရှိနိုင်တာက အစုလိုက် အပြုံလိုက် ပြန်လာရင်စားရေးသောက်ရေး အခက်အခဲဖြစ်နိုင်တာပေါ့။ PPE ဝတ်စုံတွေကတော့ တလစာလောက်စုဆောင်းထားတာ ရှိပါတယ်။ ကျီးခါးဆေးရုံက ခုတင် ၁၆ ခုတင်ပဲရှိတယ်။ပြင်ဆင်ထားတယ်ဆိုတာက အမှန်တကယ်ပြန်လာတဲ့ လူတွေမဟုတ်ပဲ အနီးအနားကရွာတွေကနေ ပြန်လာနိုင်တဲ့စာရင်းကို ပြုစုထားတာပါ " လို့ ဘီဘီစီကိုပြောပါတယ်။

ကျီခါး ဘက်ကနေ အိန္ဒိယက ပြန်လည် ဝင်ရောက်လာသူဟာ မေလ တွင်းက ၂၀ယောက်ရှိခဲ့ပြီး အဲဒီ ၂၀ စလုံးမှာ ရောဂါပိုး စစ်ဆေး တွေ့ရှိတာမတွေ့ခဲဘူးလို့ ဦးနေဇော်အောင်က ပြောပါတယ်။

အခု နောက်ဆုံးစာရင်းများအရ ကျီးခါးနဲ့ မြို့ပေါ် အနီးအနားရွာတွေမှာနေထိုင်ပြီး အိန္ဒိယမှာ ပိတ်မိနေသူ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IPRD Cikha

ကျီခါးမြို့ဟာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင်း ပါဝင်ပြီး ပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမှာတည်ရှိကာအိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း က အိန္ဒိယ မြန်မာ ရိခေါလ်ဒါ နယ်စပ်ကနေ ချင်းပြည်နယ်အစိုးရကို ဆက်သွယ်ပြီး ပြန်လည် ဝင်ရောက်လာသူ တွေအားလုံးကို အစိုးရ အစီစဥ်နဲ ကွာရန်တင်းထားရှိပြီး ကိုဗစ် ၁၉ ရောဂါ ရှိမရှိ သိရဖို့အတွက် ဓာတ်ခွဲ နမူနာ တွေယူပြီး စစ်ဆေး မှုများပြုလုပ်လျက်ရှိ တယ်လို့ ချင်းပြည်နယ် အစိုးရ အဖွဲ့ ကဘီဘီစီ ကိုပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့ အထိ အိန္ဒိယ မြန်မာနယ်စပ်ကနေ ပြီး မြန်မာနိုင်ငံထဲ ပြန်ဝင် လာသူ ၅၆ ဦး ရှိပြီးတော့ ရောဂါပိုး တွေ့ သူ မ ရှိသေးဘူးလို့ လည်းချင်းပြည်နယ် အစိုးရက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nu Nill

ဓာတ်ပုံ ပုံစာ,

အိန္ဒိယနယ်စပ် မိုးရေးမြို့

ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီကနေ ပြည်ပနိုင်ငံကနေ တရားမဝင် ပြန်လည် ဝင်ရောက်လာပြီး ဝင်ရောက်ကြောင်း သိလျက်နဲ့ လက်သင့်ခံမယ် ဆိုရင် သက်ဆိုင်ရာတည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန် အသိပေးကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ နာဂလမ်းပြည်နယ်မှာ ကျမ်းစာ သင်ကျောင်းတက်ရောက်ရာကနေ ပြန်လာသူ ချင်းပြည်နယ်က အမျိုးသား (၆) ဦး ဟာမိုးရေးအနောက် ဘက်ခြမ်းတရားမဝင်တောလမ်းက တစ်ဆင့် တမူးမြို့နယ်၊ အူးစူး-သာယာကုန်းအုပ်စုအတွင်း ညအိပ်ဝင်လာကြ ပြီး တမူးမြို့ကိုရောက်နေတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန ကစစ်ဆေးတွေ့ရှိခဲ့ကြပြီးတရားစွဲဖို့ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံ၊ ဘက်က ပြန်လည်ဝင်ရောက်လာမယ့် လူဦးရေ ၁၀၀ကျော်ကို လက်ခံနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။