ဗိုလ်ချုပ်ပုံသုံးပြီးမဲမဆွယ်ရေးအချက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ သဘောတူညီမှုမရ

ဗိုလ်ချုပ်ပုံရိပ်ကို သုံးပြီးမဲမဆွယ်ဖို့ ပါတီအချို့တောင်းဆို
ဓာတ်ပုံ ပုံစာ,

ဗိုလ်ချုပ်ပုံရိပ်ကို သုံးပြီးမဲမဆွယ်ဖို့ ပါတီအချို့တောင်းဆို

အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်ကိုအသုံးပြုပြီး မဲမဆွယ်ရဆိုတဲ့အချက်ကို ရွေးကောက် ပွဲဆိုင်ရာကျင့်ဝတ်မှာထည့်သွင်းရေးကို ဇွန် ၂၇ ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံပွဲမှာထပ်မံဆွေးနွေးခဲ့ပေမဲ့ ကော်မရှင်ဘက်က သဘောမတူခဲ့ဘူး လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဘီဘီစီကိုပြောပါ တယ်။

ဆွစ်ဇာလန်သံရုံးကနေ ကြီးမှူးပြီး ၇လကြာပြုလုပ်ဆွေးနွေးခဲ့ကြတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေ သဘောတူလက်မှတ်ထိုးပွဲကို ဇွန်၂၆ ရက်နေ့ကပြုလုပ်ခဲ့ပေမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက် ရေးပါတီအပါအဝင် ပါတီ ၂၀ကျော်က လက်မှတ်မထိုးခဲ့ကြပါဘူး။

လက်မှတ်ရေးထိုးပွဲမတိုင်ခင် ရွေးကောက်ပွဲကျင့်ဝတ်ကို ပြုစုရေးဆွဲတဲ့စဉ်က အမျိုးသားခေါင်းဆောင်ပုံရိပ် ကိုအသုံးပြုပြီးမဲမဆွယ်ဖို့တဲ့အချက်ထည့်ဖို့ကို မဲခွဲ ဆုံးဖြတ်တဲ့အခါ သုံးပါတီက ကန့်ကွက်ပြီး၊ တစ်ပါတီကကြားနေနဲ့ထောက်ခံတဲ့ပါတီက ၁၂ပါတီရှိခဲ့တယ်လို့သိရပါတယ်။

' ' ဒါကို COC ပြီးသွားလည်း ဒီအချက်လေးကိုပါ အကျုံးဝင်ပါတယ်ဆိုပြီးထည့်ပေးရင်တော့ ကျွန်တော်တို့ လက်မှတ်ထိုးပေးပါမယ်ဆိုတာကို မထည့်ပေးတော့လက်မှတ်မထိုးတာပေါ့။ မြန်မာနိုင်ငံမှာကအမျိုးသား ခေါင်းဆောင်ပုံရိပ်က လူထုအကြားရှိပြီးသား။ ဒါကြောင့် သမာသမတ်ကျကျယှဉ်ပြိုင်မယ်ဆိုရင်တော့ မသုံးသင့်ဘူးလို့ ယူဆလို့ ဒီအချက်ကိုတောင်းဆိုတာပါ။'' လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။

ဒီအချက်အပြင် ယခင် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကျင့်ဝတ်မှာ ခွင့်ပြုခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေက ခွင့်ပြုရင် ပါတီတွေအနေနဲ့ လူထုနဲ့တွေ့ဆုံပွဲတွေ လုပ်လို့ရတယ်ဆိုတဲ့ အချက်ကိုလည်း ပယ်ဖျက်လိုက်တဲ့အပေါ် တိုင်းရင်းသားပါတီအများစုက ကန့်ကွက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။

' ' တိုင်းရင်းသားပါတီတွေ တော်တော်များများက ကန့်ကွက်တယ်။ သူတို့တောင်ပေါ်တွေမှာက ဘာသာရေး အဆောက်အအုံတွေပဲရှိတာ။ လူအများနဲ့တွေ့မယ်၊ရပ်ရွာတွေစုဝေးမယ်ဆိုရင် ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေမှာပဲလုပ်ရတာ။ ပြီးခဲ့တဲ့ ၂၀၁၀ ၂၀၁၅တွေလိုပဲ ခွင့်ပြုပေးဖို့ပြောပေမဲ့ လက်မခံခဲ့ဘူး''လို့လည်း ဦးလှသိန်းကဆက်လက် ပြောပြပါတယ်။

ဒီအချက်ကိုတော့ ဘာသာရေးဆိုင်ရာအဆောက်အအုံအချို့မှာ စုဝေးဟောပြောခွင့်ကို ပါတီတချို့ကို သာလက်ခံပြီးအချို့သောပါတီကိုတော့လက်မခံတာတွေရှိတဲ့အတွက် ပယ်ဖျယ်ခဲ့တာလို့ ကော်မရှင်ဘက်ကပြန်လည်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့နိုင်ငံရေးပါတီ ၉၀ကျော်ရှိတဲ့အထဲမှာ ပါတီ ၆၀ကျော်က အသစ်ရေးဆွဲပြုစုခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို ပါဝင်လက်မှတ်ရေး ထိုးထားကြပါတယ်။

' 'နိုင်ငံတော်အထိမ်းအမှတ်များစီရင်ကျင်းပခွင့်ကန့်သတ်တဲ့ဥပဒေပါအတိုင်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေရုပ်ထုတွေမှတ်တမ်းတွေကို သာမန်လူတွေကယူပြီး သုံးစွဲခွင့်မပြုဘူး။ နိုင်ငံတော်အစိုးရကနေ သတ်မှတ်ထားတယ်။ ဒါကြောင့် မသုံးသင့်ဘူး''လို့ ရွေးကောက်ပွဲ ကျင့်ဝတ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတဲ့ NDFပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေကလည်း သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ရွေးကောက်ပွဲကျင့်ဝတ်ပါအချက်တွေဟာ တရားဥပဒေတစ်ခုအအနေနဲ့ ထုတ်နုတ်ကိုးကားပြီး စွဲဆိုခြင်း မပြုရဘူးလို့သတ်မှတ်ထားပြီး လိုက်နာ နားလည်ရမယ့်ကျင့်ဝတ်သိက္ခာအဖြစ်သာ သတ်မှတ်ထား တာဖြစ်တယ်လို့လည်းသိရပါတယ်။