စစ်တွေ GTC အနီး ရထားလမ်းဘေးမှာ စစ်တပ်ကားမိုင်းခွဲခံရ၊ ဒေသခံအချို့ဒဏ်ရာရတာရှိလို့ဆို

မိုင်း ၂လုံးပေါက်ကွဲခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူတော့မရှိ
ဓာတ်ပုံ ပုံစာ,

မိုင်း ၂လုံးပေါက်ကွဲခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူတော့မရှိ

ရခိုင် ပြည်နယ် မြို့တော် စစ်တွေ မြို့နယ်ထဲက ရေချမ်းပြင်ကျေးရွာအနီးရှိ အစိုးရနည်းပညာတက္ကသိုလ် (GTC) အနီးက ရထားလမ်းမှာ ဒီကနေ့ ဇွန် ၂၇ ရက်နေ့ နေ့လယ် ၂နာရီခွဲခန့်က တပ်မတော်ရဲ့ စစ်ကြောင်းကိုမိုင်းခွဲတိုက်ခံခဲ့ရပြီး အဲဒီ နောက် တပ်ဘက်က ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ စစ်တွေမြို့ခံအချို့ကပြောပါတယ်။

မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့ သိရပါတယ်။

' ' ဖြစ်တဲ့နေရာကလည်း စစ်တွေမြို့အပိုင်ဆိုပေမယ့် မြို့နဲ့က ၇မိုင်နဲ့လောက်လှမ်းတယ်။ အဲဒီရထားလမ်းနားမှာ ရွာတွေရှိတယ်။ မွတ်စလင်ကျေးရွာတစ်ခုလည်းရှိတယ်။ ၂ဦးဒဏ်ရာရသွား တယ်လို့တော့ကြားရတယ်။ ၂ ဦးဆိုတာပဲအတည်ပြုနိုင်ပြီး ဒဏ်ရာပြင်းသလား၊ ဘယ်ရွာကလည်းဆိုတာ အတည်မပြုနိုင်သေးဘူး။ အခုထိအဲဒီဘက်ကိုဆက်သွယ်လို့ရသလောက် တိုက်ပွဲကတော့မဖြစ်ဘူး။ မိုင်းခွဲခံရလို့ အဲနေရာအနီးကို တပ်ကပစ်ခတ်တာလို့ သိရတယ်။ ရွာသားတွေကလည်းပစ်ခတ်သံတွေကြားတော့ ဖုန်းတွေလည်းပိတ်ကုန်ကြတယ်။'' လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး အတွင်းရေးမှူးကိုဇော်ဇော်ထွန်းကပြောပါတယ်။

စစ်တွေမြို့ ရေချမ်းပြင်ရွာအနီးက ရထားလမ်းဘေးမှာ မိုင်း၂လုံးပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ရွာသားအချို့ဒဏ်ရာရတယ်ဆိုတဲ့အကြောင်းကိုတော့ မကြားမိသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ဘီဘီစီကိုပြောပါတယ်။

' ' တပ်ကသွားနေကြလမ်းကြောင်းမှာလာထောင်ထားတာ။ အခုတပ်က နောက်ထပ်ရှင်းတော့ မိုင်း နောက်၃လုံးထပ်တွေ့တယ်။ အဲဒီလမ်းကြောင်းကပုံမှန်သွားနေကြလမ်းကြောင်း။ တစ်လမ်းလုံးက တပ်တွေရှိနေတော့ တပ်ကတောက်လျှောက်သွားနေကြတာ။ လူမရှိတဲ့ ရထားလမ်းဘေးမှာထောင်တာ။''လို့ သူကပြောပါတယ်။

အခင်းဖြစ်ရာနေရာနဲ့ တစ်မိုင်ခန့်အကွာလောက်မှာရှိတဲ့ ကျက်တက်ပြင်ကျေးရွာသားတစ်ဦးက ပေါက်ကွဲသံကြားအပြီးမှာ ပစ်ခတ်သံအများအပြားကိုကြားခဲ့ရတယ်လို့ ဘီဘီစီကို အတည်ပြု ပါတယ်။

' ' ပစ်ခတ်သံက အချက် ၂၀လောက်ရှိတယ်။ အဲ့နားကကပ်နေတဲ့ မွတ်စလင်ရွာကတစ်ယောက်တော့ ထိသွားတယ်လို့ကြားတယ်။''လို့လည်းသူကပြောပြပါတယ်။

လတ်တလောမှာ စစ်တွေ - ရေချမ်းပြင်ကားလမ်းကိုလည်း ပိတ်ထားလိုက်တယ်လို့ စစ်တွေမြို့ခံတွေထံကသိရပါတယ်။

' ' လူထုကတော့စိုးရိမ်တာပေါ့။ အေအေကလည်းအရပ်သားလိုရောပြီးနေထိုင်ပြီးလုပ်နေတော့ တပ်က လည်းဘာမှလုပ်လို့မရ။ သတင်းအတိအကျမရရင် ဘာမှလုပ်လို့မရဘူးဖြစ်နေတာ ပေါ့။''လို့ အစိုးရရုံးစိုက်ရာ စစ်တွေမြို့အပိုင် ကျေးရွာတွေအထိ ပေါက်ကွဲမှုတွေရှိလာတဲ့အပေါ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ကပြောပြပါတယ်။